အချုပ်အခြာအာဏာ၏ လက္ခဏာရပ်နှင့် အမျိုးအစား

အချုပ်အခြာအာဏာ၏ လက္ခဏာရပ်နှင့် အမျိုးအစား
Published 26 September 2018

ပြင်ပမှ မည်သည့်ထိန်းချုပ်မှု ပုံစံမျှမရှိဘဲ မိမိ၏ နယ်မြေပိုင်နက်အတွင်း မိမိ၏ ပြည်တွင်းရေးများနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ အမြင့်ဆုံး အာဏာပိုင်ခွင့်ကို ကျင့်သုံးရန် နိုင်ငံတစ်နိုင်ငံ၏ အကြွင်းမဲ့အာဏာကို အချုပ်အခြာအာဏာဟု ခေါ်ဆိုသည်။ ထို့ကြောင့် အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်နိုင်ငံသည် မည်သည့်ပြင်ပသြဇာ သက်ရောက်မှုမျှမပါဘဲ မိမိ၏နယ်မြေအတွင်း ဥပဒေများကို ချမှတ်ကျင့်သုံးရန် အကြွင်းမဲ့အာဏာ ရှိသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်မှုကို ကျင့်သုံးသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ကိုလည်း အချုပ်အခြာအာဏာဟု ခေါ်ဆိုသည်။ အချုပ်အခြာအာဏာနှင့်ပတ်သက်၍ ပထမဆုံး ခေတ်သစ်သဘောတရားကို ပြင်သစ်နိုင်ငံရေး တွေးခေါ်ရှင် ယန်းဘော်ဒင်က ၁၅၃၀ မှ ၁၅၉၆ ခုနှစ်အတွင်း မိတ်ဆက်ပေးခဲ့သည်။ ယင်းကို ယနေ့ခေတ်တွင် နိုင်ငံရေးသိပ္ပံပညာရှင်များဖြစ်သော ဟော်ဘီ၊ ဂရိုတီးယက်၊ လော့က်၊ ဘန်သမ်၊ ရိုဆူး၊ ဂျွန်အော်စတင်နှင့် အခြားအများအပြားတို့က နိုင်ငံရေးသီအိုရီအဖြစ် ပြောင်းလဲပေးခဲ့သည်။

အချုပ်အခြာအာဏာ၏ လက္ခဏာရပ်များမှာ အမြဲဖြစ်ခြင်း (အမြဲတမ်းအချုပ်အခြာ အာဏာသည် နိုင်ငံတည်နေသရွေ့ တည်ရှိသည်။ အစိုးရအဖွဲ့နှင့် ၎င်း၏အရာရှိများ ပြောင်းလဲသွားနိုင်သော်လည်း အချုပ်အခြာအာဏာသည် မပြောင်းမလဲတည်ရှိသည်)၊ ခွဲခြမ်း၍မရနိုင်ခြင်း (အမြင့်ဆုံးဖြစ်သော၊ အကြွင်းမဲ့ဖြစ်သော၊ နောက်ဆုံးဖြစ်သော၊ အထက်စီးဆန်သော အချုပ်အခြာအာဏာသည် ခွဲခြမ်း၍သော်လည်းကောင်း၊ မျှဝေ၍သော်လည်းကောင်း မရပေ)၊ လွှဲပြောင်း၍မရနိုင်ခြင်း (အချုပ်အခြာအာဏာကို လွှဲပြောင်းပေးလိုက်ပါက ပြန်လည်ရရှိနိုင်ခြင်း မရှိသောကြောင့် ယင်းသည် စွန့်ပစ်၍သော်လည်းကောင်း၊ လွှဲပြောင်း၍သော်လည်းကောင်း မရပေ)၊ အကြွင်းမဲ့ဖြစ်ခြင်း (နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ကန့်သတ်ထားမှုမရှိပေ။ ခေတ်သစ်အချုပ်အခြာ အာဏာပိုင် နိုင်ငံများတွင် အမိန့်အာဏာများ ထုတ်ပြန်ပြီး ယင်းကို ယင်းပိုင်နက်နယ်မြေအတွင်းရှိ  နိုင်ငံသားများအားလုံးနှင့် အဖွဲ့အစည်းများအားလုံး လိုက်နာရပြီး အခြားမည်သည့်နေရာက အမိန့်အာဏာကိုမှ လိုက်နာရန် မလိုပေ)၊ ပြည်ပထိန်းချုပ်မှု ကင်းမဲ့ခြင်း (နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် မည်သည့်ပြည်ပ ထိန်းချုပ်မှုမျှမရှိဘဲ ၎င်း၏ ပိုင်နက်အတွင်း တရားစီရင်မှု၌ အမြင့်ဆုံးဖြစ်သည်) နှင့် ပြီးပြည့်စုံခြင်း (နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နယ်ပယ်အတိုင်းအတာ ကျယ်ပြောပြီး နယ်မြေပိုင်နက်အတွင်း တရားစီရင်ပိုင်ခွင့်အတွင်းရှိ လူအားလုံး၊ အုပ်စုအားလုံးအပေါ် လွှမ်းခြုံသည်) တို့ဖြစ်ကြသည်။

အချုပ်အခြာအာဏာအမျိုးအစားများမှာ နိုင်ငံရေးအချုပ်အခြာအာဏာ (ယင်းအမျိုးအစားသည် ၎င်းတို့၏ ရွေးချယ်မှုအရ အစိုးရတစ်ရပ်ကို ဖွဲ့စည်းရန် ပြည်သူများ၌ မြှုပ်နှံထားသည့် အမြင့်ဆုံးအာဏာ ဖြစ်သည်။ ၎င်းတို့ ကိုယ်စားပြုစေရန် လိုလားသူအား မဲပေးရွေးချယ်ခြင်းမှတစ်ဆင့် ယင်းအာဏာကို ပြည်သူများက ကျင့်သုံးသည်)၊ ဥပဒေရေးရာ အချုပ်အခြာအာဏာ (ယင်းအမျိုးအစားကို သက်ဆိုင်ရာနိုင်ငံတစ်ခုအတွင်း ဥပဒေများ ချမှတ်ကျင့်သုံးရန် အသုံးပြုသည်။ နိုင်ငံတစ်နိုင်ငံ၏ ဥပဒေများကို ချမှတ်ကျင့်သုံးသည့်အဖွဲ့အား ဥပဒေရေးရာ အချုပ်အခြာအာဏာပိုင်အဖွဲ့ဟု ခေါ်ဆိုသည်)၊ ပြည်ပရေးရာ အချုပ်အခြာအာဏာ (ပြည်ပမှ စွက်ဖက်မှုမပါဘဲ နိုင်ငံရေးရာများကို ဆောင်ရွက်နိုင်သည့် နိုင်ငံတော်၏ အမြင့်ဆုံးအာဏာဖြစ်သည်။ တန်းတူညီမျှမှုနှင့် သွေးစည်းညီညွတ်မှုအပေါ် အခြေခံလျက် နိုင်ငံခြားဆက်ဆံရေးကို နိုင်ငံတစ်နိုင်ငံအနေဖြင့် ဆောင်ရွက်ပိုင်ခွင့်ရှိသည်)၊ ပြည်တွင်းရေးရာအချုပ်အခြာအာဏာ (၎င်း၏ နယ်မြေပိုင်နက်အရ တရားစီရင်ပိုင်ခွင့်အတွင်း ဥပဒေများကို ချမှတ်ကျင့်သုံးနိုင်သည့် နိုင်ငံတော်၏ အမြင့်ဆုံးအာဏာဖြစ်သည်)၊ တရားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ လက်တွေ့ဆောင်ရွက်နေသည့် အချုပ်အခြာအာဏာ (အကျပ်ကိုင်ခြင်းကို အသုံးပြုမှုမှတစ်ဆင့် ရယူထားသည့် အချုပ်အခြာအာဏာ ဖြစ်သည်။ ယင်းကို De facto ဟုခေါ်ပြီး ကျူးကျော်ဝင်ရောက်ခြင်း သို့မဟုတ် တော်လှန်ရေးမှတစ်ဆင့် တရားဝင်အာဏာကို အဖွဲ့တစ်ဖွဲ့က လွှဲယူထားခြင်း ဖြစ်သည်) နှင့် တရားဝင်အချုပ်အခြာအာဏာ (ယင်းသည် အင်အားသုံးမှုနှင့် ဆန့်ကျင်ပြီး ဥပဒေနှင့်အညီ ရယူထားသည့် အချုပ်အခြာအာဏာဖြစ်သည်) တို့ ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ပြင်ပမှ မည်သည့်ထိန်းချုပ်မှုပုံစံမျှမရှိဘဲ မိမိ၏ နယ်မြေပိုင်နက်အတွင်း မိမိ၏ ပြည်တွင်းရေးများနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ အမြင့်ဆုံး အာဏာပိုင်ခွင့်ကိုကျင့်သုံးရန် နိုင်ငံတစ်နိုင်ငံ၌ အချုပ်အခြာအာဏာပိုင်ခွင့်ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၂၆ ရက်နေ့ထုတ် The  Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent