နိုင်ငံတော်လုံခြုံရေး သဘောတရား

နိုင်ငံတော်လုံခြုံရေး သဘောတရား
Published 8 September 2017

နိုင်ငံတော်လုံခြုံရေး သဘောတရားဟူသည် အစိုးရအဖွဲ့တစ်ရပ် အနေဖြင့် လွှတ်တော်များနှင့်အတူ နိုင်ငံတော်နှင့် နိုင်ငံသားများကို နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေး အစရှိသော စွမ်းအားအာဏာ အမျိုးမျိုးမှတစ်ဆင့် အမျိုးသားဆိုင်ရာ အကျပ်အတည်းများနှင့် ပဋိပက္ခများ အမျိုးအစား အားလုံးမှနေ၍ ကာကွယ်စောင့်ရှောက်ပေးရမည် ဟူသည့် သဘောတရားဖြစ်သည်။ ယင်းသဘောတရားသည် ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန် ပြည်ထောင်စု၏ ပြည်နယ်အားလုံးတွင် စတင်ဖွံ့ဖြိုးလာသည့် သဘောတရားဖြစ်သည်။ အစောပိုင်းတွင် စစ်အင်အားအပေါ်၌သာ အဓိကထားသော်လည်း ယခုအခါ အတိုင်းအတာ ကျယ်ပြောလှသည့် မျက်နှာစာအသီးသီး ပါဝင်၍လာသည်။ စစ်ရေးမဟုတ်သော မျက်နှာစာ၌ နိုင်ငံတော် စီးပွားရေး လုံခြုံမှုနှင့် တစ်မျိုးသားလုံးက ထောက်ခံအားပေးထားသော စံတန်ဖိုးများကို ကာကွယ်စောင့်ရှောက်ရေးက အဓိကပါဝင်သည်။

နိုင်ငံတော်လုံခြုံရေးကို ပိုင်ဆိုင်နိုင်ရန်အတွက် နိုင်ငံတစ်နိုင်ငံအနေဖြင့် စီးပွားရေးလုံခြုံမှု၊ စွမ်းအင်လုံခြုံမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံမှု အစရှိသည်တို့ကို ပိုင်ဆိုင်ရန် လိုအပ်သည်။ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများထဲတွင် အခြားနိုင်ငံများ ကဲ့သို့သော အစဉ်အလာအားဖြင့် ရှိနေသည့် ရန်သူများအပြင် နိုင်ငံအနေဖြင့် မဟုတ်သော အကြမ်းဖက်များ၊ မူးယစ်ဆေးဂိုဏ်းများ၊ နိုင်ငံပေါင်းစုံပါဝင်သည့် အဖွဲ့များနှင့် အစိုးရမဟုတ်သည့်အဖွဲ့များလည်း ပါဝင်သည်။ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများကို ဖြစ်စေသည့် သဘာဝဘေးအန္တရာယ်များနှင့် ဖြစ်ရပ်များသည်လည်း ခြိမ်းခြောက်မှုများထဲ၌ ပါဝင်သည်။

နိုင်ငံတော်လုံခြုံရေး အာမခံချက်ရှိအောင် ပြုလုပ်ရန်နည်းလမ်းများ၌ အထီးကျန်မဖြစ်စေရန် မဟာမိတ်ဖွဲ့ရေးအတွက် သံတမန်ရေးရာကို အသုံးပြုခြင်း၊ ပူးပေါင်းဆောင်ရွက်မှု၌ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် သို့မဟုတ် အထောက်အကူပြုအောင် စီးပွားရေးပါဝါ ထူထောင်ခြင်း၊ ထိရောက်သည့် လက်နက်ကိုင်တပ်များရှိအောင် ထိန်းသိမ်းထားခြင်း၊ (အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ဥပဒေပြုရေး အပါအဝင်) အရပ်ဘက် ကာကွယ်ရေးနှင့် အရေးပေါ် အခြေအနေရပ်များဆိုင်ရာ ပြင်ဆင်မှုများ အကောင်အထည်ဖော်ခြင်း၊ ဒဏ်ခံနိုင်ရည်ရှိပြီး အပိုအရန်အဖြစ်ရှိသည့် အရေးကြီးသည့် အခြေခံအဆောက်အအုံများ ရှိနေခြင်း၊ ခြိမ်းခြောက်မှုများနှင့် သူလျှိုလုပ်မှုများကို စုံစမ်းထောက်လှမ်းရန် သို့မဟုတ် ချေမှုန်းရန် သို့မဟုတ် ရှောင်ရှားနိုင်ရန်နှင့် အရေးကြီးသော အချက်အလက်များကို ကာကွယ်ရန် စုံစမ်း ထောက်လှမ်းရေးဌာနများကို အသုံးပြုခြင်းနှင့် ပြည်တွင်းခြိမ်းခြောက်မှုများမှနေ၍ နိုင်ငံတော်ကို ကာကွယ်ရန် တန်ပြန်စုံစမ်းထောက်လှမ်းမှုဌာနများ သို့မဟုတ် လျှို့ဝှက်ရဲတပ်ဖွဲ့များ ထားရှိခြင်းတို့ ပါဝင်သည်။

အမှန်တကယ်၌ နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးက လက်ခံထားသည့် တစ်ခုတည်းသော အဓိပ္ပာယ်သတ်မှတ်ချက် မရှိပေ။ အဓိပ္ပာယ် သတ်မှတ်ချက် အမျိုးမျိုးသည် နိုင်ငံတော်လုံခြုံရေး သဘောတရားနှင့်ပတ်သက်၍ အသုံးအနှုန်းများစွာတို့အပေါ် သုံးသပ်ချက်တစ်ရပ်ကို ပေးနိုင်သည်။ စစ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုမှနေ၍ လွတ်လပ်ခွင့်ကို အဓိကထားသည့် အစောပိုင်းသဘောတရားကို အခြေခံသော ပိုမိုရိုးရှင်းသည့် အဓိပ္ပာယ် သတ်မှတ်ချက်ဖြစ်သော နိုင်ငံတော်လုံခြုံရေးဟူသည့် သဘောတရားသည် အဓိပ္ပာယ် အမျိုးမျိုး ဆောင်နေဆဲဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ အကျပ်ကိုင်မှု အပါအဝင် စစ်ရေးနှင့် မဆိုင်သော လုံခြုံရေးကိစ္စအမျိုးမျိုးသည် အချိန်နှင့်အမျှ တိုးပွားလာနေဆဲဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို ခြိမ်းခြောက်မှု အမျိုးမျိုးမှနေ၍ ကာကွယ်စောင့်ရှောက်ပေးရန် အစိုးရအဖွဲ့နှင့်တကွ လွှတ်တော်များ၌ တာဝန်ရှိသည်ဟူသည့် သဘောတရားသည် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ သဘောတရားဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာလ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent