နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးကြီးထွားမှု

နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးကြီးထွားမှု
Published 11 August 2018

နိုင်ငံရေး မတည်ငြိမ်မှုသည် ပဋိပက္ခများ သို့မဟုတ် နိုင်ငံရေးပါတီအမျိုးမျိုးအကြား အလွန်အမင်း ပြိုင်ဆိုင်မှုကြောင့် ဖြစ်ပွားတတ်သည်။ စီးပွားရေးကြီးထွားမှုနှင့် နိုင်ငံရေး တည်ငြိမ်မှုတို့သည် အကြီးအကျယ် ဆက်စပ်ပတ်သက်လျက်ရှိသည်။ အခြားတစ်ဖက်တွင်လည်း မတည်ငြိမ်သော နိုင်ငံရေးဝန်းကျင်တစ်ရပ်နှင့် ယှဉ်တွဲနေသော မရေရာမှုသည် ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန်ကို လျော့ကျစေသည်။ အခြားတစ်ဖက်၌ ညံ့ဖျင်းသော စီးပွားရေးစွမ်းဆောင်ရည်သည် အစိုးရပြိုကျသွားခြင်းနှင့် နိုင်ငံရေး မငြိမ်မသက်မှုများဆီသို့ ဦးတည်သွားစေနိုင်သည်။ သို့သော် နိုင်ငံရေးတည်ငြိမ်မှုကို ဖိနှိပ်ခြင်းဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲ၌ ၎င်းအား ယှဉ်ပြိုင်အရွေးခံမည့် အားကောင်းသည့် ပြိုင်ဘက်မရှိသော နိုင်ငံရေးပါတီတစ်ရပ်ရှိခြင်းအားဖြင့်လည်းကောင်း ရယူနိုင်သည်။ ယင်းအနေအထား၌ နိုင်ငံရေးတည်ငြိမ်မှုဟူသည် အသွားနှစ်ဖက်ပါသော ဓားတစ်လက်သာဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှုက လိုအပ်သော သို့မဟုတ် အလိုရှိသော အနေအထား တစ်ရပ်ကို ပေးနိုင်သည့် ငြိမ်းချမ်းသော ဝန်းကျင်တစ်ရပ်ဖြစ်သည့်တိုင် ယင်းအနေအထား ၌ ပြစ်မှုကျူးလွန်သော်လည်း အရေးယူမခံရခြင်းများနှင့် ခရိုနီဝါဒတို့ အလွယ်တကူ ပေါက်ဖွားလာနိုင်သည်။ ယင်းသည် နိုင်ငံများစွာတို့အနေဖြင့် ပျက်စီးလွယ်သော နိုင်ငံရေးအခင်းအကျင်းတစ်ရပ်ကို ရင်ဆိုင်နေရသည့် အကျပ်အတည်းတစ်ရပ်ဖြစ်သည်။

နိုင်ငံရေးတည်ငြိမ်မှုကို လူသားတို့၏သမိုင်းရှိ ပုံသေသတ်မှတ်ချက်တစ်ရပ်အဖြစ် မည်သည့်နည်းနှင့်မျှ ပြုလုပ်၍မရပါ။ ဒီမိုကရေစီအစိုးရများသည်လည်း အခြားနိုင်ငံရေး အစိုးရများ အားလုံးကဲ့သို့ပင် ပျက်စီးလွယ်သည်သာဖြစ်သည်။ နိုင်ငံရေးစနစ်များနှင့်မဆိုင်ဘဲ နိုင်ငံတစ်နိုင်ငံအနေဖြင့် ပဋိပက္ခများနှင့် အုပ်ချုပ်ရေးစနစ်များ လုံးဝဥဿုံ ပြောင်းလဲသွားမှုများအား စိုးရိမ်ရန်မလိုအပ်ပါက ပြည်သူများအနေဖြင့် အလုပ်လုပ်ခြင်း၊ ငွေကြေးစုဆောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းတို့အပေါ်၌ အာရုံစိုက်နိုင်လိမ့်မည်ဖြစ်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် အဂတိလိုက်စားမှုနှင့်ပတ်သက်သော လက်တွေ့ကျသည့် စာတမ်းများတွင် အဂတိလိုက်စားမှုနှင့် အရေးပါစွာ ဆက်နွှယ်နေသည့် အကြောင်းအချက်ပေါင်း များစွာရှိသည်။ အဂတိလိုက်စားမှုကို လျှော့ချရန် တွေ့ရှိခဲ့သည့် အကြောင်းအချက်များထဲတွင် ဆယ်စုနှစ်ချီကြာ အစဉ်အလာရှိသည့် ဒီမိုကရေစီစနစ်နှင့် နိုင်ငံရေးတည်ငြိမ်မှုတို့ ပါဝင်သည်။ သို့သော် ယနေ့ခေတ်ကမ္ဘာကြီးတွင် နိုင်ငံများစွာတို့သည် ဖော်ပြပါ အချက်နှစ်ချက်ထဲမှ တစ်မျိုးမျိုးနှင့် ပတ်သက်လျက်ရှိသည်။ အချို့သည် နိုင်ငံရေးအရ တည်ငြိမ်သော အာဏာရှင်စနစ် နိုင်ငံများဖြစ်ပြီး အချို့သည် အသစ်ဖွဲ့စည်းဖြစ်ပေါ်လာ ပြီး တည်ငြိမ်မှုမရှိသေးသည့် ဒီမိုကရေစီနိုင်ငံများဖြစ်သည်။

နိုင်ငံရေးတည်ငြိမ်မှုသည် မည်သည့်အပြောင်းအလဲပုံစံကိုမဆို တားဆီးပိတ်ပင်ထားရုံသာမက ပြည်သူများကိုလည်း စိတ်ပျက်အားလျော့စေသည်ဟု အချို့က ရှုမြင်ကြသည်။ သို့သော် ဆန်းသစ်မွမ်းမံခြင်းနှင့် ဆင်ခြင်စဉ်းစားနိုင်သည့် ဦးနှောက်တို့သည် နောက်၌ အရန်သင့် ရှိသည်သာဖြစ်သည်။ ပိုမိုကောင်းမွန်သော အခွင့်အလမ်းများမှ တစ်ဆင့် ပို၍တောက်ပသောအနာဂတ်ကို ရရှိရန်အလို့ငှာ နိုင်ငံအများအပြားသည်  နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အစရှိသည့် ဘဝ၏ ကဏ္ဍအားလုံးတွင် အပြောင်းအလဲကို ရှာဖွေတတ်ကြသည်။ အမှန်တကယ်၌ မည်သည့်အပြောင်းအလဲမဆို စွန့်စားရသည်သာဖြစ်သည်။ ယင်းသည် လိုအပ်သည့်အရာလည်း ဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှုသည်  ယှဉ်ပြိုင်မှုများကို ခွင့်မပြုသည့် မိမိဘာသာ အားရကျေနပ်နေမှုပုံစံနှင့် တိုးတက်မှုမရှိဘဲ ငြိမ်သက်နေသည့်ပုံစံမျိုးလည်း ဖြစ်နိုင်သည်။ ယှဉ်ပြိုင်ခြင်းဆိုင်ရာ သဘောတရားများကို စီးပွားရေးတစ်ခုတည်း၌သာ သုံးရသည်မဟုတ်ပေ။ နိုင်ငံရေးစနစ်၊ ပညာရေး၊ ဆန်းသစ်မွမ်းမံရေးနှင့် အနုပညာ အစရှိသည့် အရာရာ၌ သုံးနိုင်သည်။ ဤနေရာ၌ နိုင်ငံရေး တည်ငြိမ်မှုဟူသည် အုပ်စိုးသူ အီလစ်များအား အမှန်တကယ်ပြိုင်ဆိုင်မှုနည်းပါးသည့် အနေအထားကို ရည်ညွှန်းခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဖိနှိပ်မှုများအားဖြင့် သို့မဟုတ် ပြိုင်ဘက်မရှိသော နိုင်ငံရေးအားဖြင့် ရယူထားသော နိုင်ငံရေးတည်ငြိမ်မှုသည် ပြည်သူတို့အား အခြေခံလူ့အခွင့်အရေး များစွာ ဆုံးရှုံးနိုင်စေသည့်အပြင် အာဏာအလွဲသုံးစားမှုများနှင့် အဂတိလိုက်စားမှုများ ို မွေးဖွားစေနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ်လ ၁၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent