အမှန်အမှားနှင့် ငြင်းခုံခြင်းကိစ္စ

အမှန်အမှားနှင့် ငြင်းခုံခြင်းကိစ္စ
Published 13 July 2018

အမြဲတမ်း မှန်ကန်သည်ဟု မှတ်ယူထားသူများ မှားယွင်းနိုင်ကြောင်း တွေ့ရှိရသည့်အခါ စိတ်အနှောင့်အယှက် ဖြစ်ကြရသည်။ ပို၍ဆိုးသည်မှာ သိသိသာသာ မှားယွင်းနေသော်လည်း အမှားကို ဝန်မခံတတ်ကြသူများဖြစ်သည်။ ပြဿနာမှာ လူတို့သည် မှားယွင်းတတ်ကြသော်လည်း မိမိ၏အမှားကို မသိမြင်ခြင်းဖြစ်သည်။ လူတိုင်းလူတိုင်းသည် ခေါင်းမာကာ အလျှော့မပေးတတ်သောသူများ ဖြစ်လာရန် အလားအလာရှိကြသည်။ အမှားအမှန်၊ ငြင်းခုံခြင်းကိစ္စတို့နှင့် ပတ်သက်၍ အကြံပြုချက်အချို့ရှိသည်။

အငြင်းအခုံတစ်ရပ် ပေါ်ပေါက်လာသည့်အခါ (အထူးသဖြင့် မိမိယုံကြည်သည့်အရာသည် မှန်ကန်ကြောင်း လူများက သဘောမတူသည့်အခါ) အထွေထွေသဘောအရ မနှစ်မြို့စရာ မဟုတ်ပါ။ သို့သော် ထိုသူများက အမှားကို ပြင်ဆင်ပြီး မိမိက ပြင်ဆင်ခြင်းမရှိသည့်အခါ အငြင်းအခုံများသည် ကွဲပြားခြားနားသော ပုံစံများဖြင့် ထပ်ကာထပ်ကာ ပြန်ပြန်ပေါ်၍ လာလိမ့်မည်ဖြစ်သည်။ အခြားသူများသည် မိမိ၏ သဘောထားကို ပြောင်းလဲစေရန်အတွက် အသစ်အသစ်သော ပုံစံများဖြင့် ထပ်မံကြိုးပမ်းလာလိမ့်မည်။ မိမိကလည်း ယင်းအဆိုကိုပင် ထပ်ကာထပ်ကာ ဆိုသည့်အခါ မိမိသည် ယင်းအနေအထား၌ ဘုံပိုင်းခြေတစ်ရပ် ဖြစ်လာလိမ့်မည်။ ပြဿနာသည် မိမိအနား၌သာ ထပ်ကာထပ်ကာ အဆက်မပြတ် ရစ်ဝဲနေပါက မိမိအနေဖြင့် မှားယွင်းနေပါသလားဟု စဉ်းစားရတော့မည်ဖြစ်သည်။ မိမိအနေဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်ရန် ကြိုးပမ်းရမည်။ စိတ်ကူးတစ်ရပ်ကို စိတ်ခံစားမှုဖြင့် မြှုပ်နှံထားပါက ယင်းကို စွန့်ခွာရန် ခက်ခဲပြီး ယင်းစိတ်ကူးသည် ကြောက်မက်ဖွယ်ရာအဆင့်သို့ပင် ရောက်လာနိုင်သည်။ အငြင်းအခုံတစ်ရပ် ဖြစ်ရတိုင်း အကောင်းဆုံးမှာ ယင်းငြင်းခုံမှု အဘယ့်ကြောင့် ဖြစ်ပေါ်လာသနည်းဟူသည်ကို ရှုမြင်ခြင်းသာ ဖြစ်သည်။ မိမိအနေဖြင့်လည်း မှားယွင်းနိုင်ကြောင်း စဉ်းစားသည့် အလေ့အထကို မွေးမြူရမည်ဖြစ်သည်။

