တာဝန်ယူတာဝန်ခံမှုမရှိလျှင် အစိုးရကောင်းမဖြစ်နိုင်

တာဝန်ယူတာဝန်ခံမှုမရှိလျှင် အစိုးရကောင်းမဖြစ်နိုင်
Published 30 August 2018

လူအများကြားတွင် မီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာဝေဖန်ခွင့်နှင့် လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့တွင် အစိုးရအနေဖြင့် ဝေဖန် မေးခွန်းထုတ်မှုများ ခံရသည်။ ယခင် စစ်အစိုးရတစ်ပိုင်း အစိုးရဟု ကင်ပွန်းတပ်ခံခဲ့ရသည့် ဦးသိန်းစိန်လက်ထက်ထပ်နှင့်ယှဉ်လျှင် လက်ရှိ NLD အစိုးရလက်ထက်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်တို့တွင် ကြီးမားသောအဟန့်အတားများနှင့် မမျှော်လင့်ခဲ့သည့် စိတ်ပျက်စရာအခြေအနေများ ပိုမိုကြုံခဲ့ရသည်ဟု မှတ်ချက်ပြုမှုများလည်း ရှိနေသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်လျှင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) သည် လူအများအကြား ထင်ပေါ်ခဲ့သည့်ပုဒ်မ အစိုးရတာဝန်ရှိသူများအနေဖြင့် ၎င်းတို့ အပေါ်ဝေဖန်မှုများချုပ်ငြိမ်းစေရန် အဓိကအသုံးပြုသည့် ပုဒ်မတစ်ခုအဖြစ် ထင်မြင်ခဲ့ရသည်။

ယခင်အစိုးရလက်ထက်တွင် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲခဲ့ရသောအမှု အရေအတွက် ၁၁ ခုသာရှိပြီး လက်ရှိအစိုးရလက်ထက်တွင် ဥပဒေမပြင်ဆင်ရသေးခင် တရားစဲွဲခံရသောအမှု ၉၀ မှုနှင့် ဥပဒေပြင်ဆင်ပြီး ၄၃ မှုတို့ ရှိခဲ့သည်အထိ များပြားကြောင်း စစ်တမ်းများက ဖော်ပြကြသည်။ ယင်းထဲတွင် သတင်းမီဒီယာများအပေါ် ဆက်သွယ်ရေး ဥပဒေဖြင့် တရား စွဲဆိုမှုမှာ ၁၉ မှုနှင့် တရားရင်ဆိုင်နေရသော သတင်းသမား ၂၇ ဦးအထိ ရှိနေသည့် ကိန်းဂဏန်းအချက်အလက်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ လူထုရွေးချယ်လိုက်သော အရပ်သားအစိုးရအတွက် ထောက်ပြစရာဖြစ်နေသည်။ လူထု ပြင်းပြင်းထန်ထန် ဝေဖန်သံများကြောင့် ဆက်သွယ်ရေးဥပဒေတွင် အာမခံရနိုင်သည့် အချက်အပါအဝင် အချက်အချို့ ပြင်ဆင်လိုက်ပြီးနောက်တွင်လည်း နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် ၁၂၄(က)ကဲ့သို့ ပုဒ်မများဖြင့် တရားစွဲဆိုမှုများ ရှိလာခဲ့ပြန်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ပြည်သူများအကြား ဒီမိုကရေစီအစိုးရတစ်ရပ်၏ လက်အောက်၌ရှိသော လူတစ်ဦးချင်းလွတ်လပ်ခွင့်နှင့် ဝေဖန်ပိုင်ခွင့်စသည့် ဒီမိုကရေစီ၏ စံချိန်စံညွှန်းအပေါ် မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်။

အစိုးရအပေါ် အပြုသဘောဆောင်ဝေဖန်မှု ပြည်သူတို့၏ လွတ်လပ်စွာထောက်ပြ ဝေဖန်ပိုင်ခွင့်နှင့် အစိုးရဘက်မှ အကြည်ညိုပျက်စေမှုဆိုသည့်အမြင်များကြားတွင် အငြင်းပွားစရာများလည်း ရှိလာသည်။ အစိုးရကို ဝေဖန်ခြင်း၊ တိုက်ခိုက်ခြင်း၊ အကြည်ညိုပျက်စေခြင်းနှင့် အစိုးရ အုပ်ချုပ်သူလူတန်းစားတို့၏ ပွင့်လင်းမြင်သာမှုနှင့်  တာဝန်ယူ၊ တာဝန်ခံမှု အပိုင်းတို့တွင် အပြန်အလှန် ဝိဝါဒကွဲစရာများရှိလာသည်။ ပြည်သူတို့အနေဖြင့် လွတ်လပ်မှုကို လိုလားခြင်းကြောင့် အာဏာရှင်စနစ်ကို တိုက်ဖျက်ကာ ဒီမိုကရေစီစနစ်ကို ထူထောင်လိုကြခြင်းဖြစ်သည်။ သို့သော် လွတ်လပ်မှုနှင့် ဒီမိုကရေစီက အဓိကတောင်းဆိုသော အကြောင်းအရာသည် တာဝန်ယူမှုပင်ဖြစ်သည်။ ပြည်သူတို့အနေဖြင့် မိမိတို့လိုလားသော စနစ်တစ်ခုအတွက် တာဝန်ယူမှုရှိရန် လိုအပ်သကဲ့သို့ ပြည်သူကရွေးချယ်လိုက်သော အစိုးရသည်လည်း ဒီမိုကရေစီစနစ်နှင့်အညီ တာဝန်ယူ တာဝန်ခံရန် လိုအပ်သည်။

ပြည်သူတို့ဘက်မှ မဟုတ်မမှန် ဝေဖန်သည့်အခါဖြစ်စေ၊ အစိုးရတစ်ရပ် အဖွဲ့အစည်းတစ်ရပ်အပေါ် တိုက်ခိုက်သည်ဟု ယူဆသောအခါတွင်ဖြစ်စေ မိမိတို့အသုံးပြုလိုသော ပုဒ်မအမျိုးမျိုးကိုသုံးစွဲသကဲ့သို့ပင် မိမိတို့အနေဖြင့်လည်း ဒီမိုကရေစီ၏ စံနှုန်းများနှင့်အညီ ရပ်တည်မှု ရှိ၊မရှိ ဆိုသည့်အချက်အပေါ် သက်သေပြနိုင်ရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက အာဏာရှိသူနှင့် ပြည်သူအကြား မမျှတမှုမှ ပဋိပက္ခများအထိ ပြဿနာကြီးထွားလာပေလိမ့်မည်။ သို့ဆိုလျှင် ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ဖြင့် အစိုးရယန္တရားကို လည်ပတ်ဆောင်ရွက်နိုင်သော အစိုးရတစ်ရပ်သည် လူထုအတွက် အစိုးရကောင်းဖြစ်ရန် လိုပေလိမ့်မည်။ သို့မဟုတ်ဘဲ Good Governance အုပ်ချုပ်မှုကောင်းတစ်ရပ်တွင်  ရှိထိုက်သော၊ လိုက်နာထိုက်သောအချက်များကို လျစ်လျူရှုတတ်သည့် အစိုးရတစ်ရပ် ဖြစ်ပါက လူထုဘက်တွင် မရှိသောအစိုးရ တစ်နည်းအားဖြင့် အစိုးရဆိုးအဖြစ် သတ်မှတ်ကာ ဝေဖန်ထိုးနှက်ခံရမည်မှာ မလွဲပေ။  အစိုးရ၏ အုပ်ချုပ်မှုကောင်းခြင်း၊ ဆိုးခြင်းကို တရားဥပဒေ စိုးမိုးမှု Rule of Law ၊ ပွင့်လင်းမြင်သာမှု Transparency နှင့် တာဝန်ယူတာဝန်ခံမှု Accountability တို့ဖြင့် အကဲဖြတ်နိုင်သည်။ ၎င်းအချက်တို့သည် ဒီမိုကရေစီစနစ်တွင် အရေးပါသော ဒေါက်တိုင်များလည်းဖြစ်သည်။ ဒီမိုကရေစီအစိုးရဟု သတ်မှတ်လိုလျှင် ယင်းစံချိန်စံညွှန်းများကို ဥပေက္ခာပြု၍မရဘဲ သီလစောင့်သကဲ့သို့ ကျင့်သုံးရမည်ဖြစ်သည်။

ပြည်သူများအနေဖြင့် ကောင်းသောအစိုးရကိုသာမက ရိုးသားသောအစိုးရကိုလည်း လိုလားကြသည်။ သို့ဖြစ်ရာ မိမိတို့လိုလားသောအစိုးရတစ်ရပ်ကို ရွေးကောက်တင်မြှောက် ခြင်းအပြင် ဝန်းရံခြင်း၊ ဝေဖန်ထောက်ပြခြင်းသည်လည်း တာဝန်တစ်ရပ်အဖြစ်ခံယူကြသည်။ တစ်နည်းအားဖြင့် အာဏာရှင်စနစ်တွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုအပေါ် ပြည်သူက ရွေးချယ်ခွင့်မရှိသော်လည်း ဒီမိုကရေစီအစိုးရတစ်ရပ်တွင် ယင်းအခွင့်အရေးကို ပြည်သူက အပြည့်အဝတောင်းဆိုကြပေလိမ့်မည်။ အဘက်ဘက်မှနိမ့်ကျနေသော နိုင်ငံတွင် အစိုးရ၏ဆောင်ရွက်ချက်များ ပြဋ္ဌာန်းလိုက်သည့်ဥပဒေများ စီးပွားရေးအရ ဖော်ဆောင်ခဲ့သည့်စီမံကိန်းကြီးများသည် ပြည်သူတို့ကို ထိခိုက်နစ်နာမည်ဆိုလျှင် ယင်းသို့ လုပ်ဆောင်မှုများအတွက် တာဝန်ယူ တာဝန်ခံသင့်ပေသည်။ သို့ဖြစ်ရာ ဝေဖန်ထိုးနှက်လာမှုများအပေါ် အစိုးရအနေဖြင့် အကဲဆတ်မည်ဆိုပါက မိမိတို့၏ ရိုးသားမှုနှင့် အစိုးရကောင်းတို့၏ ကျင့်ဝတ် စံပေတံများကို ထိန်းသိမ်းရမည်ဖြစ်ကာ  အစိုးရဆိုး မဖြစ်စေရေးအတွက်  တာဝန်ယူ တာဝန်ခံမှုကို အလေးထားရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ် ၃၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent