<

နိုင်ငံတကာ၏ ဖယ်ကြဉ်မှု

နိုင်ငံတကာ၏ ဖယ်ကြဉ်မှုဟူသည် နိုင်ငံတကာအသိုင်းအ၀ိုင်း သို့မဟုတ် ကုလသမဂ္ဂ ကဲ့သို့သော အင်အားကြီးမားသည့် နိုင်ငံများအုပ်စုက နိုင်ငံတစ်နိုင်ငံ၊ အစိုးရတစ်ရပ် သို့မဟုတ် လူအုပ်စုတစ်စုအပေါ် အပြစ်ပေးရန် ကျင့်သုံးမှုတစ်ရပ်ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်း သို့မဟုတ် နိုင်ငံများအုပ်စုက ဖယ်ကြဉ်ခဲ့ပြီးနောက် နိုင်ငံတစ်နိုင်ငံအနေဖြင့် အထီးကျန်တည်ရှိခြင်းကိုလည်း ခေါ်ဆိုသည်။ အင်အားကြီးသည့် နိုင်ငံများအုပ်စုဟု သတ်မှတ်ချက်များသည် စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုအရ တည်ငြိမ်မှုများအပေါ် တည်မှီနေသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ တိုးတက်လာခြင်းနှင့်အတူ ကမ္ဘာကြီး၏ အခင်းအကျင်းသည် အဆက်မပြတ် ပြောင်းလဲနေသောကြောင့် ယင်းကဲ့သို့သော အုပ်စုများမှာလည်း ပြောင်းလဲ၍နေနိုင်သည်။

နိုင်ငံတကာ၏ ဖယ်ကြဉ်မှုသည် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နိုင်ငံများအုပ်စုတစ်စုအား နိုင်ငံတကာက ပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်လာသော ရလဒ်တစ်ခု ဖြစ်တတ်သော်လည်း သက်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံက တံခါးပိတ်မူဝါဒ ကျင့်သုံးခြင်းကြောင့် ထွက်ပေါ်လာသော ရလဒ်လည်း ဖြစ်နိုင်သည်။ ဥပမာအားဖြင့် မွမ်မာကဒါဖီလက်ထက် လစ်ဗျားနိုင်ငံသည် ဆယ်စုနှစ်အတန်ကြာ အနောက်တိုင်းနှင့် ထိပ်တိုက်တွေ့ပြီး အမျိုးတူ အာရပ်အစိုးရအဖွဲ့များနှင့် ဆန့်ကျင်သော နိုင်ငံရေးကြောင့် နိုင်ငံတကာ၏ ဖယ်ကြဉ်မှုခံရသော နိုင်ငံဖြစ်ခဲ့သည်။

အခြားနိုင်ငံတစ်နိုင်ငံမှ ခွဲထွက်ခဲ့သော နိုင်ငံများသည်လည်း နိုင်ငံတကာ၏ ဖယ်ကြဉ်မှုခံရနိုင်သည်။ ဥပမာအားဖြင့် ရုရှားစစ်တပ်၏ အကူအညီဖြင့် ဂျော်ဂျီယာနိုင်ငံမှ ခွဲထွက်ခဲ့သော အက်ခါးဇီးယားနိုင်ငံကို နိုင်ငံအနည်းငယ်မျှသာ အသိအမှတ်ပြုကြသည်။  ဆိုက်ပရပ်စ်ကျွန်း၏ မြောက်ပိုင်းဖြစ်သော မြောက်ဆိုက်ပရပ်စ်သည်လည်း အလားတူ အနေအထားမျိုး ကြုံတွေ့ရသည်။ ယင်းကဲ့သို့သော နိုင်ငံများနှင့် ၎င်းတို့၏ အကျိုးစီးပွားများကို ပိုမိုကြီးမားသော အိမ်နီးချင်းက ကာကွယ်ပိတ်ဆို့၍ ထားတတ်သည်။

‘အပယ်ခံနိုင်ငံ’ ကဲ့သို့သော ပို၍ကျယ်ပြန့်စွာ သိကြသည့် စကားရပ် သို့မဟုတ် သဘောတရားကို မိမိဘာသာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ရှောင်ဖယ်၍နေသော သို့မဟုတ် နိုင်ငံများအုပ်စုတစ်စုက ဖယ်ကြဉ်ထားသော နိုင်ငံများအား ရည်ညွှန်းရာ၌ ခေါ်ဆိုသည်။ ယင်းကဲ့သို့သော နိုင်ငံတစ်နိုင်ငံနှင့် ပတ်သက်သည့် လက္ခဏာရပ်များမှာ သံတမန်အရ ဖယ်ကြဉ်ခံထားရမှု၊ ယုံကြည်စိတ်ချရသော လုံခြုံရေးဆိုင်ရာ ထောက်ပံ့မှု သို့မဟုတ်  အင်အားကြီးမားသော မဟာမိတ်ဖွဲ့စည်းပုံအတွင်း နိုင်ငံရေးအရ အကာအကွယ်ပေးခံရခြင်းချို့တဲ့မှုနှင့် ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာ ဖိုရမ်များအတွင်း စွဲစွဲမြဲမြဲ မညှာမတာ ကဲ့ရဲ့ပြစ်တင်ခံရမှုနှင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံရမှုတို့ဖြစ်ကြသည်။ ယင်းကဲ့သို့သော နိုင်ငံမှာ ၁၉၇၉ ခုနှစ်နောက်ပိုင်း ကမ်ပူးချားနိုင်ငံဖြစ်သည်။ ထိုစဉ်က ခမာအစိုးရကို ဖြုတ်ချရန် ဗီယက်နမ်တို့၏ ၀င်ရောက်မှုကို အတည်မပြုပေးသည့်အတွက် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံးသည် ကမ်ပူးချားကို ဖယ်ကြဉ်ခဲ့သည်။ အခြားဥပမာတစ်ရပ်မှာ  နိုင်ငံတကာသဘောတူညီချက်များကို ပယ်ချသည့် သို့မဟုတ် လိုက်နာခြင်းမရှိသည့် နိုင်ငံများကို ဖယ်ကြဉ်ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဖန်လုံအိမ်အာနိသင်ကို ဖြစ်စေသော ဓာတ်ငွေ့များအား ကန့်သတ်ထိန်းချုပ်သည့် ကျိုတိုသဘောတူညီချက်အား မလိုက်နာသည့် ကနေဒါနိုင်ငံသည် အဆိုပါ ဥပမာမျိုးဖြစ်သည်။ နိုင်ငံတကာဖယ်ကြဉ်ခံရမှုကြောင့် ခံရသော သက်ရောက်မှုများအနက် အဖြစ်အများဆုံးမှာ လူ့အဖွဲ့အစည်းအတွင်း ပစ္စည်းဥစ္စာ မပြည့်စုံသူများ ဆင်းရဲမွဲတေသွားခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတကာ၏ ဖယ်ကြဉ်မှုကြောင့် အဆိုးရွားဆုံးဒဏ်ခံရမည့် သူများမှာ အောက်ဆုံးလွှာမှ ပြည်သူများသာဖြစ်ပါကြောင်းThe Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၁၂ ရက်နေ့ The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

September 12, 2018














Copy Protected by Chetan's WP-Copyprotect.