အမှန်နှင့် အမှားသည် ထင်မြင်ချက်ကိစ္စလား၊ ပြန်လည်ဆန်းစစ်ခြင်း၏ ရလဒ်လားဟူသည်က အရေးကြီးသည်။ အမှားအမှန်ကိစ္စကို အတိတ်အား ပြန်လည်ဆန်းစစ်ချက်တစ်ရပ်အဖြစ်လည်းကောင်း၊ လက်ရှိအချိန်ရှိ ထင်မြင်ချက်၏ ပြင်ပ၌လည်းကောင်း အမှန်တကယ် သိရှိနိုင်ခြင်း မရှိပါ။ မည်သည့်အရာသည် မှန်ကန်သနည်းဟု စဉ်းစားသည့်အခါ မိမိ၏ တစ်ကိုယ်တော် ယုံကြည်မှုများထက်စာလျှင် အလိုရှိသည့်ရလဒ်ဆီသို့ ပို၍ရှုမြင်ကြည့်ရမည်ဖြစ်သည်။ ယင်းကိစ္စသည် လူတို့၏ နေ့စဉ်ဘဝအတွင်း ဖြစ်ပေါ်လာဖွယ်ရှိသည့် အနေအထားမျိုး မဟုတ်ပါ။ မိမိ၏ ယုံကြည်မှုများသည် မိမိ၏ထင်မြင်ချက်များသာ ဖြစ်သောကြောင့် အရေးမကြီးပါ။ သို့သော် ရလဒ်ဟူသည် အမှန်နှင့် အမှားဟူသည့်အပေါ်၌ လူတို့၏ တည်ဆောက်ထားမှုများဖြစ်သည်။ အငြင်းအခုံတစ်ရပ်ဖြစ်လာပြီး မိမိအနေဖြင့် မိမိယုံကြည်ထားမှုအပေါ် ငြင်းခုံနေပါက မိမိ၏ ယုံကြည်ချက်များသည် မည်သည့်ရလဒ်ဆီသို့ ဦးတည်သွားမည်နည်းဟူသည်ကို တွေးကြည့်ရမည်ဖြစ်သည်။ ရလဒ်သည်သာ အရေးကြီးသောကြောင့် ပိုမိုကောင်းမွန်သော ရလဒ်ဆီသို့ သွားရာလမ်းကိုသာ ရွေးချယ်ရမည်ဖြစ်သည်။ မိမိယုံကြည်ချက်ကိုသာ မလွှတ်တမ်း ဆုပ်ကိုင်ထားပါက ဆိုးရွားသော ရလဒ်ဖြစ်လာမည်လားဟူသည်ကိုလည်း စဉ်းစားရမည်ဖြစ်သည်။

မိမိအနေဖြင့် အခြားသူ၏ အမူအကျင့်ကို ပြောင်းလဲရန် ကြိုးပမ်းပါက မိမိအနေဖြင့် မှားယွင်းနိုင်ခြေ ပို၍ကြီးမားသည်။ အခြားသူတို့သည် ဆိုးရွားစွာ ပြုမူတတ်ကြခြင်း သို့မဟုတ် မိမိခံစားသည့် လမ်းကြောင်းအတိုင်း မခံစားဘဲ ၎င်းတို့ကိုယ်တိုင် ခံစားရသည့်အတိုင်း ဆောင်ရွက်တတ်ခြင်းတို့ကြောင့် လက်ခံရန် ခက်ခဲလိမ့်မည်ဖြစ်သည်။ အခြားသူများကို ပြောင်းလဲသွားစေရန် အတင်းအဓမ္မ ကြိုးပမ်းခြင်းသည် ၎င်းတို့ ပြောင်းလဲသွားစေရန်အတွက် လုပ်ဆောင်ရာ၌ မှားယွင်းသည့် ချဉ်းကပ်ပုံဖြစ်သည်။ အထက်၌ ဆိုခဲ့သည့်အတိုင်း ရလဒ်ကိုသာ စဉ်းစားရန်ဖြစ်သည်။ ၎င်းတို့၏ အမူအကျင့် ပြောင်းလဲသွားခြင်းအားဖြင့် မိမိအနေဖြင့် မည်သည့်အကျိုးရလဒ်ကို ရရှိလိုပါသနည်း။ မိမိအနေဖြင့် အလေးအနက် မစဉ်းစားဘဲ ခံစားမှုအရ အနိုင်ရလိုစိတ်ကသာ လွှမ်းမိုးနေနိုင်သည်။ အငြင်းအခုံ၌ အနိုင်ရလိုခြင်းသည် စိတ်ခံစားမှုသက်သက်သာ ဖြစ်နိုင်သည်။ ရလဒ်ကို ရှုမျှော်စဉ်းစားခြင်း မရှိသည့် စိတ်ခံစားမှုဖြင့် ငြင်းခုံမှု မှန်သမျှသည် မည်သူ့အတွက် မည်သည့်အတွက်မျှ အကျိုးတစ်စုံတစ်ရာ ရှိလိမ့်မည်မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင်လ ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent