ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း
Published 5 July 2018

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်အရှည်ကြာဆုံးနှင့် ယင်း၏ဆိုးရွားသော သက်ရောက်မှုဒဏ်ကို ကြီးစွာခံစားနေရသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးရပြီးကတည်းကပင် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် အစိုးရအဆက်ဆက် နည်းအမျိုးမျိုးဖြင့် ကြိုးစားလာခဲ့သော်လည်း လက်ရှိအချိန်အထိ ငြိမ်းချမ်းရေးရရှိရန် ခက်ခဲနေဆဲဖြစ်သည်ကို တွေ့ရပေလိမ့်မည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလသို့ ရောက်ရှိလာသည့်တိုင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ချုပ်ငြိမ်းသွားမှု မရှိခြင်းနှင့် စစ်မှန်သောငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိသေးသည်က တိုင်းပြည်အတွက် ကြီးမားသောကွက်လပ် တစ်ခုဖြစ်နေပေသည်။ ယခင်သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က စတင်၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် တိုင်းရင်းသားများအကြား ယုံကြည်မှု တည်ဆောက်ရန် ကြိုးစားခဲ့ကြသော်လည်း အများမျှော်လင့်နေသကဲ့သို့ ငြိမ်းချမ်းရေးခရီးသည် လွယ်ကူချောမွေ့မှု မရှိသည်ကို တွေ့ရသည်။ NLD အစိုးရလက်ထက်တွင်လည်း မွန်နှင့်လားဟူအဖွဲ့နှစ်ဖွဲ့မှ NCA လက်မှတ်ထိုးခဲ့သော်လည်း ငြိမ်းချမ်းရေးခရီးသည် စိန်ခေါ်မှုများနှင့် ထင်သလောက် မလွယ်ကူသည်ကို တွေ့ရပြန်သည်။ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ပတ်သက်လျှင် အနှစ်ချုပ်ကြည့်လျှင် တိုင်းရင်းသားများအကြား ယုံကြည်မှု တည်ဆောက်၍ မရသေးခြင်းက ပြဿနာတစ်ရပ်ဖြစ်သည်ဟု ကောက်ချက်ချကြသည်။

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား အချင်းချင်း အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုသည် များစွာအရေးကြီးသည်။ ထိုအချက်ကို ဗိုလ်ချုပ်အောင်ဆန်းသည် အလေးအနက်ထားသည့်အတွက် လွတ်လပ်ရေးကြိုးပမ်းရာတွင် တောင်တန်းပြည်မ မခွဲခြားဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေးရရှိရန် အလေးထား ဆောင်ရွက်ခဲ့သည်။ ၁၉၄၅ သြဂုတ် ၁၅ တွင် ဂျပန်များစစ်ရှုံး၍ လက်နက်ချပြီးနောက် အင်္ဂလိပ်တို့ ပြန်လည်ဝင်ရောက်လာသောအခါ လွတ်လပ်ရေးအတွက် တောင်တန်းဒေသများ၏ သဘောတူညီမှုရရှိရန် လိုသည်ဟုဆိုသည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းဒေသရှိ ကချင်တိုင်းရင်းသားများကို စည်းရုံးရန် ကြိုးစားခဲ့သည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၈ တွင် ဗိုလ်ချုပ်သည် ကချင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး မြေပြန့်တောင်တန်း သွေးစည်းညီညွတ်ရေးအတွက် ကချင်ဒေသခံလူထုနှင့် တွေ့ဆုံ၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းတွင် ဗိုလ်ချုပ်က တိုင်းရင်းသားများနှင့် ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် “ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ် တန်းတူအခွင့်အရေးရမည်” ဟု ပြောကြားမှုသည် သမိုင်းတွင်ခဲ့သည်။

ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်နှင့် တိုင်းရင်းသားများအကြား တန်းတူအခွင့်အရေးဆိုသည့် အချက်မှာ ယနေ့တိုင် ရှုတ်ထွေးမှုများ၊ နက်နဲသော စိန်ခေါ်မှုများနှင့် ပြဿနာတစ်ရပ်အဖြစ် ရှိနေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော လက်နက်ကိုင်ပဋိပက္ခနှင့် ငြိမ်းချမ်းရေးပြဿနာသည် ကြီးမားသော စိန်ခေါ်မှုဖြစ်ပြီး တိုင်းရင်းသားများအကြား ယုံကြည်မှုတည်ဆောက်နိုင်ရန် အင်မတန်ခက်ခဲသော အခြေအနေတွင် လူနည်းစုတိုင်းရင်းသားများအပေါ် စာနာထောက်ထားမှုနှင့် ငဲ့ညှာမှုမပြုနိုင်ပါက တန်းတူအခွင့်အရေးအပေါ် ၎င်းတို့မှ ယုံကြည်ကိုးစားမှု ရှိလာနိုင်မည်မဟုတ်ပေ။ သို့ဖြစ်ရာ ဆယ်စုနှစ်များစွာ ကြာမြင့်လာပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် တာဝန်ရှိသူများ အနေဖြင့် တိုင်းရင်းသားအချင်းချင်းကြား ယုံကြည်မှု အပြည့်အ၀ ရရှိစေရန် အတ္တနှင့်မာနတို့ကို သတိပြုဆင်ခြင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင်လ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Recent