Z မျိုးဆက်၊ နည်းပညာနှင့် လူမှုမီဒီယာ

Z မျိုးဆက်၊ နည်းပညာနှင့် လူမှုမီဒီယာ
Published 17 July 2018

ထောင်စုမျိုးဆက် (Y မျိုးဆက်) ပြီးနောက် အသက်အရွယ် အပိုင်းအခြားအုပ်စုကို Z မျိုးဆက်ဟု ခေါ်သည်။ (စမတ်ဖုန်းများကို မနားတမ်းငုံ့ကာ ပွတ်နေသောကြောင့် အချို့က ဇက်ကျိုးမျိုးဆက်ဟု အမည်ပြောင်ဖြင့် ခေါ်ဝေါ်ကြသည်) အဆိုပါ Z မျိုးဆက် အဆုံးသတ်မည့် ကာလအပိုင်းအခြားမှာ အတိအကျမရှိသော်လည်း သုတေသနပြုသူများက ၁၉၉၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းမှနေ၍ ၂၀၀၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းအကြား မွေးဖွားသူများအား Z မျိုးဆက်ဟု အကြမ်းဖျင်း သတ်မှတ်သည်။ Z မျိုးဆက်အများစုသည် ငယ်စဉ်ကတည်းက အင်တာနက်ကို အသုံးပြုခဲ့ကြရသူများဖြစ်ပြီး နည်းပညာများ နှင့် ယဉ်ပါးလျက် လူမှုမီဒီယာများကို အလွန်အသုံးပြုကြသည့် မျိုးဆက်ဖြစ်သည်။

Z မျိုးဆက်သည် ငယ်ရွယ်စဉ်မှာကတည်းက အင်တာနက်နည်းပညာကို အဆင်သင့် ရရှိသည့် ပထမဆုံးမျိုးဆက်လည်း ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတစ်လျှောက် ဖြစ်ပွားခဲ့သော ဝက်ဘ်ဆိုက်တော်လှန်ရေးနှင့်အတူ Z မျိုးဆက်သည် ကြီးပြင်းလာရာ၌ နည်းပညာ၏ မမျှော်လင့်ခဲ့သည့် ပမာဏကို ထိတွေ့ကြရသည်။ နည်းပညာသည် ပို၍ခိုင်မာအားကောင်းလာသည့်အခါ အမေရိကန်ပြည်ထောင်စုတွင် စမတ်ဖုန်းများ ခေတ်စားမှု တစ်ဟုန်ထိုးမြင့်တက်လာသည်။ အမေရိကန် အကြံပေးအဖွဲ့ဖြစ်သော Sparks and Honey ၏ ၂၀၁၄ ခုနှစ် စာရင်းအရ Z မျိုးဆက်၏ ၄၁ ရာခိုင်နှုန်းသည် ကျောင်းစာနှင့်မဆိုင်ဘဲ ရည်ရွယ်ချက်အမျိုးမျိုးအတွက် ကွန်ပျူတာအသုံးပြုမှု တစ်နေ့လျှင် သုံးနာရီကျော်ရှိကြောင်း သိရသည်။ ၂၀၀၄ ခုနှစ်က ၂၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် App ၁၅၀,၀၀၀ (ယင်းတို့အနက် ၁၀ ရာခိုင်နှုန်းသည် Apple’s App Store တွင်ရှိ) ကို ကလေးများမှသည် ကောလိပ်အဆင့်အထိ ပညာရေးအလို့ငှာ သုံးစွဲကြောင်း သိရသည်။ သုတေသနပြုသူများနှင့် မိဘများက ယင်းတို့ကြောင့် ပညာရေးပြောင်းလဲမှု သိသိသာသာရှိကြောင်း သဘောတူကြသော်လည်း ပြောင်းလဲမှု ရလဒ်များမှာမူ ရောထွေးလျက်ရှိသည်။ တစ်ဖက်တွင် စမတ်ဖုန်းများသည် လေ့လာသင်ယူခြင်း၌ ပို၍နက်ရှိုင်းစွာ ပါဝင်လာမှု အလားအလာကိုပေးပြီး တစ်ဦးချင်းအလိုက် ညွှန်ကြားချက်များ ပိုမိုပြုနိုင်ခြင်းအားဖြင့် Z မျိုးဆက်အား ပို၍ကောင်းစွာ ပညာသင်ကြားပေးနိုင်ကာ ပို၍နားလည်လွယ်လာစေခဲ့သည်။ တစ်ဖက်၌လည်း သုတေသနပြုသူအချို့နှင့် မိဘများက စမတ်ဖုန်းများ လွှမ်းမိုးလာခြင်းသည် နည်းပညာအပေါ်၌ မှီခိုမှုကြီးမားလာစေပြီး ကလေးများ ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေနိုင်သည့် မိမိကိုယ်မိမိ ထိန်းချုပ်ကြီးကြပ်နိုင်မှု နည်းပါးလာနိုင်ခြင်းအပေါ် စိုးရိမ်လာကြသည်။

လေ့လာချက်တစ်ခု၌ ၂၀၁၂ ခုနှစ်ရှိ ဆယ်ကျော်သက်များသည် ၂၀၀၆ ခုနှစ်က ဆယ်ကျော်သက်များထက်ပို၍ အချက်အလက်အမျိုးမျိုးကို ပို၍မျှဝေနိုင်စွမ်းရှိကြောင်း ဖော်ပြခဲ့သည်။ သို့သော် ၎င်းတို့အား မျှဝေစေရန် မလိုလားသည့် အချို့သောအချက်အလက်များကို ကာကွယ်ရန် ခြေလှမ်းအချို့ လှမ်းလာရမည်ဖြစ်သည်။ ဆယ်ကျော်သက်များသည်  အချက်အလက်များ မျှဝေခြင်းထက် လူမှုမီဒီယာများတွင် အခြားသူများနောက်သို့ပို၍ လိုက်ဖွယ်ရှိပြီး လူမှုမီဒီယာအမျိုးမျိုးကို ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုကြသည်။ ဆယ်ကျော်သက်များသည် Facebook အား ရှုထောင့်အမျိုးမျိုးကြောင့် စိတ်အနှောင့်အယှက် ဖြစ်နိုင်သော်လည်း မိတ်ဆွေသူငယ်ချင်းများ၊ သက်တူရွယ်တူများနှင့် လူမှုဆက်ဆံရေး ပြုလုပ်ရန်အတွက် အရေးကြီးသောကြောင့် ဆက်လက်၍ အသုံးပြုနေကြသည်။

မည်သို့ပင်ဆိုစေကာမူ Z မျိုးဆက်သည် နိုင်ငံအသီးသီး၏ အနာဂတ်များဖြစ်သောကြောင့် လွန်စွာအရေးကြီးပြီး နည်းပညာနှင့် လူမှုမီဒီယာများအား ကောင်းသောရည်ရွယ်ချက်များဖြင့် ကောင်းစွာအသုံးပြုနိုင်ရေးအတွက် ထိန်းကျောင်းလမ်းညွှန်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင်လ ၁၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent