<

နိုင်ငံရေးသမားနှင့် ရိုးသားမှု

နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားကို သီးခြားစီခွဲလျက်ထားရန် ဆန္ဒရှိသူတို့သည် ယင်းနှစ်ရပ်စလုံးကို မည်သည့်အခါမျှ နားလည်လာမည်မဟုတ်ဟု ပြင်သစ်တွေးခေါ်ရှင် ရူးဆိုးက ဆိုသည်။ နိုင်ငံရေးကျင့်သုံးမှုသည် ရိုးသားမှုနှင့်ပတ်သက်သော အရေးပါသည့်အရာများနှင့် ညီညွတ်ရမည်ဖြစ်သည်။ သို့သော် နိုင်ငံရေးသမားတစ်ဦး၌ မည်သည့်အရာများသည် ရိုးသား၍ မည်သည့်အရာများသည် မရိုးသားသနည်းဟူ၍လည်းကောင်း၊ နိုင်ငံရေး သမားတစ်ဦးအနေဖြင့် လုံးဝရိုးသားမှု ရှိနိုင်ပါမည်လားဟူ၍လည်းကောင်း မေးခွန်းများ ပေါ်ထွက်လာသည်။ ယင်းမေးခွန်းများသည် ဒီမိုကရေစီ၏ အချက်အချာ ဖြစ်လာသည်။

နိုင်ငံရေးဆိုင်ရာ မရိုးသားမှုသည် အသွင်အမျိုးမျိုးဖြင့် ပေါ်ထွက်လာနိုင်သည်။ တစ်မျိုးမှာ မရိုးသားသူတစ်ဦးအဖြစ် စတင်ပေါ်ထွက်လာသည့် ပုံစံမျိုးဖြစ်သည်။ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် မည်သည့်အခြေအနေရပ်တွင်မဆို မရိုးသားသော ခေါင်းဆောင်၊ မရိုးသားသော သဘောတရားရေးရာဆရာနှင့် မရိုးသားသော သံတမန်များဖြစ်ကြသည်။ အခြားတစ်မျိုးမှာ အလေးအနက်မရှိသူမျိုးဖြစ်သည်။ ထုံထိုင်းကာ အပျော်တမ်းဆန်သူမျိုး ဖြစ်သည်။ ယင်းကဲ့သို့သောပုဂ္ဂိုလ်မျိုး၏ လုပ်ရပ်များသည်လည်း ၎င်းက ချဉ်းကပ်ရန် ရည်ရွယ်သော အကျိုးစီးပွားများကို ထိခိုက်စေသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံရေးဆိုင်ရာ လောင်းကစားသမားများဟု ခေါ်ဆိုနိုင်သူများ ရှိသည်။ ၎င်းတို့သည် မိမိတို့၏ ကျွမ်းကျင်မှုကို မကောင်းသောနေရာ၌ အသုံးပြုကြသူများဖြစ်သည်။ ၎င်းတို့သည် ကျွမ်းကျင်သူများဖြစ်သော်လည်း ရက်စက်တတ်ပြီး လူသားဆန်သောစိတ် မရှိဘဲ မိမိအား ဝေဖန်တုံ့ပြန်မှုများကို ရှောင်ရှားတတ်ကြသည်။ ယင်းကဲ့သို့သော ပုဂ္ဂိုလ်များကို ပြဿနာရှာသူများဟု ခေါ်ဆိုနိုင်ပြီး မည်ကဲ့သို့သော အန္တရာယ်ရှိသည်ဖြစ်စေ၊ အခြားသူများအား မည်မျှထိခိုက်နိုင်သည်ဖြစ်စေ ၎င်းကိုယ်တိုင်၏ ဘ၀တိုးတက်ရေး ရည်မှန်းချက်များနောက်သို့သာ လိုက်တတ်ကြသည်။

အခြားအစွန်းရောက်သောပုဂ္ဂိုလ် အမျိုးအစားတစ်ရပ်ရှိသေးသည်။ ယင်းမှာ တုံးအသော၊ စိတ်ကူးယဉ်ဆန်လွန်းသော၊ သူရဲကောင်းဆန်သည့် စတန့်များ လုပ်ပြသောသူများဖြစ်ပြီး ၎င်းတို့သည်လည်း မရိုးသားသူများပင်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့အား သူတော် စင်ဟုလည်းကောင်း၊ သူရဲကောင်းဟုလည်းကောင်း မှတ်ယူအောင် နေတတ်ကြသည်။ သို့သော် သမိုင်းသည် စိတ်ကူးယဉ်စရာကိစ္စ မဟုတ်သောကြောင့် နိုင်ငံရေးသမား၏ အတ္ထုပ္ပတ္တိသည် သူတော်စင်တစ်ဦးနှင့် တူမည်မဟုတ်ပါ။ နိုင်ငံရေးသမားသည် သူတော်စင်မဟုတ်ဘဲ နိုင်ငံရေးသမားသာ ဖြစ်သောကြောင့် လုပ်သင့်လုပ်ထိုက်သည့် အရာများကို လုပ်ရမည့်သူသာဖြစ်သည်။ အတိုချုပ်အားဖြင့် ရိုးသားသော နိုင်ငံရေးသမားတစ်ဦးသည် မူဝါဒသဘောတရားများအပေါ် တည်ဆောက်ထားသည့် လက်တွေ့ဆန်မှုနောက်သို့သာ လိုက်ပြီး အမြဲတမ်း အပြုသဘောဆောင်သည့် သဘောထားရှိသော်လည်း မနှစ်မြို့ဖွယ်အရာများကို ထုတ်ပြောရဲသည့် သတ္တိရှိသည်။

အမှန်တကယ် အုပ်ချုပ်စေခြင်းသည် နိုင်ငံရေးဆိုင်ရာ ရိုးသားမှုအတွက် အကောင်းဆုံးသော စမ်းသပ်ချက်ဖြစ်တတ်သည်။ ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံရေးသမားများသည် အတိုက်အခံများအနေဖြင့် အာဏာရှိစဉ် ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်းမရှိကြောင်း သက်သေပြရန်အတွက် အခြားသူများကို ဝေဖန်ရန် လိုအပ်သည်။ သို့မှသာ မဲဆန္ဒရှင်များအနေဖြင့် မရိုးသားသူများကို မဲဆန္ဒပေးရာ၌ အပြစ်ပေးနိုင်မည် ဖြစ်သည်။ ရိုးသားသော နိုင်ငံရေးသမားတစ်ဦးအတွက် အခက်ခဲဆုံးစမ်းသပ်ချက်တစ်ရပ်သည် လူကြိုက်မများသော်လည်း မှန်ကန်သော အဆိုတစ်ရပ်ကို ခုခံကာကွယ်ရမည့်အချိန်၌ ဖြစ်ပေါ်လာသည်။ ယင်းစမ်းသပ်ချက်ကို မည်သည့်နိုင်ငံရေးသမားမျှ မကြုံလိုပါ။ အထူးသဖြင့် ရွေးကောက်ပွဲများ နီးချိန်၌ဖြစ်သည်။ သို့သော် မရိုးသားသည့် နိုင်ငံရေးသမားသာလျှင် နိုင်ငံရေးကို လူကြိုက်များမှုနှင့် ချိန်ညှိတတ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည် ယင်းနိုင်ငံရှိ နိုင်ငံရေး သမားအများစု နိုင်ငံရေးအရ မည်မျှရိုးသားသနည်းဟူသည်နှင့် တိုက်ရိုက်အချိုးကျနေ မည်ဖြစ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာလ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

September 7, 2018














Copy Protected by Chetan's WP-Copyprotect.