ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာ

ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာ
Published 25 September 2018

ရာဇဝတ်မှုကျူးလွန်သူ၏ စိတ်ဆန္ဒများ၊ အတွေးများ၊ ရည်ရွယ်မှုများနှင့် တုံ့ပြန်မှုများအပြင် ရာဇဝတ်မှုဆိုင်ရာ အမူအကျင့်၌ ပါဝင်သည့် အရာများအားလုံးကို လေ့လာသည့် ဘာသာအား ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာဟုခေါ်သည်။ ယင်းသည် တစ်စုံတစ်ဦးအား ပြစ်မှုကျူးလွန်စေသည့် အရာကိုသာမက ပြစ်မှုကျူးလွန်ပြီးနောက်နှင့် ထွက်ပြေးနေစဉ် သို့မဟုတ် တရားရုံး၌ အမှုရင်ဆိုင်စဉ် တုံ့ပြန်မှုများကိုပါ နက်ရှိုင်းစွာ လေ့လာသည်။ ပြစ်မှုကျူးလွန်သူ၏ စိတ်အခြေအနေကို တရားသူကြီးအနေဖြင့် နားလည်နိုင်ရေး၌ အထောက်အကူပြုစေရန် ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာရှင်များကို သက်သေထွက်ဆိုသူအဖြစ် တရားရုံးက ခေါ်ယူတတ်သည်။ ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာ၏ ဖခင်တစ်ဦးဟု ခေါ်ဆိုနိုင်သည့် ဗြိတိန်ပညာရှင် လိုင်အိုနယ်ဟာဝက်က ၁၉၈၁ ခုနှစ်တွင် စိတ်ပညာရှင်များ အနေဖြင့် ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပရော်ဖက်ရှင်နယ်အရ ပါဝင်နိုင်သည့် နည်းလမ်းလေးမျိုးကို ဖော်ပြခဲ့သည်။

ဆေးကုသမှုဆိုင်ရာ - ယင်းအနေအထားတွင် စိတ်ပညာရှင်သည် ဆေးကုသမှုဆိုင်ရာအရ အကဲဖြတ်ချက်တစ်ရပ်ကို ထောက်ပံ့ရန်အလို့ငှာ လူတစ်ဦးအား စစ်ဆေးစမ်းသပ်ရမှု ပါဝင်သည်။ စိတ်ပညာရှင်သည် သူ၏သုံးသပ်ချက်အတွက် အထောက်အပံ့ပြုရန် အလို့ငှာ စမ်းသပ်စစ်ဆေးရေး လက်နက်ကိရိယာများ၊ အင်တာဗျူးများ သို့မဟုတ် စိတ်ပညာဆိုင်ရာ စစ်ဆေးစမ်းသပ်မှုများ အစရှိသည်တို့ကို အသုံးပြုနိုင်သည်။ ယင်းကဲ့သို့ စိတ်ပညာရှင်၏ စမ်းသပ်စစ်ဆေးမှုများသည် ရဲတပ်ဖွဲ့သို့မဟုတ် အခြားဥပဒေထိန်းသိမ်းရေး အဖွဲ့အစည်းများ အနေဖြင့် လူတစ်ဦးကို မည်သို့မည်ပုံ မေးမြန်းရမည်ဟူသည့် လုပ်ငန်းစဉ်ကို ဆုံးဖြတ်ရန် အထောက်အကူပြုစေသည်။ ဥပမာအားဖြင့် စစ်ဆေးမေးမြန်းရမည့်သူတစ်ဦး အနေဖြင့် အမှုရင်ဆိုင်နိုင်စွမ်း ရှိ မရှိနှင့် အမှုစစ်ဆေးရေး လုပ်ငန်းစဉ်များကို နားလည်နိုင်ခြင်း/နားမလည်နိုင်ခြင်းနှင့် ဆက်နွှယ်နေသော စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ရှိ မရှိကို စိတ်ပညာရှင်က ဖော်ထုတ်ပေးရသည်။

စမ်းသပ်မှုဆိုင်ရာ - ယင်းကိစ္စတွင် စိတ်ပညာရှင်၏ တာဝန်မှာ အမှုတစ်ခုအား အချက်အလက်ပေးရန်အလို့ငှာ သုတေသနတစ်ရပ်ကို ဆောင်ရွက်ရသည်။ ယင်းတွင် အချက်တစ်ချက်ကို သရုပ်ဖော်ရန် သို့မဟုတ် တရားရုံးအား နောက်ထပ် အချက်အလက် ထောက်ပံ့နိုင်ရန် ရည်ရွယ်ချက်များအတွက် စမ်းသပ်မှုများကို ဆောင်ရွက်ရခြင်း ပါဝင်နိုင်သည်။ ယင်းတွင် မှားယွင်းသော မှတ်ဉာဏ်၊ မျက်မြင်သက်သေ၏ ယုံကြည်ရမှု အစရှိသော စမ်းသပ်ချက်များ ပါဝင်နိုင်သည်။ ဥပမာအားဖြင့် “မျက်မြင်သက်သေတစ်ဦး အနေဖြင့် မီတာ ၁၀၀ အတွင်းရှိသည့် အရာဝတ္ထုတစ်ခုကို မည်သို့မည်ပုံ မြင်နိုင်ဖွယ်ရှိသနည်း” အစရှိသည့် မေးခွန်းလမ်းကြောင်းများဖြစ်သည်။

ဖြစ်နိုင်ခြေရှိသော တွက်ချက်မှုဆိုင်ရာ - ယင်းအခန်းကဏ္ဍ၌ အမှုတစ်ခုကို အချက်အလက်ဖြင့် ဖော်ပြရန် စာရင်းဇယားကိန်းဂဏန်းများကို အသုံးပြုခြင်း ပါဝင်သည်။ ဥပမာအားဖြင့် ဖြစ်ရပ်တစ်ခု ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ စိတ်ပညာရှင် တစ်ဦးအား မေးမြန်းနိုင်သည်။ နမူနာအရ ယခုလူတစ်ဦးအတွက် စီရင်ချက်ကို ရုပ်သိမ်းပေးလိုက်ပါက ထိုလူအနေဖြင့် ပြစ်မှုထပ်မံကျူးလွန်နိုင်ခြေ မည်မျှရှိမည်နည်းဟု တရားရုံးက စိတ်ပညာရှင်ကို မေးမြန်းနိုင်သည်။

အကြံပြုမှုဆိုင်ရာ - ယင်းတွင် စိတ်ပညာရှင်တစ်ဦးသည် စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ မည်သို့ဆက်လက် ဆောင်ရွက်ရမည်ကို ရဲတပ်ဖွဲ့အား အကြံပြုနိုင်သည်။ ဥပမာအားဖြင့် လူတစ်ဦးအား စစ်ဆေးမေးမြန်းရန် အကောင်းဆုံးနည်းလမ်းကား အဘယ်နည်း၊ ပြစ်မှုကျူးလွန်ခံရသူ သို့မဟုတ် အခြားကျွမ်းကျင်သက်သေတစ်ဦးအား ပြန်လှန်မေးခွန်းထုတ်မှု ပြုလုပ်ရန် အကောင်းဆုံးနည်းလမ်းကား အဘယ်နည်းနှင့် ပြစ်မှုကျူးလွန်ပြီးနောက် ကျူးလွန်သူတစ်ဦးအနေဖြင့် မည်သို့ ဆက်လက်ပြုမူမည်နည်း အစရှိသည်တို့ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရာဇဝတ်မှုတစ်ခုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းမှုနှင့် စီရင်ဆုံးဖြတ်မှုတို့တွင် ပြစ်မှုကျူးလွန်သူ၏ စိတ်ပိုင်းဆိုင်ရာ အမူအကျင့်နှင့် အနေအထားကို နားလည်နိုင်ရေးသည် အရေးပါသောကြောင့် ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာရှင်များသည် တရားစီရင်ရေး၌ အကူအညီ ရယူသင့်သော ပုဂ္ဂိုလ်များဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent