နိုင်ငံအနာဂတ်အတွက် အရေးကြီးသော မူးယစ်တိုက်ဖျက်ရေး

နိုင်ငံအနာဂတ်အတွက် အရေးကြီးသော မူးယစ်တိုက်ဖျက်ရေး
Published 28 June 2018

နှစ်စဉ်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများကို နိုင်ငံတကာ အဖွဲ့အစည်းများရှေ့တွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ယခုနှစ်တွင်လည်း ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့အပါအဝင် မြို့အများအပြားတွင် အခမ်းအနားများပြုလုပ်၍ မြို့ကြီးသုံးမြို့တွင် စုစုပေါင်းဒေါ်လာ ၂၈၈ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသော်လည်း အခြားတစ်ဖက်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု၊ မူးယစ်ဆေးဝါး သိုလှောင်ဖြန့်ဖြူးမှု အခြေအနေများကိုကြည့်လျှင် စိုးရိမ်စရာကောင်းနေဆဲပင် ဖြစ်သည်။

မူးယစ်ဆေးဝါးနှင့် စပ်လျဉ်းပြီး သတင်းပေးတိုင်ကြားရန် မူးယစ်ဆေးဝါးအထူးသတင်း တိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ဖွဲ့စည်းထားကြောင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပြည်သူများ၏ ပါဝင်မှုကို မြှင့်တင်ရန်၊ ဆုငွေချီးမြှင့်ရေး အစီအစဉ်များ၊ အကာအကွယ်ပေးရေး အစီအမံများ၊ သတင်းအချက်အလက် လုံခြုံရေးစနစ်များကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေကြောင်း သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် သမ္မတအနေဖြင့် တိုက်ရိုက်ကိုင်တွယ်မည်ဖြစ်ပြီး သတင်းပေါက်ကြားမှုများ မဖြစ်ပေါ်စေရန် ဗဟိုအဖွဲ့၏ တိုက်ရိုက်ကွပ်ကဲကြပ်မတ်မှုအောက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ကို သီးခြားဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း သမ္မတက တရားဝင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂက ၁၉၆၁ ခုနှစ် မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်း၊ ၁၉၇၁ ခုနှစ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းများကို ပြဋ္ဌာန်းခဲ့ရာ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးပြီး ပါဝင်ဆောင်ရွက်နေသောနိုင်ငံလည်းဖြစ်သည်။ ၁၉၉၃ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နားလည်မှု စာချွန်လွှာများရေးထိုး၍ မူးယစ်ဆေးဝါး ပြဿနာကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း ကတိပြုထားခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှု၊ ထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံများတွင် ပါဝင်နေပြီး ယနေ့တိုင် မူးယစ်ဆေးဝါး အန္တရာယ်နှင့် ဆိုးကျိုးများကို ခံစားနေကြရဆဲပဲဖြစ်သည်။ နှစ်ပေါင်း ၃၀ ကျော်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် မဟာဗျူဟာများ၊ နည်းဗျူဟာများ ချမှတ်အကောင်အထည် ဖော်ခဲ့သော်လည်း ကျေနပ်စရာကောင်းသည့် ရလဒ်ထွက်မလာသည်ကို တွေ့ရပေလိမ့်မည်။ ယခုအစိုးရလက်ထက်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးမှုသတင်းများ နေ့စဉ်နှင့်အမျှ ထွက်ပေါ်နေသော်လည်း အမြစ်ပြတ်ချေမှုန်းနိုင်ရန်နှင့်အတူ မလွယ်ကူသည့် အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရသည်မှာလည်း အမှန်ပင်ဖြစ်သည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူးယစ်ဆေးဝါးသည် အဓိက အတားအဆီးဖြစ်နေသကဲ့သို့ပင် နိုင်ငံအနှံ့သို့ လမ်းကြောင်း အမျိုးမျိုးမှ ပျံ့နှံ့နေသော မူးယစ်ဆေးဝါးများကို တားဆီးထိန်းချုပ်နိုင်မှု မရှိပါက တိုင်းပြည်၏ အမျိုးသားအကျိုးစီးပွားအတွက် များစွာထိခိုက်နစ်နာ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေကြရမည်ဖြစ်သည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် သမ္မတရုံး၏ တိုက်ရိုက်ကိုင်တွယ်မှုနှင့် စီမံချက်များအပေါ် ကြိုဆိုရမည်ဖြစ်ပြီး နိုင်ငံအနာဂတ်နှင့် လူငယ်များအတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်များ အောင်မြင်မှုရရန် အရေးတကြီး လိုအပ်နေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent