ပေါ့ပေါ့တန်တန် သဘောမထားအပ်သော ငွေကြေးအကျပ်အတည်း

ပေါ့ပေါ့တန်တန် သဘောမထားအပ်သော ငွေကြေးအကျပ်အတည်း
Published 19 August 2018

ကမ္ဘာတစ်ဝန်း အတိုင်းအတာများနှင့်ယှဉ်၍ ဒေါ်လာဈေးများ ဆက်လက်မြင့်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်လက်ဖြစ်ပွားပါက အထွေထွေကျပ်တည်းမှုများ ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေး ရှောင်တာနယ်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။ သြဂုတ် ၁၇ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Novotel ဟိုတယ်တွင် ကျင်းပသည့် Dr.Sean Turnell ၏ “Myanmar's Economy 2018 Progress, Problems, Possibilities” ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေး ရှောင်တာနယ်အား The Daily Eleven သတင်းစာ က ဒေါ်လာဈေးအတက်နှင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်လက်ဖြစ်ပေါ်ပါက အထွေထွေကျပ်တည်းမှုများ ဖြစ်ပွားနိုင်သလား။ ဖြစ်ပွားမည်ဆိုပါက မည်သည့်အချိန်အထိ ဖြစ်ပွားနိုင်သလဲဟု မေးမြန်းချက်မှုအပေါ် ရှောင်တာနယ်က ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။

“လက်ရှိ ဖြစ်ပွားနေတဲ့အခြေအနေတွေက ကမ္ဘာ့တစ်ဝန်းမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေအပေါ် အများကြီးမူတည်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံခြား ငွေလဲလှယ်မှုနှုန်း မြင့်မားခြင်းနဲ့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေတာတွေအပေါ်ကို သက်ရောက်မှုရှိနိုင်တဲ့ အကြောင်းအချက်တွေက များပြားလွန်းလှပါတယ်။ ဥပမာတစ်ခုပေးရရင်တော့ လက်ရှိ တူရကီနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စီးပွားရေးအကျပ်အတည်းတွေက လက်ရှိ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေအပေါ် သက်ရောက်မှုရှိသလို ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်ကြားထဲမှာ နားလည်မှုတစ်ခု ရယူနိုင်ခဲ့တာမျိုးရှိခဲ့ရင် အခြေအနေအကောင်းအဖြစ် ပြောင်းလဲတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေရှည်အကျပ်အတည်းတွေ ဆက်ရှိနေဦးမယ်ဆိုရင် အထွေထွေကုန်ဈေးနှုန်းတွေ တက်လာခြင်းအပါအဝင် တခြားသော အကျပ်အတည်းတွေလည်း ရှိကိုရှိလာနိုင်တယ်” ဟု ရှောင်တာနယ်က ပြောကြားသည်။

သို့သော် ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက “အကျပ်အတည်းက အခုမှ မဟုတ်ပါဘူး။ အရင်ကတည်းက ဖြစ်နေတာ။ ဒါပေမဲ့ သူ (ရှောင်တာနယ်) ပြောတာက လိုရင်းမရောက်ဘူး ဖြစ်နေတယ်။ အဖြေမပါဘူး။ ဝေ့လည်ကြောင်ပတ်ဖြစ်နေတယ်။ ကျွန်တော်တို့ မြန်မာပြည်က လုပ်ငန်းရှင်တွေ ပြည်သူတွေ လိုချင်တာ ဒီအဖြေမဟုတ်ဘူး။ လက်ရှိ ဘယ်လိုဖြေရှင်းမလဲ။ တစ်ခုခုပေါ့။ တိုးတက်တဲ့နိုင်ငံတွေမှာတော့ Incentive  တွေ ပေးနေပြီ။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ Incentive ရထိုက်တဲ့ ကံမပါလာဘူးလား။ ပညာရှင်တွေကို လေးစားပါတယ်။သီအိုရီပိုင်းတော့ အရမ်းမှန်တယ်။ ဒါပေမဲ့ လက်ရှိမြင်တဲ့အတိုင်းပဲ။ လက်တွေ့အခြေအနေပိုင်းမှာဆိုရင် အားလုံးမြင်တဲ့အတိုင်း လှုပ်လှုပ်လှုပ်လှုပ်ဖြစ်နေတယ်။ ဘယ်အချိန်မှာ ထပြီး ပေါက်ကွဲလာမလဲ မသိဘူး။ စီးပွားရေးသမားတွေ ညည်းနေကြပြီ။ သူတို့ရဲ့နောက်ကွယ်မှာ လူတွေ သောင်းချီ ရှိနေကြတယ်။ စီးပွားရေးသမားဆိုတာ အမြတ်အစွန်းရဖို့ လုပ်တယ်ဆိုတာ မှန်ပေမယ့်လည်း သူတို့အကြောက်ဆုံးက လုပ်ငန်းရပ်တန့်သွားမှာကို အကြောက်ဆုံးပဲ။ ရှုံးတာမြတ်တာကို မကြောက်ဘူး။ အလုပ်ရပ်သွားမှာကို ကြောက်တယ်” ဟု ဆိုသည်။

ဘောဂဗေဒပညာရှင် ဒေါက်တာဦးမြင့်ကလည်း အစိုးရတစ်ရပ်ကို ပြုတ်ကျစေနိုင်သော ငွေကြေးအကျပ်အတည်းအား အထင်မသေးရန် သြဂုတ် ၄ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ပြုလုပ်သည့် 'ငွေကျပ် လဲလှယ်နှုန်း ဘာတွေဖြစ်နေသလဲ' ဟောပြောပွဲ၌ သတိပေးပြောကြားသည်။ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော ကျပ်ငွေတန်ဖိုး ကျဆင်းနေသည့် ငွေကြေးလဲလှယ်နှုန်း အခြေအနေအပေါ် ၁၉၉၇၊ ၁၉၉၈ ခုနှစ် ငွေရေးကြေးရေး အကျပ်အတည်းတွင် အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ နှင့် နှိုင်းယှဉ်၍ ဒေါက်တာဦးမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။ “၁၉၉၇၊ ၁၉၉၈ ခုနှစ် တုန်းက အင်ဒိုနီးရှားမှာ ဘာနဲ့စသလဲဆိုတော့ Currency Problem နဲ့စတာ။ ငွေ ကျပ်တာကနေ စတာ။ ကောင်းကောင်း မလုပ်တတ်တာနဲ့ ဘာဖြစ်သွားလဲဆိုတော့ ငွေရေး ကြေးရေးပြဿနာ (Financial Problem) ဖြစ်သွားတယ်။ ငွေကြေးပြဿနာ (Currency Problem) ကနေ ငွေရေးကြေးရေးပြဿနာ (Financial Problem) ဖြစ်သွားတယ်။ အဲဒီကနေ စီးပွားရေးပြဿနာ (Economic Problem) ဖြစ်လာတယ်။ နောက်တော့ လူမှုရေးပြဿနာ (Social Problem) ဖြစ်လာတယ်။ အဲဒီကနေ နိုင်ငံရေးပြဿနာ (Political Preoblem) ဖြစ်လာတယ်။ နောက်တော့ (Security Problem)  ဖြစ်လာတယ်။ ဆန္ဒပြကြတယ်။ အစိုးရ ပြုတ်ကျသွားတယ်။ စတာကတော့ Currency နဲ့ စတယ်။ နောက် Financial ဖြစ်လာတယ်။ Economic ဖြစ်တယ်။ Social ဖြစ်လာတယ်။ နောက်ပိတ်ဆုံးမှာ အစိုးရ ပြုတ်ကျသွားတယ်။ အင်ဒိုနီးရှားမှာ ဖြစ်ခဲ့တာ။ သတိထားဖို့ Currency ကို သွားပြီး အထင်မသေးပါနဲ့”  ဟု ဒေါက်တာဦးမြင့်က ဆက်လက်ပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးအကျပ်အတည်းတစ်ရပ်ဆီသို့ ဦးတည်သွားစေနိုင်သည့် ငွေကြေးအကျပ်အတည်းအား အထင်မသေးဘဲ ထိရောက်စွာဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေကြရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ်လ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent