သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည့်နေအိမ်နှင့် အသတ်ခံခဲ့ရသူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ဧရာဝတီတိုင်းရဲတပ်ဖွဲ့)

မြောင်းမြမြို့ တောင်ကလေးကျေးရွာ အုပ်စု တောင်ကလေးကျေးရွာတွင် ဒီဇင်ဘာ  ၁၀ ရက် ညနေ ၃ နာရီခွဲခန့်က လင်မယားချင်း စကားများရာမှတစ်ဆင့် အမျိုးသားဖြစ်သူက ဇနီး၊ ယောက္ခမ၊ တူဖြစ်သူနှင့် ခယ်မတော်စပ်သူတို့အား ဓားဖြင့်ခုတ်ပိုင်းခဲ့ပြီး သုံးဦး နေရာတွင် သေဆုံးကာ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့တွင် တောင်ကလေးရွာရှိ ဦးသန်းဇော် (၄၅ နှစ်) ၏ နေအိမ် တွင် ဇနီးဖြစ်သူ မတင်တင်စန်းနှင့်အတူ ကွမ်းရွက်များစီနေစဉ် လင်မယားချင်း စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ စကားများရန်ဖြစ်ရာမှတစ်ဆင့် ဦးသန်းဇော်မှာ အနီးရှိဓားမဖြင့် မတင်တင်စန်းအား သေစေသည်အထိ ခုတ်ပိုင်းခဲ့ကြောင်း၊ မတင်တင်စန်းမှာ ဓားဖြင့်အခုတ်ခံနေရစဉ် အော်ဟစ် အကူအညီ တောင်းခံခဲ့သောကြောင့် မတင်တင်စန်း၏ မိခင်ဖြစ်သူ ဒေါ်ခင်ရီမှ လာရောက်ခဲ့သည်ကို ဦးသန်းဇော်က ဒေါ်ခင်ရီကိုပါ ထပ်မံခုတ်ပိုင်းခဲ့ပြီး ဖျန်ဖြေရန် ထပ်မံလာရောက်ခဲ့သည့် ဒေါ်ခင်ရီ၏ ချွေးမတော်စပ်သူ မစန္ဒာဦးကိုပါ ထပ်မံ ဓားဖြင့်ခုတ်ပိုင်းခဲ့ကြောင်း၊ ယင်းနောက် နေအိမ်ခြံဝင်းအတွင်း၌ လာရောက်ဆော့ကစားနေသည့် တူတော်စပ်သူ မောင်လင်းလင်းထိုက်ကိုပါ ဓားမဖြင့် ထပ်မံခုတ်ပိုင်းခဲ့ကြောင်း၊ ဓားဖြင့် အခုတ်ခံရသူများအနက် မတင်တင်စန်း၊ ဒေါ်ခင်ရီနှင့် မောင်လင်းလင်းထိုက်တို့မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး မစန္ဒာဦးမှာ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး မြောင်းမြ ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံနေရကြောင်း သိရသည်။

“ညနေ ၃ နာရီခွဲလောက်က သတင်းကြားတော့ ကျွန်တော်လိုက်သွားတယ်။ လင်မယားချင်းရန်ဖြစ်ပြီးတော့ သူက သူ့မိန်းမရော၊ သူ့ယောက္ခမရော၊ သူ့မိန်းမ ညီမရော၊ သူ့တူရောကို ခုတ်သတ်တာ၊ သူ့မိန်းမညီမကတော့ မသေဘူး။ ၅ နာရီလောက်မှာ ဆေးရုံပို့လိုက်ကြတယ်။ ကျန်တဲ့သုံးယောက်စလုံးကတော့ မြင်မကောင်းဘူး။ အကုန်ပွဲချင်းပြီးပဲ။ ပြီး တော့ ရဲတွေရော လူကြီးတွေရောရောက်လာပြီး စစ်ဆေးနေတယ်။ လုပ်တဲ့ကောင်က လပွတ္တာဘက်က ဇာတိ။ အခုထွက်ပြေးနေတယ်။ သူ့ကိုဖမ်းဖို့ဆိုပြီး ရွာသားတွေရော ရဲတွေရောက ပိတ်ဆို့ပြီး လိုက်ရှာနေတာပဲ။ အခုထိတော့ ဖမ်းမမိသေးဘူး။ (ည ၈ နာရီ ၁၅ မိနစ်အချိန်ထိ)၊ အခု ခရိုင်ရဲမှူးရော လူကြီးတွေရော အများကြီးရောက်နေတယ်” ဟု တောင်ကလေးကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ခံ ဦးစိုးနိုင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြောင်းမြမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တရားခံကို ဖမ်းဆီးရမိရေးအတွက် စခန်းရှိတာဝန်ရှိသူများကိုယ်တိုင် နယ်ကွင်းဆင်း လုပ်ဆောင်နေကြောင်း၊ ယခုအချိန်ထိ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးသော်လည်း နယ်မြေအားလုံး ပိတ်ဆို့ရှာဖွေနေသောကြောင့် တာဝန်ရှိသူများ ပြန်လည်ရောက်ရှိချိန်တွင် သတင်းအပြည့်အစုံအား ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း တာဝန်ကျရဲအရာရှိက ပြန်လည် ဖြေကြားသည်။

အဆိုပါဖြစ်စဉ်အား မြောင်းမြမြို့မရဲစခန်းက (ပ) ၆၂၇/၂၀၁၇ ပြစ်မှုပုဒ်မ ၃၀၂၊ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မြောင်းမြမြို့ တောင်ကလေးကျေးရွာတွင် လင်မယားချင်း စကားများရာမှ သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွား
December 11th, 2017