မြန်မာ့စီးပွားရေး လဲပြိုသွားနိုင်သလား

မြန်မာ့စီးပွားရေး လဲပြိုသွားနိုင်သလား
Published 19 July 2018

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း မြင့်တက်လာမှုနှင့်အတူ ပြည်တွင်းဈေးကွက်၌ ငါးလတာအတွင်း နိုင်ငံခြားငွေလဲနှုန်းသည်လည်း တစ်စတစ်စ မြင့်တက်လာခဲ့သည်။ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့် မြန်မာ့စီးပွားရေး အခြေအနေသည်လည်း အဘက်ဘက်မှ စိုးရိမ်စရာကောင်းသည့် အခြေအနေသို့ စိုက်ဆင်းလာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ တစ်လကျော်အတွင်း မြန်မာကျပ်ငွေတန်ဖိုးသည် ခြောက်ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး ယမန်နေ့က နိုင်ငံခြားငွေလဲနှုန်းကိုကြည့်လျှင် တစ်ဒေါ်လာ ၁၄၂၆ ကျပ်အထိ မြင့်တက်သွားခဲ့ရာ သမိုင်းတစ်လျှောက် စံချိန်တင်ခဲ့သော ဒေါ်လာဈေးနှုန်းသို့ရောက်ရန် ၁၂ ကျပ်ခန့်သာလိုတော့သည်ကို တွေ့ရသည်။ တချို့ရက်များတွင် ဒေါ်လာငွေလဲနှုန်းမှာ ၁၀ ကျပ်ခန့် ခုန်တက်သွားသည်။ ဇွန်လလယ်မှစ၍ ဆက်တိုက်မြင့်တက်ခဲ့သည့် နိုင်ငံခြားငွေလဲနှုန်းသည် ဇူလိုင် ၁၈ ရက်တွင် ပို့ကုန်ရငွေတစ်ဒေါ်လာ ၁၄၄၆ ကျပ်၊ စင်ကာပူဘဏ်စာရင်းဈေး (away) ၁၄၄၈ ကျပ်အထိ ရောက်ရှိခဲ့သည်။

ယင်းသို့ ပြည်တွင်း၌ ဒေါ်လာဈေး ပုံမှန်ထက် မြင့်တက်နေသည့်အချိန်တွင် နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စီးပွားရေးကမောက်ကမ မဖြစ်စေရန်နှင့် ငွေကြေးဈေးကွက်တွင် အလွန်အမင်း ဈေးကစားမှု မရှိစေရန် အမြန်ဆုံး ထိန်းချုပ်မှုများ ပြုလုပ်သင့်ပေသည်။ ပုဂ္ဂလိကဘဏ်များကို ခေါ်ယူ၍ ညှိနှိုင်းမှုများ ပြုလုပ်သင့်ပြီး ဈေးကစားသည့်ဘဏ်များရှိပါက ဗဟိုဘဏ်အနေဖြင့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန်လည်း လိုအပ်မည်ဖြစ်သည်။ သို့မဟုတ်ပါက မြန်မာကျပ်ငွေတန်ဖိုး လျော့ကျမှု ဆိုးရွားလာနိုင်ပြီး မကြာမီ တစ်ဒေါ်လာကျပ် ၁၅၀၀ အထိ မြင့်တက်သွားနိုင်သည်ဟု စီးပွားရေးအသိုင်းအဝိုင်းတွင် သုံးသပ်မှုများလည်း ရှိနေသည်။ ထို့ပြင် အစိုးရအနေဖြင့်လည်း လက်တွေ့မကျသည့် ကိန်းဂဏန်း အချက်အလက်များအပေါ်သာမှီခို၍ တိုင်းပြည်စီးပွားရေးအပေါ် သုံးသပ်လုပ်ဆောင်မှုထက် လတ်တလော စီးပွားရေးကဏ္ဍ အကျပ်အတည်းနှင့် အောက်ခြေရှိ အခြေအနေမှန်များကို သုံးသပ်အဖြေရှာနိုင်မှုများ ပြုလုပ်ရန် ဝေဖန်တောင်းဆိုမှုများလည်း ရှိနေသည်။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိနိုင်မည်ဟု သုံးသပ်ချိန်တွင် သမ္မတဦးဝင်းမြင့်က အမျိုးသားစီမံကိန်းကော်မတီ အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းတွင် နိုင်ငံ၏ ဂျီဒီပီကို ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်းထားသည်ဟု ပြောကြားခဲ့ခြင်းမှာ အံ့အားသင့်စရာဖြစ်နေသည်။ ထို့ပြင် နိုင်ငံ၏ စီးပွားရေးသည် အရှိန်အဟုန်ဖြင့် မတိုးတက်သော်လည်း လယ်ယာထွက်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထုတ်လုပ်မှုကဏ္ဍများသို့ စီးဝင်လာခြင်း၊ အသေးစား အလတ်စား လုပ်ငန်းများ၊ ပို့ဆောင်ရေးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေးနှင့် အခြားဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာခြင်းတို့ကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှစ်ကုန်ခန့်မှန်းခြေတွင် စီးပွားရေးတိုးတက်မှုနှုန်းကို ၆ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့သည်ဟု တွေ့ရကြောင်း သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့ပြန်သည်။

သို့သော် အခြားတစ်ဖက်တွင် နိုင်ငံ၏ဘတ်ဂျက်လိုငွေ မြင့်မားနေဆဲဆိုသည့် အခြေအနေတစ်ရပ်ကလည်း မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုရှိနေပြန်သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရငွေကျပ်ဘီလျံ ၂၀၀၀၀ ကျော်ရှိပြီး သုံးငွေသည် ကျပ်ဘီလျံ ၂၄၀၀၀ ကျော် ရှိနေသဖြင့် ဘတ်ဂျက်လိုငွေကျပ်ဘီလျံ ၅၀၀၀ နီးပါး ရှိနေပြန်သည်။ ကိန်းဂဏန်း အချက်အလက်များအရ မည်သို့ပင်ဆိုစေကာမူ မြန်မာ့စီးပွားရေး အခြေအနေမှာ အများမျှော်လင့်သကဲ့သို့ တည်ငြိမ်သော အနေအထားတွင်မရှိဘဲ စိုးရိမ်စရာကောင်းသည့် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်မှာ အမှန်ပင်ဖြစ်သည်။ တိုင်းပြည်စီးပွားရေး မကောင်းသည်ကို အစိုးရသတိပြုမိရန် ဟိုတယ်သုံးလုံး ပိတ်ပစ်ခြင်းဖြစ်ကြောင်း ဇူလိုင် ၁၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်က ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ပိတ်သိမ်းခြင်းသည် တိုင်းပြည်စီးပွားရေး ကျပ်တည်းလာပြီး လုပ်ငန်းရှင်များ လုပ်ကိုင်၍ မကောင်းတော့ကြောင်း အစိုးရသတိပြုမိစေရန် တမင်ပိတ်သိမ်း၍ မိမိသဘောထားကို ပြသခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်အချို့ကလည်း လတ်တလော ဖြစ်ပေါ်နေသော မြန်မာ့စီးပွားရေး အကျပ်အတည်းနှင့် ပတ်သက်ပြီး အစိုးရ၏ မူဝါဒအပေါ် ထောက်ပြဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်းသလောက် ဝင်ရောက်လာခြင်းမရှိသည့် အခြေအနေတွင် အစိုးရအနေဖြင့် အသုံးစရိတ် လျှော့ချနိုင်မှုမရှိ၊ ဘတ်ဂျက်လိုငွေအပေါ် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်မှုမရှိလျှင် စီးပွားရေး နာလန်ထူရန် မဖြစ်နိုင်ပေ။ အခြေခံစားသောက်ကုန်ဈေးနှုန်းအချို့ သိသိသာသာ မြင့်တက်နေခြင်း၊ ပြည်ပပို့ကုန် လျော့ကျပြီး ရှိပြီးသော ပြည်ပရင်းနှီးမြှုပ်နှံမှုအချို့ ပြန်ထွက်သွားခြင်း၊ စက်ရုံအချို့ ရပ်နားသွားပြီး ကုမ္ပဏီအကြီးများပင် ရပ်တည်ရန် ရုန်းကန်နေရခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်မားနေခြင်းနှင့် အစိုးရ၏ သက်တမ်းနှစ်နှစ်ကျော်ကာလအတွင်း မြန်မာကျပ်ငွေတန်ဖိုး ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခြင်းတို့၏ အကြောင်းအချက် အတိမ်အနက်တို့အပေါ် မှန်ကန်သော သုံးသပ်အဖြေရှာမှု မလုပ်နိုင်ပါက မြန်မာ့စီးပွားရေးသည် မကြာမီ ပြိုလဲသွားနိုင်သဖြင့် သတိပြုရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင်လ ၁၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent