သဘာဝဘေးအန္တရာယ်များနှင့် တာဝန်ခံမှု

သဘာဝဘေးအန္တရာယ်များနှင့် တာဝန်ခံမှု
Published 31 July 2018

သဘာဝဘေးအန္တရာယ်များသည် တစ်ကမ္ဘာလုံးနီးပါး၌ ပို၍အဖြစ်များလာပြီး ပို၍လည်း ပျက်စီးဆုံးရှုံးမှု များပြားလာနေသည်။ ယင်းကဲ့သို့သော အနေအထားတွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ မကောင်းသော ရိုက်ခတ်ချက်များကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရန် ပြင်ဆင်ထားမှုများနှင့် အဆင်သင့် ဖြစ်နေရမှုများပို၍ လိုအပ်လာကြောင်း တောင်းဆိုမှုများ ဖြစ်ပေါ်လာသည်။ သဘာဝဘေးအန္တရာယ်တစ်ရပ် ရိုက်ခတ်ပြီးသည်နှင့် ယင်းနောက်ပိုင်း အမြော်အမြင်ရှိသည့် စီမံခန့်ခွဲမှုတစ်ရပ်သည် ထိခိုက်ခံခဲ့ရသော လူအသီးသီးနှင့် လူ့အသိုင်းအဝိုင်းအသီးသီးတို့အား ပုံမှန်ဘဝသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် အထောက်အကူ ပြုနိုင်သည်။ ယင်းတို့အားလုံးသည် အစိုးရအဖွဲ့များ၊ အမျိုးမျိုးသော နိုင်ငံတော်အင်စတီကျူးရှင်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် လူ့အသိုင်းအဝိုင်းဆိုင်ရာ အဖွဲ့များ အစရှိသည့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့၏ လုပ်ဆောင်ချက်များပေါ်၌ မူတည်နေသည်။ တစ်ဖက်၌လည်း ဝင်ရောက်ဆောင်ရွက်မှု အမျိုးမျိုးနှင့်ပတ်သက်သော ရလဒ်များသည် ရင်းမြစ်များ၊ အစီအမံများ၊ ပူးပေါင်းဆောင်ရွက်မှုများ အရည်အသွေးဆိုင်ရာ ထိန်းချုပ်မှုနှင့် စောင့်ကြည့်ကွပ်ကဲမှုတို့အပေါ်၌ မူတည်နေသည်။ ထို့ကြောင့် အမှန်တကယ် သဘာဝဘေးဒဏ်သင့်သူများနှင့် သဘာဝဘေးဒဏ် ကျရောက်ခံရဖွယ်ရှိ သူများ၏ ဘဝအခွင့်အလမ်းများသည် အတိုင်းအတာ ကျယ်ပြောသော အင်စတီကျူးရှင်း တစ်ရပ်လုံး၏ စွမ်းဆောင်ရည်ပေါ်၌ မူတည်လျက်ရှိသည်။

အဓိက သက်ဆိုင်သူများ၏ စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင် မည်သို့မည်ပုံ ပြုလုပ်မည်နည်းဟူသည့် အရေးကြီသော မေးခွန်းတစ်ရပ် ပေါ်ထွက်လာသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ထိရောက်သော တာဝန်ခံမှုဆိုင်ရာ လုပ်ငန်းစဉ်များကို အင်စတီကျူးရှင်းဆန်အောင် ပြုလုပ်ရေးသည် ရှေ့ဆက်လုပ်ဆောင်ရမည့် နည်းလမ်းတစ်ရပ် ဖြစ်လာသည်။ တာဝန်ခံမှု လုပ်ငန်းစဉ်များသည် တုံ့ပြန်ရေး၊ နာလန်ထရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၊ ကာကွယ်ရေး၊ လျော့ပါးသက်သာစေရေးနှင့် ကြိုတင်ပြင်ဆင်ရေးတို့ဟူသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အဆင့်အသီးသီး၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ယင်းကဲ့သို့သော လုပ်ငန်းစဉ်များ ချို့တဲ့ခြင်းသည် အနေအထားများစွာတို့၌ ဝင်ရောက်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ထိရောက်မှုကို လျော့ကျစေသည်။

အမှန်တကယ်၌ တာဝန်ခံမှုရှိခြင်းသည် ကောင်းသောအုပ်ချုပ်ရေး၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံမှုရှိခြင်းသည် အဂတိလိုက်စားမှုနှင့် ပြည်သူ့ရင်းမြစ်များ အလဟဿဖြစ်ရခြင်းတို့ကို ဖယ်ရှားနိုင်ရန်နှင့်  ရည်ရွယ်ထားသည့် လူအုပ်စုများထံသို့ အကျိုးကျေးဇူးများ ရောက်ရှိရေး သေချာစေရန် အရေးကြီးသည်။ လေ့လာချက်များအရ အများပူးပေါင်းလုပ်ဆောင်မှု၌ တာဝန်ခံမှု ချို့တဲ့ခြင်းသည် ဆက်ဆံ/ဆက်သွယ်ရေး ချို့တဲ့ခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။ အခြားလေ့လာချက်များအရ ဘေးဒဏ်ခံရသူများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများအား လူမှုရေးဆိုင်ရာ တာဝန်ခံမှုနှင့် ဘေးတိုက်နှင့် အထပ်အောက် တာဝန်ခံမှုတို့ကဲ့သို့သော ချမှတ်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းမရှိသောကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။ အထွေထွေသဘောအရ တကယ့်လက်တွေ့ရလဒ်များအားဖြင့် ဝင်ရောက်ဆောင်ရွက်မှုများ၏ အမှန်တကယ်ထိရောက်မှုများကို တိုင်းတာရန် အထက်အောက်သို့ တာဝန်ခံမှုများ ဖွံ့ဖြိုးလာရန် လိုအပ်သည်ဟု ဆိုနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ဝင်ရောက်ဆောင်ရွက်မှု အစီအစဉ်များထဲသို့ ထိရောက်သော တာဝန်ခံမှု လုပ်ငန်းစဉ်များကို ထည့်သွင်းတည်ဆောက်နိုင်ပါက အားနည်းချက်များ ဖြစ်ပေါ်လာနိုင်ခြေများစွာကို ရှောင်ရှားနိုင်လိမ့်မည်ဖြစ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင်လ ၃၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)

Most Read

Most Recent