မျှတသော တရားစီရင်မှုကို ရပိုင်ခွင့်

မျှတသော တရားစီရင်မှုကို ရပိုင်ခွင့်
Published 4 August 2018

ဘက်လိုက်မှုမရှိဘဲ တရားခွင်တရားသူကြီး သို့မဟုတ် တရားရေးအဖွဲ့က ကြီးကြပ်သည့် တရားခွင်ကို မျှတသော တရားစီရင်မှုဟု ခေါ်သည်။ မျှတသော တရားစီရင်မှုနှင့် ပတ်သက်သည့် အခွင့်အရေးအမျိုးမျိုးကို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ် ၁၀ ၌လည်းကောင်း၊ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ဆဋ္ဌမမြောက် ပြင်ဆင်ချက်၌လည်းကောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ဥရောပကွန်ဗင်းရှင်း အပိုဒ် ၆ ၌လည်းကောင်း အတိအလင်း ပြဋ္ဌာန်းထားသည့်အပြင် ကမ္ဘာတစ်လွှားရှိ မြောက်များစွာသော အခြားဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ကြေညာစာတမ်းများ၌ ထည့်သွင်းထားသည်။ သို့သော် မည်သည့်အရာသည် မျှတသော တရားစီရင်မှု မဟုတ်သနည်းဟု အဓိပ္ပာယ်သတ်မှတ်ထားသည့် နိုင်ငံတကာဥပဒေဆိုင်ရာ ဖော်ပြချက်မျိုး မရှိပါ။ အမှုစစ်ဆေးမှုနှင့်ပတ်သက်သော အခွင့်အရေးနှင့် အခြားအရေးကြီးသည့် လုပ်ငန်းစဉ်များသည် နိုင်ငံအလိုက် ကွဲပြားခြားနားကြသည်။

မျှတသော တရားစီရင်မှု ရပိုင်ခွင့်သည် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ကဲ့သို့သော အစဉ်အလာ နိုင်ငံတကာဥပဒေများကို ဖော်ပြသည့် ကြေညာစာတမ်းများစွာ၌ အလွန်အထောက်အကူပြုသည်။ “စွပ်စွဲခံရသူကို အပြစ်ရှိကြောင်း သက်သေထင်ရှား မပြနိုင်မချင်း အပြစ်မဲ့သူအဖြစ် မှတ်ယူရမည်” ကဲ့သို့သော မျှတသော တရားစီရင်ရေး ရပိုင်ခွင့်ဆိုင်ရာ အချက်အချို့ကို UDHR ၏ အပိုဒ် ၆၊ ၇၊ ၈ နှင့် ၁၁ တို့$ ထည့်သွင်းဖော်ပြထားသော်လည်း အဓိက သဘောတရားမှာ အပိုဒ် ၁၀ ၌ ပါဝင်သည်။ အပိုဒ် ၁၀ တွင် “၎င်း၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များနှင့်ပတ်သက်၍လည်းကောင်း၊ ၎င်းအပေါ် စွဲဆိုထားသော အမှုများနှင့် ပတ်သက်၍လည်းကောင်း  ဆုံးဖြတ်ရာ၍ လူတိုင်းလူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော ခုံအဖွဲ့၏ လူသိရှင်ကြားနှင့် တရားမျှတစွာ စစ်ဆေးကြားနာမှုကို တန်းတူညီမျှမှု အပြည့်အ၀ ခံစားပိုင်ခွင့် ရှိသည်” ဟု ပြဋ္ဌာန်းထားသည်။

မျှတသော တရားစီရင်ရေး ရပိုင်ခွင့်ကို ဒေသအလိုက်နှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဖော်ပြချက်များစွာတို့၌ သတ်မှတ်ပြဋ္ဌာန်းထားသည်။ ယင်းသည် အကျယ်ပြန့်ဆုံးသော လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဖော်ပြချက်များအားလုံး၌ အပိုဒ်တစ်ပိုဒ်မက ထည့်သွင်းထားသည်။ မျှတသော တရားစီရင်ရေး ရပိုင်ခွင့်သည် တရားစွဲဆိုမှုနှင့် အသက်ဆိုင်ဆုံး လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ယင်းလူ့အခွင့်အရေးနှင့်ပတ်သက်၍ ဖွင့်ဆိုချက်တွင် အဓိကကျသော အမှုဆိုင်ရာ ဥပဒေတစ်ရပ်အဖြစ် ထူထောင်ထားခဲ့သည်။ မျှတသော တရားစီရင်ရေး ရပိုင်ခွင့်နှင့်ပတ်သက်၍ စကားရပ် ဖော်ပြခြင်းနှင့် နေရာချထားခြင်းတွင် အမျိုးမျိုးကွဲပြားသော်လည်း နိုင်ငံတကာ လူ့အခွင့်အရေး ဖော်ပြချက်များက မျှတသော တရားစီရင်ရေးရပိုင်ခွင့်ကို တူညီသော စကားရပ်များဖြင့် ကျယ်ပြန့်စွာ သတ်မှတ်ထားသည်။ ယင်းအခွင့်အရေး၏ ရည်ရွယ်ချက်မှာ သင့်လျော်မှန်ကန်သည့် တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်မှုဖြစ်ရန် သေချာစေရေးဖြစ်သည်။  အနည်းဆုံးအနေဖြင့် မျှတသော တရားစီရင်ရေး ရပိုင်ခွင့်တွင် အောက်ဖော်ပြပါအချက်များ ပါဝင်သည်။

ယင်းတို့မှာ ကျွမ်းကျင်သော၊ လွတ်လပ်သောနှင့် ဘက်မလိုက်သော တရားသူကြီး အဖွဲ့က ကြားနာစစ်ဆေးမှုကို ရပိုင်ခွင့်၊ လူသိရှင်ကြား ကြားနာစစ်ဆေးမှုကို ရပိုင်ခွင့်၊ ကျိုးကြောင်းဆီလျော်သည့် အချိန်ကာလတစ်ရပ်အတွင်း ကြားနာစစ်ဆေးမှုကို ရပိုင်ခွင့်၊ တိုင်ပင်ညှိနှိုင်း အကြံပြုမှုကို ရပိုင်ခွင့်၊ အဓိပ္ပာယ်ဖွင့်ဆိုရှင်းပြမှုကို ရပိုင်ခွင့်တို့ ဖြစ်ကြသည်။ နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ ဖော်ပြချက်များ၌ အထူးပြုသတ်မှတ်ထားသည့် အခြေအနေရပ်များ အောက်၌သာ မျှတသော တရားစီရင်ရေး ရပိုင်ခွင့်ကို လျှော့ချမှု သို့မဟုတ် မျှတသော တရားစီရင်ရေး ရပိုင်ခွင့်ကို ကန့်သတ်မှု လုပ်ပိုင်ခွင့်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ မျှတသော တရားစီရင်ရေး ရပိုင်ခွင့်သည် အရေးကြီးသော လူ့အခွင့်အရေးတစ်ရပ် ဖြစ်သည်နှင့်အညီ တရားဥပဒေစိုးမိုးရေး၌ လူတိုင်းလူတိုင်း မျှတသော တရားစီရင်မှုကို ရရှိရေး သေချာစေရန် လွန်စွာအရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ် ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent