ပညာတတ်ခြင်းနှင့် ဉာဏ်ရည်မြင့်ခြင်း

ပညာတတ်ခြင်းနှင့် ဉာဏ်ရည်မြင့်ခြင်း
Published 20 June 2018

ပညာတတ်ခြင်းနှင့် ဥဏ်ရည်မြင့်ခြင်းကို ရောထွေးပြောဆိုတတ်ကြသည်။ ပညာတတ်ခြင်းဟူသည် ကျောင်းကဲ့သို့သော ပုံမှန်သင်ကြားရေးဝန်းကျင်တစ်ရပ်၌ အသိပညာ ဗဟုသုတများရရှိထားခြင်း ဖြစ်သည်။ ဉာဏ်ရည်မြင့်ခြင်းဟူသည်မှာ အသိပညာဗဟုသုတ အသစ်များကို အမှန်တကယ် လေ့လာသင်ယူနိုင်စွမ်း၊ ရရှိနိုင်စွမ်း၊ လက်ခံနိုင်စွမ်းနှင့် အသုံးချနိုင်စွမ်း ဖြစ်သည်။ အများစုသည် လူတစ်ဦး၏ ဉာဏ်ရည်ကို သူ၏ပညာရေးဖြင့် ဆုံးဖြတ်တတ်ကြသည်။ ထိုအခါ မြင့်မားသောပညာ တတ်မထားသော်လည်း ဉာဏ်ရည်မြင့်မားသူနှင့် ဉာဏ်ရည်မြင့်မားခြင်းမရှိဘဲ အဆင့်မြင့်ပညာတတ်ထားသူဟူ၍ စဉ်းစားရန် လိုလာသည်။

ပျမ်းမျှလူများထက် ဉာဏ်ရည်မြင့်မားသူများသည် တစ်ခါတစ်ရံတွင် ပျင်းရိခြင်းကြောင့် ကျောင်းတွင် ညံ့ဖျင်းတတ်ကြသည်လည်း ရှိသည်။ ၎င်းတို့သည် စာသင်ခန်းထဲ၌ ထိုင်နေသော်လည်း သင်ကြားသူများက ၎င်းတို့အား သက်ဆိုင်ရာပညာရပ်ကို စိတ်ဝင်စားလာအောင် ပြုလုပ်နိုင်ခြင်းမရှိသည့်အခါ ပျင်းရိငြီးငွေ့လာလျက် အာရုံစိုက်မှုမရှိတော့ပေ။ ၎င်းတို့သည် အသေးအဖွဲ ကိစ္စလေးများကိုပင် အာရုံမစိုက်နိုင်လောက်အောင် ဖြစ်သွားတတ်သည်။ အခြားတစ်ဖက်မှကြည့်လျှင် ဉာဏ်ရည်နိမ့်သူများကို စာသင်ခန်းများက ပိုမိုဆွဲဆောင်နိုင်ပြီး ပျင်းရိငြီးငွေ့နိုင်ခြေ နည်းပါးတတ်သည်။ ၎င်းတို့အနေဖြင့် ပညာတတ်ရန် ပြင်းပြင်းထန်ထန် အားထုတ်ရန်လိုသည်ဟု သတိပြုမိထားသူများလည်း ဖြစ်တတ်သည်။

ပါရဂူဘွဲ့များပင်ရရှိသော်လည်း ပျမ်းမျှလူများထက် ဉာဏ်ရည်ပို၍ မြင့်မားခြင်း မရှိသူများလည်း ရှိတတ်သည်။ ယင်းသည်လည်း ပြဿနာတစ်ရပ်မဟုတ်ပါ။ ၎င်းတို့အတွက် မလွယ်ကူသည့် တစ်စုံတစ်ရာကို ကျွမ်းကျင်အောင် အချိန်ပေးအားထုတ်ခဲ့ကြောင်း ပြသခဲ့ပြီးဖြစ်သောကြောင့်ပင်။ ယင်း၌ အဆင့်မြင့်ပညာတတ်မြောက်ခြင်းသည် ဉာဏ်ရည်ပို၍ မြင့်မားကြောင်း၏ သက်သေမဟုတ်ကြောင်း သိရှိရန်လိုသည်။ ပြင်းထန်စွာ လေ့ကျင့် မှု လိုအပ်သော်လည်း ဉာဏ်ရည်မြင့်မားရန် မလိုသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များလည်း ရှိသည်။ ဥပမာအားဖြင့် အိုင်ကျူမြင့်မားစရာမလိုဘဲ မိမိအလုပ်ကို ကောင်းစွာဆောင်ရွက်နိုင်သည့် ဆရာဝန်များလည်း ရှိသည်။ ၎င်းတို့သည် ရှိပြီးသား လုပ်ငန်းစဉ်များအတိုင်း လိုက်နာ၍စံသတ်မှတ်ပြီးသား နည်းလမ်းများအတိုင်း ရောဂါရှာဖွေကာ တွေ့ရှိရသည့် အခြေအနေရပ်များအတိုင်း စံသတ်မှတ်ပြီးသား ပုံစံဖြင့် ဆေးများကို ပေးခြင်းဖြစ်သည်။  ၎င်းတို့အား ယင်းစံသတ်မှတ်ချက်များကို ပညာရေးအဖြစ် သင်ကြားပေးရန်သာလိုသည်။ သို့သော် ၎င်းတို့အနေဖြင့် စံသတ်မှတ်ချက်များကို ကိုယ်တိုင်ဖန်တီးနိုင်မည် မဟုတ်ပါ။ ရှိပြီးသား စံသတ်မှတ်ချက်များအတိုင်း လိုက်နာရုံသာ တတ်နိုင်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ပညာတတ်သော်လည်း ပျမ်းမျှဉာဏ်ရည်သာရှိပါက ကြီးကြီးမားမား အလုပ်ဖြစ်မည်ဟုကား မဆိုနိုင်။

ထို့ကြောင့် ပညာတတ်မြောက်ခြင်းသည် ဉာဏ်ရည်နှင့် ညီမျှသည်ဟု မဆိုနိုင်ပါ။ ဉာဏ်ရည်ကို ဆုံးဖြတ်ရန်အတွက် ပညာတတ်မြောက်မှုကို အပြင်ပန်းတိုင်းတာစရာ တစ်ရပ်အဖြစ်သာ ယာယီသုံးရခြင်း ဖြစ်သည်။ ပညာတတ်မြောက်ခဲ့ခြင်း မရှိသည်ကိုလည်း ဉာဏ်ရည်နိမ့်ပါးသူ သို့မဟုတ် အသိဉာဏ်နိမ့်ပါးသူဟု မသတ်မှတ်နိုင်ပါ။ သို့သော် ဉာဏ်ရည်နိမ့်ပါးသူများအနေဖြင့် ၎င်းတို့ရယူနိုင်စွမ်းရှိသလောက် ပညာတတ်မြောက်ရန် လိုအပ်သကဲ့သို့ ဉာဏ်ရည်မြင့်မားသူများ ပညာတတ်မြောက်ရန်လည်း လိုအပ်သည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံ ပြန်လည်ထူထောင်ရာတွင် ဉာဏ်ရည်အနိမ့်အမြင့် တိုင်းတာနေခြင်းထက် တတ်နိုင်သမျှ လူဦးရေရာခိုင်နှုန်းများစွာ ပညာတတ်မြောက်ကြရန်သာ လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်လ ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent