ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်နှင့် လွှတ်တော်တွင် ဆွေးနွေးခဲ့သော အဆိုများ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်နှင့် လွှတ်တော်တွင် ဆွေးနွေးခဲ့သော အဆိုများ
Published 25 August 2017

“ရခိုင်ပြည်နယ်မှာ တည်ရှိနေတဲ့ သဘာဝသယံဇာတ အရင်းအမြစ်များနဲ့ ပထဝီနိုင်ငံရေးအရ အရေးပါလာမှုကြောင့်ပင် ဒီရခိုင်အရေးကို ပိုမိုရှုပ်ထွေးလာစေတာလည်း ဖြစ်ပါတယ်။ ပါဝင်ပတ်သက်သူတွေ များပြားလာတဲ့အပြင် ရခိုင်အရေးမတည်ငြိမ်ပါမှ နိုင်ငံရေးအရ အကျိုးအမြတ်ရှိမယ်လို့ ယူဆနေသူတွေ ကျွန်မတို့ရဲ့အနီးမှာပင် ရှိနေသေးတာကြောင့် ရခိုင်အရေးကို စေတနာအမှန်ဖြင့် အမှန်တကယ် အောင်မြင်အောင် ဆောင်ရွက်လိုသူများနဲ့ ရခိုင်ဒေသတွင်းမှ ထိခိုက်နစ်နာနေတဲ့ တိုင်းရင်းသားများအားလုံး နိုင်ငံရေး သတိအမြဲ ရှိစေလိုပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သြဂုတ် ၂၄ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့် အဆိုတစ်ရပ်နှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အကြံပြုပြောကြားခဲ့သည်။ သို့သော် အထက်ပါ ဆွေးနွေးမှုများအပါအဝင် ရခိုင်ပြည်နယ် အရေးကိစ္စများနှင့်ပတ်သက်၍ လွှတ်တော်တွင် တင်သွင်းခဲ့သည့် “ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ်လျက်ရှိသော ဘင်္ဂါလီလူမျိုး အစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြုံရေးတို့ကို များစွာထိပါးနှောင့်ယှက်လာသည်ဖြစ်၍ ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ပြည်သူ့လွှတ်တော်က အတည်မပြုဘဲ မှတ်တမ်းတင်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပေါ်ပေါက်ခဲ့သော ပဋိပက္ခနှင့် အစွန်းရောက် အကြမ်းဖက်မှု ပြဿနာများကြောင့် ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘ၀ လုံခြုံစိတ်ချစေရေးအတွက် တောင်းဆိုမှုများရှိနေပြီး စိုးရိမ်မှုများအတွက် လုံလောက်သော အကာအကွယ် အစီအမံများရရှိရန် လိုလားနေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စများအတွက် အကြံပေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအား ထုတ်ပြန်ရှင်းလင်းပွဲကို သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည် နိုင်ငံသားဖြစ်မှုအတွက် လက်ရှိကာလတွင် အခြေခံရသည့်ဥပဒေဖြစ်သည်ကို အသိအမှတ် ပြုသော်လည်း အစိုးရအနေဖြင့် ဥပဒေအား ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ်အား စတင်သင့်ကြောင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်ရန် ကော်မရှင်အနေဖြင့် တိုက်တွန်းကြောင်း၊ အဆိုပါလုပ်ငန်းစဉ်အတွင်း အစိုးရအနေဖြင့် ရှင်းလင်းသောဗျူဟာနှင့် အချိန်ဇယားရှိသင့်ပြီး ကျယ်ပြန့်သော ကွင်းဆင်းလှုံ့ဆော်မှုများဖြင့် ဆက်သွယ် လုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံသားစိစစ်ခံရပြီးသူများကိုလည်း နိုင်ငံသားတို့ ရရှိထိုက်သော ခံစားခွင့် အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ချက်ချင်းခွင့်ပြုသင့်ကြောင်း စသည့် အကြံပြုချက်များ ပါဝင်နေသည်။ သို့ပါ၍ ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံအတွက် အရေးပါသော ဖြစ်စဉ်တစ်ခုဖြစ်ရာ ယင်းကိစ္စရပ်များအား ကိုင်တွယ်ဆောင်ရွက်ရာတွင် ပိုမိုသတိပြု လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ်လ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent