ရာဇဝတ်မှုဆိုင်ရာ ဥပဒေ၏ ရည်ရွယ်ချက်များ

ရာဇဝတ်မှုဆိုင်ရာ ဥပဒေ၏ ရည်ရွယ်ချက်များ
Published 6 September 2018

ရာဇဝတ်မှုဆိုင်ရာ ဥပဒေသည် ရာဇဝတ်မှုနှင့် ဆက်နွှယ်နေသော ဥပဒေ၏ အဓိက အစိတ်အပိုင်းဖြစ်သည်။ ယင်းကို ပြည်သူတို့၏ အိုးအိမ်စည်းစိမ်၊ ကျန်းမာရေး၊ ဘေးကင်းလုံခြုံမှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကောင်းကျိုးချမ်းသာတို့အပေါ် ခြိမ်းခြောက်မှု၊ ထိခိုက်စေမှု သို့တည်းမဟုတ် တစ်နည်းအားဖြင့် အန္တရာယ်ပြုမှုအဖြစ် မှတ်ယူထားသည့် လုပ်ဆောင်ချက်များကို တားမြစ်ပိတ်ပင်ရန် ချမှတ်ထားခြင်းဖြစ်သည်။ ရာဇဝတ်မှုဆိုင်ရာ ဥပဒေအများစုကို ဥပဒေပြု အာဏာပိုင်အဖွဲ့က ပြဋ္ဌာန်းသည့် ဥပဒေများအဖြစ် ထူထောင်ထားခြင်းဖြစ်သည်။ ယင်းတွင် အဆိုပါ ဥပဒေများကို ချိုးဖောက်သူများအား အပြစ်ပေးမှု ပါဝင်သည်။ ရာဇဝတ်မှုဆိုင်ရာ ဥပဒေများသည် တရားစီရင်ပိုင်ခွင့်အရ အမျိုးမျိုး ကွဲပြားကြပြီး အငြင်းပွားမှု ဖြေရှင်းရေးနှင့် အပြစ်ပေးခြင်းထက် ထိခိုက်နစ်နာသူကို ပေးလျော်စေရေးတို့အပေါ် အဓိကထားသည့် တရားမမှုများနှင့် ကွဲပြားခြားနားသည်။ ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းစဉ်ကို ပြစ်မှုကျူးလွန်ကြောင်း အချက်အလက်များဖြင့် သက်သေပြခြင်းနှင့် ကျူးလွန်သူကို အပြစ်ပေးပိုင်ခွင့်ရှိခြင်းတို့ ပါဝင်သည့် တရားဝင်လုပ်ဆောင်ချက် အဖြစ် ပုံသေသတ်မှတ်ထားသည်။

အပြစ်ဒဏ်ချမှတ်ခြင်းအားဖြင့် ရာဇဝတ်မှုဆိုင်ရာ ဥပဒေအား ဖော်ဆောင်မှုအတွက် အများလက်ခံထားသော ရည်ရွယ်ချက်ငါးရပ်ရှိသည်။ ၎င်းတို့မှာ ဒဏ်ခတ်ခြင်း၊ ဟန့်တားခြင်း၊ မကျူးလွန်နိုင်အောင် ပြုလုပ်ခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းနှင့် ပြန်လည်ထိန်းသိမ်းပေးခြင်းတို့ ဖြစ်သည်။

ဒဏ်ခတ်ခြင်း - ရာဇဝတ်မှု ကျူးလွန်သူများကို တစ်နည်းနည်းဖြင့် အပြစ်ပေးသင့်သည်သာဖြစ်သည်။ ယင်းကို အများစုက ရည်ရွယ်ချက်အဖြစ် ရှုမြင်ကြသည်။ ပြစ်မှုကျူးလွန်သူများသည် အခြားသူများအပေါ် မလျော်ကန်သော အားသာချက်ရယူခြင်း သို့မဟုတ် မမျှတသော ထိခိုက်နစ်နာစေမှုဖြစ်စေခြင်း ပြုခဲ့ကြပြီး ရာဇဝတ်မှုဆိုင်ရာ ဥပဒေပြစ်မှု ကျူးလွန်သူများကို ပြန်လည်ပေးဆပ်မှုအနေဖြင့် မနှစ်မြို့ဖွယ်ကောင်းသော ဆိုးကျိုးတစ်ရပ် ပြန်လည် ခံစားစေခြင်းဖြစ်သည်။ ပြည်သူများသည် ၎င်းတို့အနေဖြင့် အသတ်မခံရရေး အခွင့်အလမ်းကိုရရှိရန် ဥပဒေများကို လိုက်နာခြင်းဖြစ်ပြီး လူများသည် ယင်းဥပဒေများကို ချိုးဖောက်ပါက ၎င်းတို့ကိုယ်တိုင်အပေါ် ဥပဒေက အာမခံပေးထားသည့် အခွင့်အရေးများကို စွန့်လွှတ်လိုက်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် လူသတ်မှု ကျူးလွန်သူသည် မိမိကိုယ်မိမိ ကွပ်မျက်လိုက်သည့် သဘောပင်ဖြစ်သည်။

ဟန့်တားခြင်း - တစ်ဦးချင်းဆိုင်ရာ ဟန့်တားမှုသည် သက်ဆိုင်ရာ ကျူးလွန်သူအတွက် ရည်ရွယ်ပြီး ထိုသူအား ပြစ်မှုကျူးလွန်သည့် အမူအကျင့်ပပျောက်စေရန် လုံလောက်သည့် ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။ အထွေထွေသဘော ဟန့်တားမှုသည် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ချမှတ်ခြင်းအားဖြင့် အခြားသူများကိုလည်း အလားတူကျူးလွန်မှုများ မပြုလုပ်စေရန် သတိပေး ဟန့်တားခြင်းဖြစ်သည်။

မကျူးလွန်နိုင်အောင် ပြုလုပ်ခြင်း - ပြည်သူများကို ၎င်းတို့၏ ကျူးလွန်မှုခံရခြင်းမှနေ၍ ကာကွယ်စောင့်ရှောက်သောအားဖြင့် ပြစ်မှုကျူးလွန်သူများအား လူ့အဖွဲ့အစည်းမှ သီးခြားခွဲထုတ်ကာ ထိန်းသိမ်းထားလိုက်ခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် ယင်းရည်ရွယ်ချက် ပေါက်မြောက်ရန်အတွက် ထောင်ဒဏ်ချမှတ်မှုကို ကျင့်သုံးသည်။ သေဒဏ်ချမှတ်ခြင်းသည်လည်း ဖော်ပြပါ ရည်ရွယ်ချက်အတွက်ပင် ဖြစ်သည်။

ပြန်လည်ထူထောင်ပေးခြင်း – ပြစ်မှုကျူးလွန်သူကို လူ့အဖွဲ့အစည်း၏ တန်ဖိုးရှိသော အဖွဲ့ဝင် တစ်ဦးအဖြစ် အသွင်ပြောင်းပေးရန် ရည်ရွယ်သည်။ ပြစ်မှုကျူးလွန်သူများအား ၎င်းတို့၏ လုပ်ရပ်သည် မှားယွင်းကြောင်း သိမြင်သွားစေခြင်းဖြင့် နောက်ထပ် ပြစ်မှုထပ်မံကျူးလွန်ခြင်း မရှိအောင် ကာကွယ်ခြင်းသည် မူရင်းရည်ရွယ်ချက် ဖြစ်သည်။

ပြည်လည်ထိန်းသိမ်းပေးခြင်း-ကျူးလွန်သူက ကျူးလွန်ခံရသူအပေါ် ထိခိုက်နစ်နာစေသည့် ဒဏ်ရာကို နိုင်ငံတော်အာဏာဖြင့် ပြန်လည်ကုစားပေးရန် ရည်ရွယ်သည်။ ဥပမာအားဖြင့် အလွဲသုံးစားလုပ်ထားသူတစ်ဦးသည် မတရားသဖြင့် ရယူထားသည့်ပမာဏကို ပြန်လည်ပေးဆပ်ရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ ရာဇဝတ်မှုဆိုင်ရာ ဥပဒေများအရ ပြစ်ဒဏ်ပေးခြင်းသည် ဖော်ပြပါ ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ခြင်းသာ ဖြစ်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent