ရာဇဝတ်မှုဗေဒနှင့် လူ့အဖွဲ့အစည်း

ရာဇဝတ်မှုဗေဒနှင့် လူ့အဖွဲ့အစည်း
Published 14 August 2018

တရားဥပဒေထိန်းသိမ်းရေးနှင့် ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်ကို လေ့လာခြင်းအား ရာဇဝတ်မှုဗေဒဟု ခေါ်သည်။ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေး၌ အလုပ်လုပ်မည့် လူတစ်ဦးသည် ရာဇဝတ်မှုဗေဒနှင့် ပတ်သက်၍ ဘွဲ့တစ်ခု ရရှိထားသင့်သည်။ အမှန်တကယ်၌ ရာဇဝတ်မှုဗေဒသည် လူမှုဗေဒ ဘာသာခွဲတစ်ရပ်ဖြစ်ပြီး သမိုင်းကြောင်း ရှည်လျားစွာ ရှိခဲ့သော်လည်း သိပ္ပံနည်းကျ စည်းမျဉ်းတစ်ရပ်အဖြစ် မကြာသေးမီကမှ အသိအမှတ်ပြုခဲ့ကြခြင်းဖြစ်သည်။ ရာဇဝတ်မှုဗေဒပညာရှင်သည် ရာဇဝတ်မှုများနှင့် ပတ်သက်သည့် အတိုင်းတာကျယ်ဝန်းလှသော အကြောင်းအရာများကို ရှုမြင်ရသည်။ ၎င်းတို့သည် ရာဇဝတ်မှုကို ဖြစ်စေသည့် အကြောင်းရင်းများကိုသာမက လူမှုရေးဆိုင်ရာ ရိုက်ခတ်ချက်များကိုလည်း လေ့လာရသည်။ အချုပ်အားဖြင့်ဆိုလျှင် ရာဇဝတ်မှုဗေဒပညာရှင်သည် စံလွဲနေသော အပြုအမူများနှင့် ပတ်သက်၍ တွေးနိုင်သမျှ ရှုထောင့်တိုင်းကို ရှုမြင်ရသည်။ ယင်းတွင် ကျူးလွန်ခံရသူ တစ်ဦးချင်းနှင့် ၎င်းတို့၏မိသားစုများ၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးနှင့် ရာဇဝတ်မှုတို့ ကျူးလွန်သူတို့ကိုယ်တိုင်တို့အပေါ် ရာဇဝတ်မှု၏ ရိုက်ခတ်ချက်များ ပါဝင်သည်။

ရာဇဝတ်မှုဗေဒက အဓိကထားသည့် သီးခြားနယ်ပယ်များ အနေဖြင့် ရာဇဝတ်မှု ဖြစ်ပွားနှုန်း၊ ရာဇဝတ်မှုဖြစ်ပွားသည့်နေရာများ၊ ရာဇဝတ်မှုဖြစ်ပွားစေသည့်အကြောင်းရင်း၊ ရာဇဝတ်မှုနှင့် ပတ်သက်သည့် လူမှုရေးဆိုင်ရာနှင့် တစ်ဦးချင်းဆိုင်ရာ အကျိုးဆက်များ၊ ရာဇဝတ်မှုနှင့် လူမှုရေးဆိုင်ရာ ဆက်နွှယ်ချက်များ၊ ရာဇဝတ်မှုအပေါ် လူတစ်ဦးချင်း၏ တုံ့ပြန်မှုများနှင့် ရာဇဝတ်မှုအပေါ် အစိုးရ၏ တုံ့ပြန်မှုများတို့ ပါဝင်သည်။ အမှန်တကယ်၌ ရာဇဝတ်မှုဗေဒ၏ အဆုံးသတ်ပန်းတိုင်သည် ရာဇဝတ်မှုဖြစ်စေသော အပြုအမူနှင့် ပတ်သက်သည့် အခြေခံအကြောင်းရင်းများကို သတ်မှတ်ရန်နှင့် ယင်းတို့ကို ကာကွယ်ရန်အတွက် ထိရောက်ပြီး လူသားဆန်သည့် နည်းလမ်းများ ဖွံ့ဖြိုးလာရန်ဖြစ်သည်။ ယင်းသည် စည်းမျဉ်းများနှင့်ပတ်သက်၍ အတွေးဆိုင်ရာ ဂိုဏ်းအမျိုးမျိုး ကွဲပြားသွားစေသည်။ ယင်းဂိုဏ်းအမျိုးမျိုးသည် စံလွဲနေသော အပြုအမူ၌ ပါဝင်သည့် အကြောင်းခြင်းရာများကို ရှုမြင်မှုနှင့်ပတ်သက်၍ ကွဲပြားခြားနားကြပြီး ယင်းအကြောင်းအရာများကို မည်ကဲ့သို့ အကောင်းဆုံး ချဉ်းကပ်မည်နည်းနှင့် ပတ်သက်၍ ကောက်ချက်အမျိုးမျိုး ကွဲပြားကြသည်။

ရာဇဝတ်မှုဗေဒနယ်ပယ်သည် ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်တစ်လျှောက် တိုးတက်မှုများ ရရှိခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။ ယင်းတိုးတက်မှုများတွင် ရာဇဝတ်မှုများကို တုံ့ပြန်ပုံနှင့် ကျူးလွန်ခံရသူနှင့် ကျူးလွန်သူ နှစ်ဖက်စလုံးအပေါ် ပြုကျင့်ဆက်ဆံပုံတို့ ပါဝင်သည်။ ယင်းမှနေ၍ ပါဝင်ပတ်သက်သူအားလုံးနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် ရာဇဝတ်မှုကြောင့် အမှန်တကယ် ပေးဆပ်ရမှုများအား ပို၍ကောင်းစွာ နားလည်နိုင်ရန် အထောက်အကူပြုသည်။ ရာဇဝတ်မှုဗေဒသည် ပို၍အထူးပြုဆန်သော နယ်ပယ်များပင်လျှင် ထပ်မံပေါ်ထွက်လာသည်။ ဥပမာအားဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုဗေဒဖြစ်သည်။ ရာဇဝတ်မှုဗေဒသည် ရဲတပ်ဖွဲ့၏ နည်းဗျူဟာနှင့် လုပ်ထုံးလုပ်နည်းများကိုပင် တိုးတက်လာစေနိုင်ပြီး ပြည်သူများနှင့် မကိုက်ညီသော အချက်များအား ပြုပြင်သွားစေနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ရာဇဝတ်မှုဖြစ်ပွားမှုနှုန်းကို လျှော့ချရေး၌ ရာဇဝတ်မှုဗေဒသည် လွန်စွာအရေးပါသောကြောင့် တရားဥပဒေထိန်းသိမ်းရေး၊ တရားစီရင်ရေးတို့နှင့် ပတ်သက်သူ မှန်သမျှသည် ရာဇဝတ်မှုဗေဒကို စနစ်တကျ လေ့လာထားရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ်လ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent