ပြည်တွင်းရေးမူဝါဒ

ပြည်တွင်းရေးမူဝါဒ
Published 12 June 2018

နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်းရှိ အားလုံးသော အကြောင်းအရာ၊ လုပ်ဆောင်ချက်တို့နှင့် တိုက်ရိုက်ပတ်သက်သော အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြည်တွင်းရေးမူဝါဒဟု ခေါ်သည်။ ပြည်တွင်းရေးမူဝါဒသည် ကမ္ဘာ့နိုင်ငံရေး၌ နိုင်ငံတစ်နိုင်ငံ၏ အစိုးရက နိုင်ငံ၏ အကျိုးစီးပွားဆီသို့ ချဉ်းကပ်ရာ နည်းလမ်းဖြစ်သည့် နိုင်ငံခြားရေးမူဝါဒနှင့် ကွဲပြားခြားနားသည်။ ပြည်တွင်းရေးမူဝါဒသည် လုပ်ငန်းများ၊ ပညာရေး၊ စွမ်းအင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဥပဒေထိန်းသိမ်းရေး၊ ငွေကြေးနှင့် အကောက်ခွန်၊ သဘာဝရင်းမြစ်များ၊ လူမှုဖူလုံရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များဟူ၍ အတိုင်းအတာ ကျယ်ပြောလှသည်။ ပြည်တွင်းရေးမူဝါဒများစွာတို့သည် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၌ အစိုးရက မည်သည့်အတိုင်းအတာအထိ ပါဝင်မည်နည်းဟူသည်နှင့် ပတ်သက်၍ အငြင်းအခုံ ဖြစ်ကြရသည်။

အစဉ်အလာအရ ကွန်ဆာဗေးတစ်ဖြစ်သူများက လုပ်ငန်းများကို ထိန်းချုပ်ကွပ်ကဲခြင်းနှင့် စီးပွားရေးစီမံမှု၌ အစိုးရသည် အဓိကအခန်းကဏ္ဍမှ မပါဝင်သင့်ဟု ယုံကြည်ကြသည်။ ပို၍ကွန်ဆာဗေးတစ်ဖြစ်သူများကမူ အစိုးရ၏ လုပ်ဆောင်ချက်များသည် ဆင်းရဲမွဲတေမှု၊ စီးပွားရေးအရ တန်းတူညီမျှခြင်း မရှိမှုတို့နှင့် ပတ်သက်သော ပြဿနာများကို မဖြေရှင်းနိုင်ဟု ယုံကြည်ကြသည်။ သို့သော် လစ်ဘရယ်အကျဆုံးသူများက စီးပွားရေး လုံခြုံမှုရှိရေး၊ လူမှုဒုက္ခများ လျော့ပါးသက်သာစေရေးနှင့် မညီမျှမှုများကို လျှော့ချရေးတို့ အတွက် ကြိုးပမ်းသည့် အစိုးရ၏ အစီအစဉ်များကို ထောက်ခံကြသည်။ လစ်ဘရယ်ကျသူ အများအပြားသည် ဘေးကင်းလုံခြုံ၍ မျှတသော လုပ်ငန်းခွင် အခြေအနေရပ်များအား အာမခံရန်နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကန့်သတ်ရန် လုပ်ငန်းများအား အစိုးရက ထိန်းချုပ်ကွပ်ကဲသင့်သည်ဟူသည်ကို ယုံကြည်ကြသည်။ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ယုံကြည်ချက်များအရ အချို့သော ပြည်တွင်းရေးမူဝါဒများမှာ အငြင်းပွားဖွယ် ဖြစ်ရသည်လည်း ရှိသည်။

နိုင်ငံတစ်နိုင်ငံ၏ အစိုးရပုံစံသည် ယင်း၏ ပြည်တွင်းရေးမူဝါဒ ဖွဲ့စည်းပုံနှင့် အကောင်အထည်ဖော်ပုံကို အကြီးအကျယ် အဆုံးအဖြတ်ပေးနိုင်သည်။ အာဏာရှင်အစိုးရများ လက်အောက်၌ အုပ်စိုးသူတစ်စုသည် အအုပ်ချုပ်ခံ ပြည်သူတို့၏ ပါဝင်မှု သို့မဟုတ် သဘောတူမှု မပါဘဲ ပြည်တွင်းရေးမူဝါဒများကို ချမှတ်အကောင်အထည်ဖော်ကြသည်။ သို့သော် ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ၌ ပြည်သူတို့၏ဆန္ဒသည် ပြည်တွင်းရေးမူဝါဒများအပေါ် အကြီးအကျယ် သက်ရောက်မှုရှိသည်။

ဒီမိုကရေစီနိုင်ငံတွင် ပြည်တွင်းရေးမူဝါဒ၏ တရားဝင်ပုံစံသည် ရွေးကောက်တင်မြှောက်ခံခေါင်းဆောင်များ၊ ဥပဒေပြုအဖွဲ့များနှင့် အစိုးရ၏ အထူးပြုအေဂျင်စီများ၏ တာဝန်ယူမှုအပေါ်၌ အဓိကမူတည်သည်။ သို့သော် အခြားအကြောင်းခြင်းရာများလည်း လုပ်ငန်းစဉ်၌ ပါဝင်သည်။ ဥပမာအားဖြင့် မဲဆန္ဒရှင်ပြည်သူများက မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်နိုင်ငံရေးပါတီက မူဝါဒကို ဆုံးဖြတ်နိုင်သည့် အာဏာရှိရမည်ဟု အဆုံးအဖြတ် ပေးနိုင်သည်။ လူထုမီဒီယာများက ပြည်တွင်းရေး အကြောင်းအရာများနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို ဖြန့်ဝေပေးပြီး လူများ၏ ယုံကြည်မှုနှင့် ထင်မြင်ချက်အပေါ် သက်ရောက်မှုရှိသည်။

ပြည်တွင်းရေးမူဝါဒ၏ ထိရောက်မှုသည် အစိုးရ၏ ဗျူရိုကရေစီယန္တရားအပေါ်၌ မူတည်နေပြီး ဥပဒေများနှင့် အစီအစဉ်များကို လုပ်ဆောင်ချက်အဖြစ် အကောင်အထည် ဖော်ရသည်။ အချို့ကိစ္စရပ်များတွင် ဗျူရိုကရေစီယန္တရားသည် နှေးကွေးခြင်း သို့မဟုတ် ထိရောက်မှုမရှိခြင်း ဖြစ်ပေါ်နိုင်သကဲ့သို့ မူလက ရည်ရွယ်ထားသည့်အတိုင်း မူဝါဒများကို ကျင့်သုံးအကောင်အထည်ဖော်နိုင်မှု မအောင်မမြင် ဖြစ်ရသည်လည်း ရှိသည်။ ပြည်တွင်းရေးမူဝါဒများ အနေဖြင့် တရားရုံးများ၌ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ရနိုင်သည်။ နိုင်ငံများစွာတို့တွင် တရားရုံးတို့သည် တရားစီရင်မှုဆိုင်ရာ ပြန်လည်သုံးသပ်နိုင်သည့် အခွင့်အာဏာရှိပြီး နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကြောင်း တွေ့ရှိရသည့် မည်သည့်ဥပဒေမဆိုနှင့် မည်သည့်သမ္မတ/ဝန်ကြီးချုပ်တို့၏ အမိန့်/လုပ်ဆောင်ချက်ကို မဆို ပယ်ချပိုင်ခွင့်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ပြည်တွင်းရေးမူဝါဒ မှန်သမျှသည် ပြည်သူတို့၏ နေ့စဉ်ဘ၀ ကံကြမ္မာများနှင့် ပတ်သက်နေသောကြောင့် ပြည်သူအများစု၏ အကျိုးစီးပွားနှင့် ဆန္ဒတို့မှနေ၍ သွေဖည်ရန် မသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၁၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Recent