နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာ

နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာ
Published 23 September 2018

ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးသာမက ၎င်းတို့၏ ဥပဒေ၊ အကောက်ခွန်၊ အစိုးရအဖွဲ့တို့နှင့် ဆက်နွှယ်နေမှုတို့အပြင် နိုင်ငံ၏ ဝင်ငွေနှင့် ကြွယ်ဝချမ်းသာမှု ဖြန့်ကျက်တည်ရှိပုံ အစရှိသည်တို့ကို လေ့လာသည့် ပညာအား နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာဟု ခေါ်ဆိုသည်။ သဘောတရား စည်းမျဉ်းတစ်ရပ်အရ နိုင်ငံရေးဆိုင်ရာ စီးပွားရေး ပညာသည် ကိုယ်ကျင့်တရားဆိုင်ရာ ဒဿနအပေါ် အခြေခံပြီး ၁၈ ရာစုက နိုင်ငံတို့၏ ကြွယ်ဝမှုကို စီမံအုပ်ချုပ်ပုံကို လေ့လာခြင်းဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာနှင့် ပတ်သက်သည့် အစောပိုင်း ပညာရှင်များထဲတွင် ဗြိတိသျှပညာရှင်များဖြစ်သော အဒမ်စမစ်၊ သောမက် မော့သက်နှင့် ဒေးဗစ်ရီကာဒိုတို့ ပါဝင်သည်။ သို့သော် ၎င်းတို့သည် ပြင်သစ်ပညာရှင်များ ဖြစ်သော ဖရန်ဆွာကီစနေ (၁၆၉၄-၁၇၇၄) နှင့် အန်နီရောဘတ်ဂျက်တာဂိုး (၁၇၂၇- ၁၇၈၁) တို့၏ လက်ရာများကို ဆက်ခံခဲ့ခြင်းဖြစ်သည်။

၁၉ ရာစုနှောင်းပိုင်းတွင် သင်္ချာပညာဆိုင်ရာ ပုံစံပြုခြင်းများ ထွက်ပေါ်လာခြင်းနှင့်အတူ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာဟူသည့် စကားရပ်ကို ဘောဂဗေဒဟူသော အသုံးအနှုန်းက တဖြည်းဖြည်း အစားထိုး ဝင်ရောက်လာသည်။ ယင်းသည် အဲဖရက်မာရှယ်၏ သြဇာကြီးမားလှသော ပြဋ္ဌာန်းစာအုပ်တစ်အုပ် ၁၈၉၀ ပြည့်နှစ်တွင် ထွက်ရှိလာခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။ အစောပိုင်းတွင် ဝီလျံစတန်လေဂျီဗွန်၏ သင်္ချာပညာဆိုင်ရာ နည်းလမ်းများကို စီးပွားရေး ပညာအတွက် အသုံးပြုခဲ့ပြီး နောင်အခါတွင် သိပ္ပံပညာ တစ်ရပ်အဖြစ် အသိအမှတ်ပြုမှု ခံလာရသည်။ သို့သော် နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာဟူသည့် အသုံးအနှုန်းကို ဘောဂဗေဒဟူသည့် စကားရပ်က စတင်လွှမ်းမိုး လာသည်မှာ ၁၉၁၀ ပြည့်နှစ်တစ်ဝိုက်ဟု ဆိုကြသည်။ ယင်းနောက် ၁၉၂၀ ပြည့်နှစ်တွင် ဘောဂဗေဒဟူသည့် အသုံးအနှုန်းကို ပိုမိုနှစ်ခြိုက် လာကြသည် ဟုဆိုသည်။ ယနေ့ခေတ်တွင်မူ ဘောဂဗေဒဟူသည့် အသုံးအနှုန်းသည် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာတို့အား ထည့်သွင်း စဉ်းစားထားခြင်း မရှိသည့် စီးပွားရေးပညာ သက်သက်အဖြစ် ကျဉ်းမြောင်းသော အဓိပ္ပာယ်ကို ရည်ညွှန်းပြီး နိုင်ငံရေးဆိုင်ရာ စီးပွားရေး ပညာဟူသည် ဘောဂဗေဒနှင့် ကွဲပြားခြားနားပြီး ပို၍ကျယ်ပြန့်သော ချဉ်းကပ်ပုံကို ကိုယ်စားပြုလာသည်။

နိုင်ငံရေးဆိုင်ရာ စီးပွားရေး ပညာဟူသည့် အသုံးအနှုန်းကို ဘောဂဗေဒနှင့် အဓိပ္ပာယ်တူ သုံးနှုန်း၍ မရတော့ဘဲ အလွန်ကွဲပြား ခြားနားသော အရာများကို ကိုယ်စားပြုလာသည်။ ပညာရပ်ဆိုင်ရာ ရှုထောင့်မှကြည့်လျှင် ယင်းအသုံးအနှုန်းသည် မာ့က်စ်ဝါဒီ စီးပွားရေးပညာကို ရည်ညွှန်းခြင်းဖြစ်နိုင်ပြီး ချီကာဂိုဂိုဏ်းနှင့် ဗာဂျီးနီးယားဂိုဏ်းတို့မှ မြစ်ဖျားခံလာသော ပြည်သူတို့၏ ရွေးချယ်မှုဆိုင်ရာ ချဉ်းကပ်ပုံများအတွက် အသုံးပြုသည်။ အသုံးများသော သီးခြားဝေါဟာရအဖြစ် နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာသည် အထွေထွေ စီးပွားရေးမူဝါဒ သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ပညာရှင်များ၏ သီးသန့်စီးပွားရေး အဆိုပြုချက်များနှင့် ပတ်သက်၍ စီးပွားရေး ပညာရှင်များက အစိုးရအဖွဲ့ကို ပေးအပ်သည့် အကြံဉာဏ်အား ရည်ညွှန်းသည်။ ၁၉၇၀ ပြည့်လွန်နှစ်များက အလျင်အမြန် ဖွံ့ဖြိုးလာသော ပင်မကျမ်း တစ်စောင်သည် စီးပွားရေးမူဝါဒပုံစံကို ကျော်လွန်အောင် ချဲ့ထွင်ထားပြီး ယင်းတွင် စီးပွားရေးမူဝါဒများ ရွေးချယ်မှု (အထူးသဖြင့် ဖြန့်ကျက်ရေးဆိုင်ရာ ပဋိပက္ခများနှင့် နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းများ) အပေါ် နိုင်ငံရေး အင်အားစုများ၏ သက်ရောက်ပုံအား စစ်ဆေးမှုဆီသို့ ရှေးရှုလျက် အစီအစဉ်ချသူများက တစ်ဦးချင်း ကိုယ်စားလှယ်များကို အမြင့်ဆုံးသုံးစွဲမှု ပါဝင်သည်။ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာသည် အချို့သော ကောလိပ်များနှင့် တက္ကသိုလ်များတွင် သီးခြားလေ့လာစရာ ပညာရပ် တစ်ခုအဖြစ် တည်ရှိသည်။

မည်သို့ပင် ဆိုစေကာမူ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာသည် နိုင်ငံတစ်နိုင်ငံအတွက် စီးပွားရေးမူဝါဒများ ချမှတ်ရာတွင် လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အနေအထားများကို သုံးသပ်ရာ၌ လည်းကောင်း အရေးပါလှသည့် ပညာရပ်တစ်ခု ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent