ကလေးများ၌ ရင်းနှီးမြှုပ်နံှခြင်း

ကလေးများ၌ ရင်းနှီးမြှုပ်နံှခြင်း
Published 29 June 2018

ဘဏ္ဍာရေးရင်းမြစ်များအား ကလေးများ ရှင်သန်ရန်နှင့် အစွမ်းရှိသလောက် ဖွံ့ဖြိုးလာရန် ရင်းနှီးမြှုပ်နံှခြင်းသည် ကိုယ်ကျင့်တရားအရပင်လျှင် မရှိမဖြစ် အရေးပါသော ကိစ္စဖြစ်သည်။ ၎င်းအပြင် ကလေးများ၌ ရင်းနှီးမြှုပ်နံှခြင်းသည် လက်တွေ့နယ်ပယ်တွင်လည်း အလွန်အရေးကြီးသည်။ ကလေးများ၌ ရင်းနှီးမြှုပ်နံှခြင်းသည် စီးပွားရေးနှင့် လူ့အဖွဲ့အစည်း၌လည်း ကောင်းသောအကျိုးကျေးဇူးများကို ရရှိနိုင်သည်။ တစ်ဦးချင်း၏ ကျန်းမာရေးနှင့် ဖူလုံရေးအတွက် အစောပိုင်းကလေးဘဝတွင် အုတ်မြစ်ချသည့်အခါ ဆင်းရဲမွဲတေမှု သံသရာကို ဖြတ်တောက်ရန် သို့မဟုတ် ယင်းကဲ့သို့ မဖြစ်အောင် အစကတည်းက ကာကွယ်ရန် အရေးကြီးဆုံး အခွင့်အရေးကို ရရှိသည့်အချိန်မှာ ကလေးဘ၀ အချိန်ပင်ဖြစ်သည်။ အစောပိုင်း ကလေးဘဝဖွံ့ဖြိုးရေး၌ ရင်းနှီးမြှုပ်နှံသည့် စီမံချက်များသည် အစိုးရအတွက် ကုန်ကျမှုသက်သာခြင်းကို ဖြစ်စေနိုင်သည်။ ကလေးများ၌ ရင်းနှီးမြှုပ်နံှခြင်းသည် လူသားတို့ ပြုလုပ်သမျှထဲ၌ ရေရှည်အတွက် အကောင်းဆုံးနှင့် တန်ဖိုးအရှိဆုံး ရင်းနှီးမြှုပ်နံှမှု ဖြစ်လာနေသည်။

ကမ္ဘာကြီးအနေဖြင့် ကလေးများနှင့် ပတ်သက်သော ရင်းနှီးမြှုပ်နံှမှုများမှတစ်ဆင့် ဆင်းရဲမွဲတေမှုနှင့် ပတ်သက်၍ အနှောင့်အယှက်အပေးဆုံး မျက်နှာစာများကို ကိုင်တွယ်နိုင်သည်။ ယူနီဆက်၏ ကိုပင်ဟေဂင် သဘောတူညီချက်၌ ထုတ်လုပ်မှုစွမ်းအား အမြင့်ဆုံးဖြစ်စေသည့် ထိပ်တန်းရင်းနှီးမြှုပ်နံှမှု ၁၀ ချက်တွင် ခုနစ်ချက်မှာ ကလေးများနှင့် တိုက်ရိုက်ပတ်သက်နေသည်။ ယင်းရင်းနှီးမြှုပ်နံှမှုဆိုင်ရာ လှုံ့ဆော်မှုများတွင် ကလေးများအတွက် မိုက်ခရိုအာဟာရများကို တိုးချဲ့ပေးရန်၊ ကာကွယ်ဆေးထိုးခြင်းကို မြှင့်တင်ရန်၊ ကျောင်းနေစရိတ်များကို လျှော့ချရန်နှင့် မိန်းကလေးများ ပညာသင်ကြားရေး၌ ရှိနေသည့် အဟန့်အတားများကို ဖယ်ရှားရန်တို့ ပါဝင်သည်။

ယူနီဆက်၏ ခန့်မှန်းမှုအရ ယင်းကဲ့သို့ လုပ်ဆောင်မှုများအတွက် ရင်းမြစ်များမှာ အတန်အသင့်သာလိုသည်။ ဥပမာအားဖြင့် ကာကွယ်ဆေးထိုးစီမံချက်၌ နောက်ထပ်ကုန်ကျစရိတ် အနည်းငယ်မျှ တိုးလိုက်ရုံဖြင့် ယောကျ်ားကလေးနှင့် မိန်းကလေးပေါင်း တစ်သန်းအတွက် အကာအကွယ်ဖြစ်စေနိုင်သည်။ ကလေးတစ်ဦးလျှင် ဒေါ်လာ ထောင်ဂဏန်း အနည်းငယ်မျှသာ ရင်းနှီးမြှုပ်နံှခြင်းအားဖြင့် အသက် ၁၃ နှစ်သို့အရောက်တွင် အခြေခံပညာရေး ပြည့်စုံစေရန် အထောက်အကူပြုသည်။

နှိုင်းရသဘောအားဖြင့် ဘဏ္ဍာရေး ကုန်ကျစရိတ်နည်းပါးပြီး ပြန်လည်ရရှိမည့် အကျိုးအမြတ် မြင့်မားသော ကလေးများ၌ ရင်းနှီးမြှုပ်နံှခြင်းသည် လူ့အသက်များကို ကယ်ဆယ်နိုင်ရုံမျှမက စီးပွားရေး၌ ထုတ်လုပ်မှု အားကောင်းစေသည်။ ထို့ကြောင့် စီးပွားရေး ကြီးထွားနေချိန်များ၌သာမက စီးပွားရေး ကျပ်တည်းနေချိန်များ၌ပင်လျှင် စီးပွားရေးမူဝါဒများနှင့် ဘဏ္ဍာရေးဘတ်ဂျက်များတွင် ကလေးများကိစ္စကို အထူးဂရုပြု စဉ်းစားရမည်ဖြစ်သည်။

ကလေးများတွင် ရင်းနှီးမြှုပ်နံှရမည်ဟူသည့် သဘောတရားသည် အငြင်းပွားဖွယ်ရာ များစွာမရှိပေ။ သို့သော် ကလေးများ၌ ရင်းနှီးမြှုပ်နံှခြင်းသည် နိုင်ငံနှင့် ပြည်သူပြည်သား အားလုံး၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နံှခြင်းဟု ရှုမြင်ရမည်ဖြစ်သည်။ မနက်ဖြန်အတွက် ကမ္ဘာလောကကြီးသည် ယနေ့ကလေးများအပေါ်၌ မူတည်၍နေသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် တိုးတက်ကြွယ်ဝလာမည်လားဟူသည့် အချက်သည် နိုင်ငံသားများ (အထူးသဖြင့် ကလေးများ) ၏ ရှင်သန်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကာကွယ်စောင့်ရှောက်မှုတို့အပေါ်၌ အကြီးအကျယ် မူတည်နေသည်။

ထို့ကြောင့် ယနေ့၌ ကလေးများ၌ အကြီးအကျယ် ရင်းနှီးမြှုပ်နံှသည့် နိုင်ငံများသည်သာ နောင်အနာဂတ်တွင် ကမ္ဘာ့အလယ်၌ တင့်တယ်နိုင်မည့် နိုင်ငံများ ဖြစ်လာရန်ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၂၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent