စတိတ်မန်းဟု ခေါ်ဆိုသည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်

စတိတ်မန်းဟု ခေါ်ဆိုသည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်
Published 5 October 2018

ကမ္ဘာပေါ်တွင် ထင်ရှားသော နိုင်ငံ့ခေါင်းဆောင်တို့ များစွာရှိခဲ့သည်။ သို့သော် ကမ္ဘာကြီးအနေဖြင့် စတိတ်မန်း ခေါ် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ဟု အမှန်တကယ် ထင်မြင်ယူဆခံရသူ မည်မျှရှိသနည်း။ မကြာသေးမီကာလကို ပြန်ကြည့်လျှင် ကင်မရွန်းမှသည် အိုဘားမားအထိ၊ မာကယ်မှသည် အော်လွန်းအထိ မည်သည့်နိုင်ငံရေးသမားအား စတိတ်မန်းဟု ခေါ်ဆိုနိုင်ပါသနည်း။

စတိတ်မန်းဟူသည် အာဏာစြင်္ကံလမ်းဆီသို့ လျှောက်လှမ်းလာနိုင်သည့် ရွေးကောက် တင်မြှောက်ခံရသူသက်သက် မဟုတ်ပေ။ ၎င်းတို့၏ နှလုံးသားထဲ၌ ပြည်သူများအတွက် စိုးရိမ်ပူပန်မှု မရှိသူကို စတိတ်မန်းဟု ခေါ်ဆိုနိုင်ပါမည်လား။ အငြင်းပွားစရာများ၏ ဗဟိုချက်၌ ရှိနေသောသူအား စတိတ်မန်းဟု ခေါ်ဆိုနိုင်ပါမည်လား။ နိုင်ငံရေးသမားများသည် ပုံပြောကောင်းသူများ ဖြစ်ကြသည်ဟု အချို့က ဆိုကြသည်။ လက်ရှိဖြစ်ပေါ်နေသော အဆင်မပြေမှုများ ပြောင်းလဲကာ ပြေလည်သွားလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ပြည်သူများက နိုင်ငံရေးသမားများကို မဲပေးခဲ့ကြသည်။ သို့သော် နိုင်ငံရေးသမားအချို့သည် အာဏာကို ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်သည့် အရာအဖြစ် မှတ်ယူကာ ကိုယ်ကျိုးအတွက်သာ အသုံးချခဲ့ကြသည်။ ၎င်းတို့သည် အမှန်တကယ် မရှိသော အရာများကို အမှန်တကယ် ရှိသည် သို့မဟုတ် အမှန်တကယ် ဖြစ်လာမည်ဟု အာပေါင်အာရင်းသန်သန် ပြောဆိုနေသော မျက်လှည့်ဆရာများထက် ဘာမျှမပိုပေ။ ၎င်းတို့သည် ပြည်သူများက မှားယွင်းဘာသာပြန်မိသော စာကြောင်းများသဖွယ် ဖြစ်၍နေသည်။

စတိတ်မန်းဟူသည် ပြည်သူများ၏ ကောင်းကျိုးချမ်းသာအ၀၀ကို မြှင့်တင်ပေးရန် ကြိုးပမ်းသူများသာ ဖြစ်သည်။ စတိတ်မန်းတစ်ဦးသည် နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ရန်အတွက် လိုအပ်သော သမာဓိ၊ ခေါင်းဆောင်မှုနှင့် အရည်အသွေးများ ရှိသူအဖြစ် အသိအမှတ်ပြု ခံရသူကား ဖြစ်သည်။ ကမ္ဘာပေါ်တွင် စတိတ်မန်းများ တစ်နေ့တခြား နည်းပါး၍ လာနေသည်ဟုသာ ဆိုနိုင်သည်။ ဘာရှားအယ်အာဆတ် သို့မဟုတ် ဗလာဒီမာပူတင်တို့အား အာဏာရှင်ဆန်သော အုပ်ချုပ်မှုပုံစံကြောင့် အများက ဝေဖန်ကြသည်။ သို့သော် အမှန်တကယ်၌ကား ၎င်းတို့သည် ပြည်သူများအားလုံး၏ ဘုံအကျိုးစီးပွားကို ဆောင်ရွက်မပေးနိုင်သောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ ရိုးသားမှု သို့မဟုတ် ဖြောင့်မတ်တည်ကြည်မှု မရှိသူကို မည်သူမျှ စတိတ်မန်းဟု သတ်မှတ်မည် မဟုတ်ပါ။ စတိတ်မန်းတို့မည်သည် ပြည်သူများ၏ ဘုံအကျိုးစီးပွားကိုသာ ရှေးရှုပြီး အာဏာ၏ အဆောင်အယောင် အဆင်တန်ဆာအားလုံးကို ပြည်သူတို့၏ အကျိုးအတွက် စွန့်လွှတ်ကြသူများ ဖြစ်သည်။ ၎င်းတို့သည် ပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် မိမိတို့၏ ကိုယ်ကျိုးများကို စွန့်လွှတ်ခဲ့ကြသူများသာမက လိုအပ်ပါက အာဏာကိုပင် စွန့်လွှတ်ရန် ဝန်မလေးသူများ ဖြစ်ကြသည်။ ယင်းအချက်များကြောင့်ပင်လျှင် ၎င်းတို့သည် စတိတ်မန်းဟု ခေါ်ဆိုထိုက်သူများ ဖြစ်လာကြသည်။

ဤနေရာတွင် အချို့က ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ အာဏာရယူထားခဲ့သော ဥရုဂွေးနိုင်ငံ၏ ၄၀ ဦးမြောက်သမ္မတ ဟိုဆေးပီပီမူဂျီကာ၏ သမ္မတအဖြစ် နေထိုင်မှုပုံစံကို နမူနာပေးကြသည်။ မူဂျီကာသည် မြို့တော်အနီး တောပိုင်း၌ ကိုယ်ပိုင်အဖြစ် အိမ်ငယ်လေးတစ်လုံးမျှသာ ရှိသည်။ ကိုယ်ပိုင်ကားအဖြစ် Beetle ကားတစ်စီးသာ ရှိသည်။ အလွန်ရိုးရှင်းစွာ ဝတ်ဆင်တတ်ပြီး နိုင်ငံတကာအခမ်းအနားများသို့ လာလျှင်ပင် ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ သူ ရရှိသည့် လခများ၏ ရာခိုင်နှုန်း ၉၀ ကို ပရဟိတအဖွဲ့များနှင့် အခြားအဖွဲ့အစည်းများတို့ ပုံမှန်လှူဒါန်းသူဖြစ်သည်။ သမ္မတအဖြစ် ထမ်းဆောင်စဉ် ၎င်း၏ လုံခြုံရေးအတွက် အိမ်တော်တွင် ရဲကားငယ်တစ်စီးသာ ထားရှိသည်။ အာဏာသည် လူအများစုကို ယစ်မူးစေတတ်သည်သာ ဖြစ်၏။ သို့သော် စတိတ်မန်းလား၊ ပုံပြောကောင်းသည့် နိုင်ငံရေးသမားလားဟူသည် ပြည်သူများရှေ့၌ တစ်နေ့တခြား ပုံပေါ်လာမည်သာ ဖြစ်သည်။ ၎င်းအပြင် သမိုင်းဟူသည် ကမ္ဘာတည်သရွေ့ တည်ရှိနေမည့် အရာဖြစ်ကြောင်း မျက်တောင်မွေးတစ်ထောက်သာ ရှိနေသကဲ့သို့ ပြုမူနေသူများ အထူးသတိထားရန် လိုသည်။

ထို့ကြောင့် မိမိ၏ ရုပ်ပုံလွှာသည် ပြည်သူများ၏ရှေ့၌လည်းကောင်း၊ ကမ္ဘာကြီး၌လည်းကောင်း မည်ကဲ့သို့ ပုံပေါ်ကျန်ရစ်မည်ကို နိုင်ငံရေးသမားများအနေဖြင့် အထူးသတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent