စီးပွားရေး အနေအထားနှင့် အစိုးရ၏ သြဇာသက်ရောက်မှု

စီးပွားရေး အနေအထားနှင့် အစိုးရ၏ သြဇာသက်ရောက်မှု
Published 21 July 2018

ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးသည်ပင်လျှင် တည်ငြိမ်သည်လည်း ရှိနိုင်၊ မတည်မငြိမ်ဖြစ်သည်လည်း ရှိနိုင်၏။ စီးပွားရေးအကျပ်အတည်းတစ်ရပ်အတွင်း ပြည်သူလူထုက အစိုးရအား ပြစ်တင်ဝေဖန်ကြမည်မှာလည်း ဓမ္မတာပင်။ မည်သို့ပင်ဖြစ်စေေ၀ ဖန်ပြစ်တင်မှုများ၏ နောက်မှနေ၍ ဖြေရှင်းပေးရန် တောင်းဆိုမှုများ လိုက်ပါ၍လာမည်သာ ဖြစ်သည်။ အချို့က အရင်းရှင်စီးပွားရေးစနစ်တွင် အစိုးရက ဝင်ရောက်စွက်ဖက်ခြင်းသည် ဆိုရှယ်လစ်စနစ်နှင့် အတူတူပင်ဖြစ်သွားလိမ့်မည်ဟု တွေးနိုင်သည်။ အမှန်တကယ်၌ အစိုးရအဖွဲ့အနေဖြင့် စီးပွားရေးကို ထိန်းချုပ်ရန် နည်းလမ်းများစွာဖြင့် လုပ်ဆောင်နိုင်သည်။

ဥပမာအားဖြင့် ငွေကြေးဖောင်းပွမှုပုံစံတစ်ရပ်တွင် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဈေးနှုန်းမြင့်တက်လာပြီး ငွေကြေးတန်ဖိုး ကျဆင်းသွားသည်ကို တွေးကြည့်နိုင်သည်။ ယင်းအနေအထား၌ အစိုးရက အခွန်ငွေကို ဆွဲတင်ကာ အသုံးအစွဲ လျှော့ချလိုက်ခြင်းမျိုး  ပြုလုပ်နိုင်သည်။ ထိုအခါ နိုင်ငံအတွင်း၌ ငွေကြေးထည့်သွင်းမှု လျှော့ချလိုက်ခြင်းကြောင့် ငွေကြေးတန်ဖိုး ပြန်လည်မြင့်တက်လာကာ ဈေးနှုန်းများ ကျဆင်းသွားစေနိုင်သည်။

ဈေးနှုန်းများ ကျဆင်းသွားပြီးဖြစ်သော်လည်း စီးပွားရေးအကျပ်အတည်းနှင့်ရင်ဆိုင်ရကာ အလုပ်လက်မဲ့နှုန်း အလွန်မြင့်မားသည့် အနေအထားကိုလည်း တွေးကြည့်နိုင် သည်။ ထိုအခါ ယင်းပြဿနာကို ဖြေရှင်းရန်အတွက် အစိုးရသည် စီးပွားရေးအတွင်းသို့ ငွေကြေးပို၍ ထည့်သွင်းရမည်ဖြစ်ပြီး အသုံးအစွဲကို မြှင့်တင်ရမည်ဖြစ်သည်။ အချို့သော အနေအထားများ၌ အခွန်အတုတ်များကို လျှော့ချရမည်ဖြစ်သည်။ ပြည်သူလူထု၏ လက်ထဲသို့ ငွေကြေးပိုမိုရောက်ရှိစေခြင်းဖြင့် ၎င်းတို့အား အသုံးအစွဲ ပိုမိုမြင့်တက်အောင် ပြုလုပ်ရမည် ဖြစ်သည်။ ထိုအခါ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု ဝယ်လိုအားမြင့်တက်လာပြီး လုပ်ငန်းများအား ရောင်းလိုအားမြင့်တက်အောင် ပြုလုပ်ရန် လှုံ့ဆော်နိုင်မည်ဖြစ်သည်။ ရောင်းလိုအား မြင့်တက်အောင် ထုတ်လုပ်သည့်အခါ လုပ်သားများ ငှားရမ်းမှု မြင့်တက်လာမည် ဖြစ်သည်။ ယင်းသည် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပုံနှင့် စီးပွားရေးရောင်နီသန်းလာအောင် ပြုလုပ်ပုံဖြစ်သည်။

အစိုးရအနေဖြင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းကဲ့သို့သော စီမံကိန်းများကို စတင်လုပ်ဆောင်ခြင်းဖြင့်လည်း အလုပ်လက်မဲ့များအား အလုပ်ရရှိအောင် ပြုလုပ်နိုင်သည်။ ယင်းသည်လည်း ပြည်သူလူထု၏ အိတ်ကပ်ထဲသို့ ငွေကြေးများထည့်ပေးခြင်းဖြစ်ပြီး ၎င်းတို့အား ငွေကြေးသုံးစွဲမှုပြုလုပ်ရန် အားပေးကာ စီးပွားရေးကို နွှေးပေးခြင်း ဖြစ်သည်။

၎င်းအပြင် ကြီးမားသော ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရေး မလုံလောက်အောင် သေးငယ်လွန်းသည်ဟု ယူဆရသော အချို့သောလုပ်ငန်းများမှ ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများကို ဝယ်ယူအားပေးသည့် မူဝါဒမျိုးကိုလည်း ကျင့်သုံးနိုင်သည်။ ယင်းသည် အစိုးရက ၎င်းတို့အား ငွေကြေးရရှိရေးအတွက် ကူညီရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သို့သော် ယင်းကဲ့သို့ အားပေးသင့်သည့် လုပ်ငန်းများအား ရွေးချယ်ရန် တိကျသည့် သတ်မှတ်ချက်များ ရှိထားရမည် ဖြစ်သည်။

အထက်ဖော်ပြပါ ဥပမာများသည် စီးပွားရေးအနေအထားအလိုက် အစိုးရအနေဖြင့် သြဇာသက်ရောက်ကာ ဝင်ရောက်ထိန်းချုပ်နိုင်ပုံ နည်းလမ်းအနည်းငယ်မျှသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံအနေဖြင့် စီးပွားရေးအကျပ်အတည်းတစ်ရပ်နှင့် ရင်ဆိုင်ရချိန်၌ ဖြစ်ပေါ်နေသည့် အနေအထားနှင့် ကိုက်ညီသော မူဝါဒများချမှတ်ကာ အစိုးရက မဖြစ်မနေ ဖြေရှင်းပေးရမည်သာ ဖြစ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင် ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent