သတင်းအတုများကို ဖော်ထုတ်ခြင်း

သတင်းအတုများကို ဖော်ထုတ်ခြင်း
Published 1 September 2018

ပုံနှိပ်မီဒီယာ၊ အသံလွှင့်သတင်းမီဒီယာ သို့မဟုတ် အွန်လိုင်းလူမှုမီဒီယာတို့မှတစ်ဆင့် ပျံ့နှံ့စေသည့် တမင်ရည်ရွယ်ကာ အချက်အလက်အမှားများနှင့် ဖြားယောင်းမှုများ ပါဝင်သော အဝါရောင်ဂျာနယ်လစ်ဇင် အမျိုးအစား သို့မဟုတ် ဝါဒဖြန့်ချိရေးပုံစံကို သတင်းအတုများဟု ခေါ်ဆိုကြသည်။ အချက်အလက်အမှားများကို အဓိကအားဖြင့် လူမှုမီဒီယာများမှတစ်ဆင့် ဖြန့်ချိတတ်ကြသော်လည်း အချိန်ပိုင်းအလိုက် ပင်မမီဒီယာများ၌လည်း ဖြန့်ချိတတ်သေးသည်။ အဖွဲ့အစည်းတစ်ရပ်၊ အုပ်စုတစ်စု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးကို ထိခိုက်စေရန် သို့မဟုတ်/နှင့် ငွေကြေးအရ သို့မဟုတ် နိုင်ငံရေးအရ အကျိုးအမြတ်ရစေရန် တမင်လမ်းလွဲသို့  ခေါ်ဆောင်သော ရည်ရွယ်ချက်ဖြင့် သတင်းအတုများကို ရေးသားဖြန့်ချိကြသည်။ တမင်ရည်ရွယ်လျှင် လမ်းလွဲသို့ ခေါ်ဆောင်ကာ ဖြားယောင်းသည့် သတင်းအတုများသည် စာဖတ်သူများအား လမ်းလွဲသို့ ခေါ်ဆောင်ရန်ထက် ရွှင်မြူးစေရန် ရည်ရွယ်သည့် သရော်စာ သို့မဟုတ် ပြက်လုံးများနှင့် ကွဲပြားခြားနားသည်။

သတင်းအတုများကို အမျိုးအစား ခုနစ်မျိုး ခွဲခြားထားလေ့ရှိသည်။ ယင်းတို့မှာ သရော်စာ သို့မဟုတ် ပြက်လုံး (ထိခိုက်စေရန် ရည်ရွယ်ချက်မပါသော်လည်း အရူးလုပ်ရန် အဓိကထားသည်)၊ မှားယွင်းသောဆက်နွှယ်ချက် (ခေါင်းစီး၊ ရုပ်ပုံ သို့မဟုတ် ပုံစာတို့သည် တင်ပြထားသည့် အကြောင်းအရာကို အထောက်အပံ့မပြု)၊ လမ်းလွဲသို့ ခေါ်ဆောင်သည့် အကြောင်းအရာ (အကြောင်းအရာတစ်ရပ် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးကို မတရားအမှု ဆင်ရန်အချက်အလက်များကို တလွဲအသုံးပြုခြင်းဖြစ်သည်)၊ မှားယွင်းသောအကြောင်းအရာ (အစစ်အမှန်အကြောင်းအရာကို မှားယွင်းသည့် သိုင်းဝိုင်းအချက်အလက်များနှင့် ယှဉ်တွဲဖြန့်ချိခြင်းဖြစ်သည်)၊ အယောင်ဆောင်အကြောင်းအရာ (အစစ်အမှန်သတင်းရင်း မြစ်များကို မှားယွင်းသော လုပ်ကြံထားသော သတင်းရင်းမြစ်များဖြင့် အယောင်ဆောင် တုပထားသည်)၊ လိုသလိုကစားထားသည့် အကြောင်းအရာ (အချက်အလက်အစစ်အမှန်များ သို့မဟုတ် ရုပ်ပုံများကို လိမ်လည်ဖြားယောင်းရန် လိုသလိုပြုပြင်ထားခြင်း ဖြစ်သည်) နှင့် လုပ်ကြံထားသည့် အကြောင်းအရာ (အကြောင်းအရာအားလုံးသည် အမှားများဖြစ်ပြီး လိမ်လည်ဖြားယောင်းရန်နှင့် ထိခိုက်စေရန် တမင်စီစဉ်ထားသည်) တို့ ဖြစ်ကြသည်။

စာကြည့်တိုက်များဆိုင်ရာ အဖွဲ့အစည်းများနှင့် အင်စတီကျူးရှင်းများ အပြည်ပြည်ဆိုင်ရာ အဖွဲ့ချုပ် (IFLA)  သည် သတင်းအတုများဖြစ်ကြောင်း ပြည်သူများအနေဖြင့် ဖော်ထုတ်ရာ၌ အထောက်အကူပြုစေရန် အနှစ်ချုပ်တစ်ရပ်ကို ပုံကြမ်းရေးဆွဲပြခဲ့သည်။ ယင်း၏ အဓိကအချက်များမှာ (၁) ရင်းမြစ်ကို စဉ်းစားပါ - ယင်း၏ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်ကို နားလည်ရန်၊ (၂) ခေါင်းစီးကို ကျော်လွန်လျက် ဖတ်ပါ - သတင်းတစ်ပုဒ်လုံးကို နားလည်ရန်၊ (၃) ရေးသားသူများကို စစ်ဆေးပါ - ၎င်းတို့သည် အစစ်အမှန်လား၊ ယုံကြည်ရသလားကြည့်ရန်၊ (၄) အထောက်အကူယူထားသော ရင်းမြစ်များကို သုံးသပ်ပါ - ၎င်းတို့သည် အဓိကတင်ပြချက်များကို အထောက်အပံ့ အမှန်တကယ်ဖြစ်စေသလား သိရှိရန်၊ (၅) ဖြန့်ဝေသည့်နေ့စွဲကို စစ်ဆေးပါ - သတင်းအကြောင်းအရာသည် ယုံကြည်ရသလားနှင့် Up to Date ဖြစ်သလားကြည့်ရန်၊ (၆) ပြက်လုံးတစ်ခုလားဟု မေးခွန်းထုတ်ပါ - သရော်ရန်ရည်ရွယ်ချက်ဖြင့် ရေးထားသလား ဆုံးဖြတ်ရန်၊ (၇) မိမိ၏ ကိုယ်ပိုင်ဘက်လိုက်မှုများကို သုံးသပ်ပါ - ၎င်းတို့သည် မိမိ၏ အကဲဖြတ်ချက်အပေါ် သက်ရောက်မှုရှိသလားဟူသည်ကို စစ်ဆေးရန်နှင့် (၈) ကျွမ်းကျင်သူများကို မေးမြန်းပါ - အသိကြွယ်ဝသည့် လွတ်လပ်သော ပုဂ္ဂိုလ်များထံမှ အတည်ပြုချက်ရယူရန်တို့ ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ်၌ အထူးသဖြင့် အွန်လိုင်းလူမှုမီဒီယာများတွင် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် သတင်းအတုများကို ဖြန့်ချိနေကြပြီး အချို့သောသတင်းအတုများသည် အလွန်အန္တရာယ်ကြီးသောကြောင့် ပြည်သူများအနေဖြင့် သတင်းအတုများအား ဖော်ထုတ်နိုင်ရန် အရေးကြီးပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent