ထိတ်လန့်ဖွယ် မှုခင်းများနှင့် စိုးရိမ်စရာ အညွှန်းကိန်းများ

ထိတ်လန့်ဖွယ် မှုခင်းများနှင့် စိုးရိမ်စရာ အညွှန်းကိန်းများ
Published 13 September 2018

လတ်တလောတွင် မကြာခဏ ဖြစ်ပေါ်နေသော ထိတ်လန့်ဖွယ် မှုခင်းဖြစ်စဉ်များက ပြည်သူများအကြားတွင် အစိုးရ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် သက်ဆိုင်ရာ အာဏာပိုင် ရဲတပ်ဖွဲ့တို့၏ ကိုင်တွယ် ဆောင်ရွက်ပုံတို့အပေါ် ဝေဖန်မေးခွန်းထုတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက် ရှိသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်မှုနှင့်အတူ နိုင်ငံ၏စီးပွားရေး သိသိသာသာ ကျဆင်းမှုတို့၏ နောက်ဆက်တွဲ အကျိုးရလဒ်အဖြစ် မြို့ကြီးများတွင်ပါ လုယက်မှု၊ သတ်ဖြတ်မှု စသည့် မှုခင်းဖြစ်စဉ်များ တိုးပွားလာရသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင် ခုနစ်သောင်းကျော်ရှိပြီး သန်းခေါင်စာရင်းအရ ရဲတစ်ဦးလျှင် ပြည်သူ ၁၃၀၀ အား ထိန်းသိမ်းနေရသည်ဆိုသည့် စာရင်းဇယား အချက်အလက်အရ ပြည်သူနှင့် ရဲအင်အား အချိုးမညီမျှမှုသည်လည်း အားနည်းချက်တစ်ရပ် ဖြစ်နေသည်ဟူသော အကြောင်းပြချက်များလည်း ရှိနေသည်။

သို့သော်လည်း ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် မှုခင်းဖြစ်စဉ်များ တိုးပွားနေရခြင်း၏ နောက်ဆက်တွဲ အခြေအနေမှာ တိုင်းပြည်အတွက် စိုးရိမ်စရာဖြစ်နေသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များကလည်း လွှတ်တော်တွင် သုံးသပ် ထောက်ပြမှုများ ရှိနေသည်။ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းက တာမွေမြို့နယ် တာမွေဈေးအနီးတွင် လူမြင်ကွင်း၌ မင်းမဲ့စရိုက်ဆန်စွာ ဓားရှည်၊ လှံများဖြင့် အုပ်စုဖွဲ့လူသတ်မှု ဖြစ်စဉ်ကြောင့် မြို့နေလူထုမှာ စိုးရွံ့ ထိတ်လန့်ခဲ့ကြရသည်။ ထို့ပြင် မန္တလေးမြို့၌လည်း သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့သော လည်ပင်းကို ဓားဖြင့်လှီး၍ ဖုန်းလုယက်သည့်ဖြစ်စဉ်၊ ဆိုင်ကယ်စီးနင်းလာသူကို လူတစ်စုက ဓားဖြင့်ဝိုင်းခုတ်ခဲ့သည့် ဖြစ်စဉ်နှင့် လူမြင်ကွင်းတွင် သေနတ်ပစ်ခတ် လုယက်မှု၊ ဓားခုတ်လုယက်မှု ဖြစ်စဉ်များကြောင့် အစိုးရ၏ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ပြည်သူများ ကျေနပ်မှုမရှိဘဲ ဖြစ်ခဲ့ကြသည်။ မှုခင်းဖြစ်ပွားမှုနှုန်းကိုကြည့်လျှင် ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့သည့် လအလိုက် မှုခင်းမှတ်တမ်းများအနက် နောက်ဆုံးငါးလစာရင်းတွင် လူသတ်မှုနှင့် မုဒိမ်းမှုအများဆုံးမှာ ရန်ကုန်မြို့တွင် ဖြစ်ပွားကြောင်း အချက်အလက်များအရ သိရသည်။ ရန်ကုန်ပြီးလျှင် မန္တလေးသည်လည်း လူသတ်မှုနှင့် မုဒိမ်းမှု အများဆုံး ဖြစ်ပွားလေ့ရှိသည်ကို တွေ့ရသည်။

လူဦးရေ ထူထပ်များပြားမှုအရလည်း ရန်ကုန်နှင့် မန္တလေးမှာ အချက်အလက်များအရ မှုခင်းဖြစ်စဉ် ဖြစ်ပွားမှုနှုန်း များပြားလေ့ရှိသည် ဆိုသော်လည်း ယခုလတ်တလောတွင် ဖြစ်ပေါ်နေသည့် မှုခင်းဖြစ်စဉ်များအပေါ် တာဝန်ရှိသူများ အနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းမှုနှင့် တားဆီးကာကွယ်မှုတွင် အားနည်းချက်ရှိနေမှုအပေါ် စိုးရိမ်နေကြခြင်း ဖြစ်သည်။ NLD အစိုးရတက်ခါစအချိန်တွင် ရက်တစ်ရာ စီမံချက်ဖြင့် တရားဥပဒေ စိုးမိုးရေးအတွက် ချပြခဲ့သောလုပ်ငန်းများနှင့် ကတိစကားများအပေါ် တာဝန်ယူပေးရန် ပြည်သူလူထုက တောင်းဆိုမှုများလည်း ရှိနေသည်။ စီးပွားရေးကျဆင်းမှု၏ နောက်ဆက်တွဲ အခြေအနေကြောင့် တရားဥပဒေစိုးမိုးရေးကို များစွာသက်ရောက်မှု ရှိနေသည့်အပြင် နိုင်ငံတကာရှိ အဖွဲ့အစည်းအချို့မှာ ထုတ်ပြန်သည့် အညွှန်းကိန်းများကလည်း စိုးရိမ်စရာ ဖြစ်နေသည်။ ၂၀၁၈ အတွက် ထုတ်ပြန်ခဲ့သည့် ပြိုကွဲပျက်စီးနိုင်သည့်နိုင်ငံများ၏ အညွှန်းကိန်း ထုတ်ပြန်ချက် Fragile State Index တွင်လည်း အဆင့် ၂၂ သို့ ရုတ်ခြည်းမြင့်တက်သွားသည်ကို တွေ့ရသည်။ အဆိုပါ အညွှန်းကိန်းကိုကြည့်လျှင် သတ်မှတ်ချက် ၁၂ ချက်ရှိပြီး ယင်းသတ်မှတ်ချက်များမှာ နိုင်ငံလုံခြုံရေး၊ ပြည်တွင်းစစ် အခြေအနေနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို တိုင်းတာသည့် Security Apparatus၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တိုင်းတာသည့် Human Right and Rule of Law၊ လူမျိုးရေး ဘာသာရေး အကွဲအပြဲများကို တိုင်းတာသည့် Fictionalized Elite၊ ဆင်းရဲချမ်းသာ ကွာဟမှုနှင့် အုပ်စုဖွဲ့ တိုက်ခိုက်သည့် အခြေအနေများကို တိုင်းတာသည့် Group Grievance၊ စီးပွားရေးညွှန်းကိန်းများ တိုင်းတာသည့် Economics Indicator၊ ဖွံ့ဖြိုးမှုမညီမျှခြင်းများကို တိုင်းတာသည့် Uneven Development၊ အစိုးရအား ယုံကြည်မှု၊ ပါတီစုံများပါဝင်မှု၊ အကျင့်ပျက်ခြစားမှုများကို တိုင်းတာသည့် Political Indicator၊ လူသားအရင်းအမြစ်များနှင့် ဦးနှောက်ယိုစီးမှု ပြဿနာများကို တိုင်းတာသည့် Human Flight and Brain Drain၊ လူထုအား ဝန်ဆောင်မှုပေးသည့် အခြေအနေများကို တိုင်းတာသည့် Public Services၊ လူဦးရေအချိုးမညီမှု၊ ကလေးသေဆုံးနှုန်း စသည်တို့ကို တိုင်းတာသည့် Social Indicator၊ ခိုးဝင်သူများနှင့် ပြည်ပ အထောက်အပံ့များကို တိုင်းတာသည့် Cross Cutting Indicators External Intervention၊ ဒုက္ခသည် အရေးကို တိုင်းတာသည့် Refugees and IDP စသည့်အချက်များ ပါဝင်သည်။

FSI ပြိုကွဲပျက်စီးနိုင်သည့်နိုင်ငံများ၏ အညွှန်းကိန်းကိုကြည့်လျှင် မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်၌ အဆင့် ၂၆၊ ၂၀၁၇ ခုနှစ်၌ အဆင့် ၂၅ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် အဆင့် ၂၂ သို့ မြင့်တက်သွားပြီး ကင်မရွန်း၊ အန်ဂိုလာ၊ လစ်ဗျား၊ ယူဂန်ဒါစသော နိုင်ငံများကဲ့သို့ စိုးရိမ်စရာဖြစ်သည်ဟု အညွှန်းကိန်းက ဆိုနေသည်။ သို့ဖြစ်ရာ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အားနည်းချက်များနှင့် စီးပွားရေး ကျပ်တည်းမှု၏ ထွက်ပေါက်အဖြစ် မှုခင်းကျူးလွန်လာနိုင်မှုများအပေါ် တာဝန်ရှိသူများ အနေဖြင့် သတိပြုဖြေရှင်း ဆောင်ရွက်ရန် လိုအပ်နေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံ အနေဖြင့်လည်း ဒီမိုကရေစီစနစ်တွင် တရားဥပဒေစိုးမိုးရေးမှာ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု မကြာခဏ ထုတ်ဖော် ပြောကြားလျက်ရှိပေရာ လတ်တလော ပြည်သူများအကြား စိုးရိမ်ဖွယ်ဖြစ်နေသည့် မှုခင်းများအပေါ် ထိရောက်စွာ တားဆီးပေးရန် လိုအပ်လျက် ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent