ရေကြီးပြီးနောက် ကျန်းမာရေး ပြဿနာများ

ရေကြီးပြီးနောက် ကျန်းမာရေး ပြဿနာများ
Published 21 June 2018

ဒေသတစ်ခု၌ ရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် ရေကျသွားသည့်အခါ ဘေးကင်းလုံခြုံရေးအတွက် လတ်တလော ပြဿနာကို ကျော်လွှားလိုက်နိုင်ပြီဖြစ်သည်။ သို့သော် ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပွားသော ညစ်ညမ်းမှုများကြောင့် တစ်ဆင့်ခံ ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ မိမိ၏ နေအိမ်၊ မိမိ၏ မိသားစုနှင့် မိမိ၏လုပ်ငန်းတို့အား ကာကွယ် စောင့်ရှောက်ရန် ဖော်ပြပါ ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရန်လိုသည်။

တက်လာသော ရေများနှင့် ထိတွေ့မှုကင်းအောင်နေပါ - ရေကြီးပြီးနောက် ရေကူးခြင်း ကဲ့သို့သော ရေလွှမ်းမိုးမှုကြောင့်ပါလာသည့် ရေများနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ပါ။ အဆိုပါ ရေများ၌ ညစ်ညမ်းမှု အမျိုးမျိုး ပါလာနိုင်သောကြောင့် အန္တရာယ်ရှိသည်။

ရေကြီးခဲ့သည့်နေရာများကို သန့်စင်အောင် ပြုလုပ်ပါ - ရေကြီးစဉ်က ရေများနှင့် ထိတွေ့ခဲ့သော ကြမ်းပြင်များ၊ နံရံများ၊ ပစ္စည်းကိရိယာများနှင့် ပရိဘောဂများကို သန့်စင်ပြီး ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များကို ပိုးသတ်ရမည်ဖြစ်သည်။ ညစ်ပေနေသော နေရာများနှင့် ပစ္စည်းများကို သန့်စင်သည့်အခါ လက်အိတ်၊ မျက်လုံးအကာအကွယ်နှင့် လည်ရှည်ဖိနပ်များ စီးထားပါ။ ပစ္စည်းများကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောပြီး ပိုးသတ်ဆေးများ အသုံးပြုရန်လိုသည်။ လေဝင်လေထွက်ကောင်းသောနေရာ၌ အလုပ်လုပ်ရန်လိုပြီး အမိုးနီးယား ပါဝင်သော ပစ္စည်းများကို သတိပြုရန်လိုသည်။

မှိုတက်ခြင်း - မှိုတက်ခြင်းသည် ရေကြီးပြီးနောက် ရေရှည်တည်ရှိနေသည့် သက်ရောက်မှုတစ်ရပ်ဖြစ်သည်။ အိမ်ရှိ အရာဝတ္ထုများအားလုံး အပြည့်အ၀ မခြောက်မချင်း နံရံများနောက်နှင့် ကြမ်းပြင်များအောက်တွင် မှိုတက်ခြင်း ဖြစ်ပေါ်နိုင်သည်။ မှိုတက်ခြင်း ဖြစ်ပေါ်နှင့် ပြီးပါက အိမ်သုံးပိုးသတ်ဆေးရည်ဖြင့် ပက်ဖျန်းပါ။ ယင်းနေရာကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပြီး မျက်စိအကာအကွယ်များ၊ လက်အိတ်များနှင့် လည်ရှည်ဖိနပ်များ ဝတ်ဆင်ထားရန်လိုသည်။

ရေတွင်းများနှင့် စမ်းချောင်းများ ညစ်ညမ်းခြင်း - ရေတွင်းများနှင့် စမ်းချောင်းများအား ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပါက ညစ်ညမ်းမှု ဖြစ်ပွားသည်ဟု ယူဆထားရမည်။ ၎င်းတို့ကို ပိုးသတ်ခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းတို့ မပြုလုပ်ရသေးမီ ယင်းတို့မှရေကို သောက်သုံးခြင်း သို့မဟုတ် အစားအစာများ ဆေးကြောခြင်း မပြုလုပ်ရပါ။

ပိုးသတ်စနစ် ပျက်စီးခြင်း - ပိုးသတ်စနစ် ပျက်စီးခြင်းများစွာတို့၌ ပြုလုပ်နိုင်မည့် တစ်ခုတည်းသောအရာမှာ ရေကျသွားသည်ကို စောင့်ဆိုင်းရန်ဖြစ်သည်။ ညစ်ပတ်သောရေများ မြေပြင်ပေါ်တွင် မြင်ရသည့်အခါမှ ယင်းတို့ကို စက်ဖြင့် စုပ်ထုတ်နိုင်သည်။

အစားအစာများ ညစ်ညမ်းခြင်းနှင့် အစာအဆိပ်သင့်ခြင်း - ရေကြီးခြင်းကြောင့် ရောက်ရှိလာသည့်ရေများနှင့် ထိတွေ့ခဲ့သည့် စားနပ်ရိက္ခာများကို စွန့်ပစ်ရမည်ဖြစ်သည်။ ရေခဲသေတ္တာအတွင်းမှ အပူချိန်သည် ၆၀ ဒီဂရီ သို့မဟုတ် ယင်းထက်ပို၍ နှစ်နာရီကြာ ရှိနေခဲ့ပါက အထဲမှ အစားအစာများကို စားသုံးရန် မသင့်တော့ပါ။

ခြင်များ - ရေကြီးခြင်းကြောင့် ရေဝပ်သောနေရာများ ကျန်ခဲ့ပြီး ခြင်များပေါက်ပွားရန်အတွက် အကောင်းဆုံး အနေအထားကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခြင်မှတစ်ဆင့် ကူးစက်သော ရောဂါများ အကြီးအကျယ် ဖြစ်ပွားစေနိုင်သည်။ နေအိမ်နှင့် အနီးတစ်ဝိုက်ရှိ ရေပြည့်နေသည့် အရာများအားလုံးကို ဖယ်ရှားပါ။ ဖယ်ရှား၍မရသော ရေများကို ဆေးများ ဖျန်းရန်လိုသည်။

ထို့ကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ကျန်းမာရေးပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက် ယခုအကြံပြုချက်များအတိုင်း လိုက်နာရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent