ယုံကြည်ခြင်း၊ မယုံကြည်ခြင်းနှင့် ယုံကြည်မှုလွဲမှားခြင်း

ယုံကြည်ခြင်း၊ မယုံကြည်ခြင်းနှင့် ယုံကြည်မှုလွဲမှားခြင်း
Published 4 July 2018

ယုံကြည်ချက်တစ်စုံကို လက်မခံဟု အခိုင်အမာပြောဆိုသူသည် အခြားယုံကြည်ချက်တစ်စုံကို အမှန်တကယ် ယုံကြည်သူစစ်စစ် ဖြစ်သည်။

ဖီးလစ်အီးဂျွန် (၁၉၄၀-) အမေရိကန်ဥပဒေပါမောက္ခနှင့် သိပ္ပံဝေဖန်ရေးဆရာ

ယုံကြည်ခြင်း၊ မယုံကြည်ခြင်းနှင့် ယုံကြည်မှုလွဲမှားခြင်းတို့အကြောင်း တွေးကြည့်ပါမည်။ များမြောင်လှစွာသော ယုံကြည်ချက်အမျိုးမျိုး ပါဝင်နေသည့် ကမ္ဘာကြီးကို အာရုံပြုကြည့်ကြပါမည်။ အဓိကအချက်သို့ မရောက်မီ မေးခွန်းတစ်ခုအား စဉ်းစားကြည့်ကြပါမည်။ “ယုံကြည်ခြင်း ကမ္ဘာ၌ မယုံကြည်ခြင်းဟု ခေါ်ဆိုသော အရာမျိုး အမှန်တကယ် ရှိပါသလား” ဟူသည့်မေးခွန်းဖြစ်သည်။ တစ်စုံတစ်ဦးက သူသည် ၎င်းအနေဖြင့် တစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ဦးကို မယုံကြည်ကြောင်းနှင့် ယင်းကဲ့သို့ မယုံကြည်ရခြင်းမှာ အဘယ်ကြောင့်နည်းဟူသည်တို့ကို အခိုင်အမာ ပြောလာနိုင်သည်။ ထိုသူအား မည်သည့်အရာကို ယုံကြည်ပါသနည်းဟု မေးခွန်းထုတ်နေသော နယ်မြေတစ်ရပ်အတွင်း၌ ချထားကြည့်လိုက်ပါသည်။

ယုံကြည်ခြင်းဟူသည် တစ်စုံတစ်ရာ အမှန်တကယ် ရှိနေသည်ဆိုခြင်းမှာ မှန်ကန်သည်ဟု ခံစားရမှု သို့မဟုတ် ထင်မြင်မှုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခြင်းဟု ရိုးရှင်းစွာ အဓိပ္ပာယ်ဖွင့်နိုင်သည်။ သို့ဆိုလျှင် မယုံကြည်ခြင်းဟူသည် အဘယ်နည်း။ မယုံကြည်ခြင်းဟူသည် အမှန်တကယ် ရှိပါသလား။ ယင်းမေးခွန်းသည် ခရစ်ယာန်ဘာသာ၌ “ဘုရားသခင် ရှိပါသလား” ဟူသည့် မေးခွန်းထက်ပင် ပို၍စိတ်ဝင်စားဖွယ်ကောင်း၏။ ဘာသာမဲ့များဟု ခေါ်ဆိုသူများသည်ပင်လျှင် ဘုရားသခင်တည်ရှိခြင်းကို ၎င်းတို့အနေဖြင့် မယုံကြည်ဟု အခိုင်အမာ ဆိုကြသည်။ တစ်ဖက်မှကြည့်လျှင် ၎င်းတို့သည် ဘုရားသခင်တည်ရှိ ခြင်းမရှိကြောင်း ယုံကြည်သူများဖြစ်ကြသည်။ ပို၍လွယ်ကူအောင်ပြောရလျှင် လူတစ်ဦးအနေဖြင့်သူသည် တစ်စုံတစ်ရာကို ယုံကြည်ခြင်းမရှိကြောင်း ယုံကြည်ရမည်ဖြစ်သည်။  သို့သော် ယုံကြည်မှု လွဲမှားခြင်းဟူသည့် အဓိပ္ပာယ်အမှန်မှာ အဘယ်နည်း။ ဥပမာအားဖြင့်  ဘာသာမဲ့များသည် မယုံကြည်သူများလား၊ ယုံကြည်မှု လွဲမှားနေသူများလား။ ယုံကြည်မှု လွဲမှားခြင်းကို ရိုးရှင်းစွာ အဓိပ္ပာယ်ဖွင့်ရလျှင် စစ်မှန်သော တစ်စုံတစ်ရာထက် မှားယွင်းနေသည့် တစ်စုံတစ်ရာကို ယုံကြည်ခြင်း ဖြစ်သည်။

ဆိုရလျှင် မယုံကြည်သော တစ်စုံတစ်ဦးသည် ကမ္ဘာကြီး၌ ရှင်သန်နေထိုင်နိုင်ရန် မည်သည့်အရာကိုမျှ မယုံကြည်ခြင်းထက် တစ်စုံတစ်ရာကို ယုံကြည်ရမည်ဖြစ်သည်။ လူတစ်ဦးအတွက် မည်သည့်အရာကိုမျှ မယုံကြည်ဘဲ အသက်ရှင် နေထိုင်ရန် မဖြစ်နိုင်ပေ။ တခြားတစ်ဖက်မှကြည့်လျှင် ယနေ့ခေတ်တွင် လူအများသည် ခေတ်ပြိုင်ကမ္ဘာကြီးထဲ၌  မလိုလားအပ်ဘဲ ၎င်းတို့၏ ယုံကြည်ချက်လွဲမှားခြင်းကို ဖုံးကွယ်ရန် မယုံကြည်ခြင်းဟူသည့်  စကားရပ်ကို မှားယွင်းသုံးစွဲတတ်ကြသည်။ တစ်စုံတစ်ရာအပေါ် ယုံကြည်သည့် တစ်စုံတစ်ဦးနှင့် ဆန့်ကျင်ကြောင်း ပြောကြားလိုသည့်အခါ၌သာ ‘မယုံကြည်’ ဟူသည့် စကားရပ်ကို သုံးစွဲခြင်းသာ ဖြစ်သည်။

ထို့ကြောင့် အမှန်တကယ်၌ မည်သည့်အရာကိုမျှ မယုံကြည်သူဟူ၍ မရှိဘဲ တစ်စုံတစ်ရာအပေါ် မယုံကြည်ဟု ယုံကြည်သူသာရှိသည်ကို သတိပြုရန် လိုအပ်ပါကြောင်း  The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင် ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘေ်ာ)

Most Read

Most Recent