မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် IRI ၏ လူထုစစ်တမ်း

မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် IRI ၏ လူထုစစ်တမ်း
Published 24 August 2017

မြန်မာနိုင်ငံ၏ လက်ရှိအစိုးရလက်ထက် အခြေအနေများနှင့် ပတ်သက်သော လူထုစစ်တမ်းတစ်ရပ်ကို ထုတ်ပြန်ရာတွင် “မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ အကောင်းမြင်သည့်ဘက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြေဆိုသူ ၂၂၄၉ ဦးရှိပြီး အဆိုပါ ဖြေဆိုမှုများတွင် လမ်းများတံတားများ ဖောက်လုပ်ပေးခြင်းအတွက် ရာခိုင်နှုန်း ၄၀ က အကောင်းမြင်ခဲ့ပြီး စီးပွားရေးတိုးတက်ကာ အလုပ်အကိုင်များ ရရှိလာသည်ဟု ယူဆသူ ၁၈ ရာခိုင်နှုန်းအထိ ရှိခဲ့ကာ လုံခြုံရေး အခြေအနေ တိုးတက်လာပြီး လူမျိုးရေး ပဋိပက ္ခနည်းပါးလာသည်ဟု ထင်မြင်သူ ၁၀ ရာခိုင်နှုန်း၊ ဒီမိုကရေစီနှင့် လွတ်လပ်မှုစံနှုန်းအပေါ် အကောင်းမြင်ခဲ့သူ ခြောက်ရာခိုင်နှုန်း၊ လူမှုရေးဝန်ဆောင်မှုများအပေါ် ခြောက်ရာခိုင်နှုန်းနှင့် အစိုးရသစ်ကြောင့်ဟု ထင်မြင်ယူဆသူ ငါးရာခိုင်နှုန်းအထိရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်အပေါ် မဖြေသူမသိသူမှာ ကိုးရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း” စသည့်အချက်များ ပါဝင်နေသည်။

ထို့ပြင် “မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ အဆိုးဘက်သို့ ဦးတည်နေသည်ဟု ထင်မြင်သူ ၄၉၃ ဦးအထိ မဲပေးခဲ့ပြီး စီးပွားရေးကဏ္ဍများ ဖြစ်သည့် စီးပွားရေးအခြေအနေ မကောင်းမွန်မှု၊ ကုန်ဈေးနှုန်း မြင့်တက်လာမှု၊ သီးနှံဈေးများ ကျဆင်းလာမှု၊ အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလာမှုနှင့် အခြားအချက်အလက်များကြောင့် အဆိုးဘက်သို့ ဦးတည်နေသည်ဟု ယူဆသူ ၅၃ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း၊  ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အကြမ်းဖက်မှုများကြောင့် အဆိုးဘက်သို့ ဦးတည်နေသည်ဟု ရာခိုင်နှုန်း ၂၀ က ထင်မြင်ခဲ့ပြီး ပြစ်မှုများပြားလာခြင်း၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် လုံခြုံရေးအားနည်းလာခြင်းစသည့် တရားဥပဒေစိုးမိုးရေး ကျဆင်းနေသည်ဟု ထင်မြင်ကာ အဆိုးဘက်သို့ ဦးတည်နေသည်ဟု ယူဆသူ ၁၄ ရာခိုင်နှုန်း အထိရှိခဲ့ကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၏ လုံခြုံရေး အခြေအနေနှင့် ပတ်သက်၍ လွန်စွာ ကောင်းသည်ဟု ထင်မြင်သူ ၁၉ ရာခိုင်နှုန်း၊ သာမန်လောက် ကောင်းသည်ဟု ယူဆသူ ရာခိုင်နှုန်း ၅၀၊ ဆိုးရွားနေသည်ဟု ယူဆသူ ၁၉ ရာခိုင်နှုန်း၊ လွန်စွာဆိုးရွားနေသည်ဟု ထင်မြင်သူ ခုနစ်ရာခိုင်နှုန်းနှင့် မဖြေလိုသူနှင့် မသိပါဟု ဖြေဆိုခဲ့သူ ငါးရာခိုင်နှုန်းအထိ ရှိကြောင်း” စသည်ဖြင့် ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။

အထက်ပါအချက်များမှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် လူထုအမြင် စစ်တမ်းတစ်ရပ်ကို IRI က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်အခြေစိုက်က သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ လူထုစစ်တမ်းတွင် ယခင်အစိုးရလက်ထက် ကောက်ခံခဲ့သည့် စစ်တမ်းနှင့် နှိုင်းယှဉ်ဖော်ပြမှုများ ပါဝင်ခဲ့သည်။ အဆိုပါ လူထုစစ်တမ်းမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းရှိ မြန်မာ့လူဦးရေအပေါ်အခြေခံ၍ လူဦးရေ ၃၀၀၀ အပေါ် စစ်တမ်း ကောက်ခံခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်သည့် အခြေအနေဖြစ်အောင် ကောက်ခံခဲ့ကြောင်း စစ်တမ်းကောက်ခံသည့် အဖွဲ့အစည်းတွင် ပါဝင်သူက ပြောဆိုထားသည်။

သို့ပါ၍ ယခုစစ်တမ်းသည် လူဦးရေအကန့်အသတ်ဖြင့် ကောက်ခံခဲ့သော စစ်တမ်းတစ်ခုသာ ဖြစ်သော်လည်း လိုအပ်သောပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် ပိုမိုကျယ်ပြန့်သည့် စစ်တမ်း သို့မဟုတ် လူထု၏ အမြင်သဘောထားများအပေါ် အဓိက အလေးထား လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ်လ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent