ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရား

ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရား
Published 18 July 2018

လူတစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားသော ကိုယ့်ကျင့်တရားဆိုင်ရာ သို့မဟုတ် ကျင့်ဝတ်ဆိုင်ရာ အဆိုပြုချက်များသည် အညီအမျှ ခိုင်မာမှုရှိပြီး အမှားအမှန်နှင့် ပတ်သက်သည့် မည်သည့် ထင်မြင်ချက်မဆို တစ်ခုက အခြားတစ်ခုထက်ပို၍ ကောင်းသည်ဟု ပြောမရဟု ရှုမြင်ခြင်းကို ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရားဟု ခေါ်သည်။ ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရားသည် ယဉ်ကျေးမှုဆိုင်ရာ နှိုင်းရသဘောတရားကဲ့သို့ အခြားသော နှိုင်းယှဉ်စဉ်းစားခြင်း အမျိုးအစား ပုံစံများထက် ပိုမိုကျယ်ပြန့်ပြီး တစ်သီးပုဂ္ဂလဆိုင်ရာအရ ပို၍အသုံးများသည်။ ၎င်းတို့အားလုံးသည် ကောင်းခြင်းဆိုးခြင်းနှင့် ပတ်သက်၍ ပြီးပြည့်စုံသည့် စံသတ်မှတ်ချက် မရှိဟူသော စိတ်ကူးအပေါ်၌ အခြေပြုထားကြခြင်း ဖြစ်သောကြောင့် အမှားအမှန်နှင့် ပတ်သက်၍ ကောက်ချက်ချမှုတိုင်းသည် လူတစ်ဦး၏ ဦးစားပေးမှုများနှင့် ဝန်းကျင်တို့၏ ရလဒ်တစ်ရပ်မျှသာ ဖြစ်သည်ဟု ခံယူသည်။ ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရားအရဆိုလျှင် ပြီးပြည့်စုံသည့် ကိုယ်ကျင့်တရားဆိုင်ရာ စံသတ်မှတ်ချက် မရှိသကဲ့သို့ အမှား သို့မဟုတ် အမှန် ဟုလည်းကောင်း၊ အကောင်းဆုံး သို့မဟုတ် အဆိုးဆုံး ဟုလည်းကောင်း ယတိပြတ် သတ်မှတ်နိုင်သော အဆိုပြုချက် သို့မဟုတ် အနေအထားမရှိဟု ဆိုနိုင်သည်။

ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရားသည် ခေတ်သစ်ကမ္ဘာ၌ အကြီးအကျယ် နေရာယူထားသော်လည်း အလွန်ရွေးချယ်ကာ အသုံးပြုကြသည့် အရာဖြစ်သည်။ အခြား နှိုင်းရသဘောတရား ပုံစံများကဲ့သို့ပင် ခုခံကာကွယ်ရေး လမ်းကြောင်းတစ်ရပ်သက်သက် အဖြစ်သာ သတိပြုမိကြသည်။ ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရား၏ စည်းမျဉ်းများကို အချို့သော လုပ်ရပ်များအား ခွင့်ပြုရန် သို့မဟုတ် ဆင်ခြေပေးရန် အတွက်သာ  အသုံးပြုနိုင်သည်။ ယင်းကို လူတို့အား အပြစ်တင်ရန် မည်သည့်အခါမျှ အသုံးမပြုနိုင်ပါ။ ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရားသည် ပြီးပြည့်စုံသည့် ကိုယ်ကျင့်တရားစံများ တည်ရှိခြင်းမရှိဘဲ အမှားအမှန်ကိစ္စသည် လူသားတို့၏ ဦးစားပေးအကြိုက် ရလဒ်အပေါ်၌သာ လုံးဝမူတည် နေသည်ဟု ခံယူထားသည်။

သို့သော် ခေတ်သစ် လူ့အဖွဲ့အစည်း၏ အခြေခံ အုတ်မြစ်များသည် ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရား ဒဿနအပေါ်၌ တည်ဆောက်ထားခြင်း မဟုတ်ပါ။ လူတိုင်းလိုက်နာလိမ့်မည်ဟု မျှော်လင့်ထားသော ပုံသေသတ်မှတ်ထားသည့် စံတစ်ရပ်အား ညွှန်းဆိုသည့် ဥပဒေနှင့် ယင်းဥပဒေအား ကျင့်သုံးမှုအပေါ်၌သာ တည်ဆောက်ထားခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပြုလုပ်ထားခြင်း၏ အကြောင်းပြချက်များကား သိသာထင်ရှားလှသည်။ အမှားအမှန်ကိစ္စသည် ထင်မြင်ချက်ကိစ္စသက်သက် ဖြစ်နေသကဲ့သို့ လူ့အဖွဲ့အစည်း တစ်ရပ်အတွင်း လူတိုင်းက အမှန်တကယ် ပြုမူကြမည်ဆိုပါက လူ့အဖွဲ့အစည်းသည် အားကြီးသူက အမှန်ဟူသည့် တိုက်ပွဲတစ်ရပ်အတွင်းသို့ သက်ဆင်းသွားရမည် ဖြစ်သည်။ ကိုယ်ကျင့်တရားအရ နှိုင်းရသဘောတရားရှိသည့် ယဉ်ကျေးမှု တစ်ရပ်အတွင်း တစ်စုံတစ်ရာအား ပြုလုပ်ရန် သို့မဟုတ် မပြုလုပ်ရန် ဘုံအကြောင်းပြချက်သည် လူတစ်ဦး၏ ခေတ်ပြိုင်များထံမှ အကျိုးဆက်များအား ရှောင်ရှားရန်ပင်ဖြစ်သည်။

လူသားတို့၏ ဥပဒေများအားလုံး၌ အကျိုးဆက်များ၏ ခြိမ်းခြောက်မှုက တွန်းအားပေးသော ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းအချို့ ပါဝင်သည်။ အခြားသူများ၏ အသက်ကို အန္တရာယ်ရှိစေခြင်းသည် မှားယွင်းသည်ဟု ကိုယ်ကျင့်တရားဆိုင်ရာအရ ဆုံးဖြတ်ထားသောကြောင့် လမ်းအများစု၌ အမြန်နှုန်းများကို အတင်းအဓမ္မ ကန့်သတ်ထားရခြင်း ဖြစ်သည်။ လူသတ်ခြင်း၊ ခိုးခြင်း၊ မုသား သက်သေခံခြင်းနှင့် လိမ်လည်ခြင်း အစရှိသည်တို့မှာလည်း အလားတူပင်ဖြစ်သည်။ ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရား လွှမ်းမိုး၍ လာပါက တရားဝင် ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများသည် တရားဥပဒေများ၏ အခြေခံအုတ်မြစ်အဖြစ် ဆက်လက် တည်ရှိတော့မည် မဟုတ်ပါ။ အရာရာသည် နှိုင်းရသဘော ဆောင်သောကြောင့် ဥပဒေများသည် ထင်မြင်ချက်ကိစ္စ သက်သက်မျှသာ ဖြစ်လာပြီး ယင်းတို့ကို လိုက်နာရန် ဘုံအကြောင်းပြချက်သည် အကျိုးဆက်များကို ရှောင်ရှားရန်သာ ဖြစ်လိမ့်မည်။

မည်သို့ပင် ဆိုစေကာမူ လူ့အဖွဲ့အစည်း တစ်ရပ်အား ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရား အပေါ်၌ တည်ဆောက်၍ မရသောကြောင့် လူတိုင်းလိုက်နာလိမ့်မည်ဟု မျှော်လင့်ထားသော ပုံသေစံသတ်မှတ်ချက်များသည် ဥပဒေများ ဖြစ်လာရခြင်းဟု မှတ်ယူရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင် ၁၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent