အချက်အလက်များကပြောသည့် ပညာရေး နိမ့်ပါးမှု

အချက်အလက်များကပြောသည့် ပညာရေး နိမ့်ပါးမှု
Published 7 June 2018

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ကြေညာခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ယခုနှစ် အောင်ချက်ရာခိုင်နှုန်း ယမန်နှစ်အောင်ချက် ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သိသာစွာ ကျဆင်းခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ ၇၁၆၁၈၈ ဦးရှိသည့်အနက် ၂၄၂၇၃၆ ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့သည်။ ယခု ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ၇၈၉၈၄၅ ဦး ဖြေဆိုသည့်အနက် ၂၅၉၁၉၁ ဦးသာ အောင်မြင်ခဲ့ရာ အောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ကိန်းဂဏန်း အချက်အလက် ထွက်ပေါ်လာခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အောင်ချက်ရာခိုင်နှုန်းများကိုကြည့်လျှင် ချင်းပြည်နယ်တွင် ၁၀၁၆၈ ဦး ဖြေဆိုသည့်အနက် ၁၆၉၂ ဦးသာ အောင်မြင်ပြီး အောင်ချက် ၁၈ ဒသမ ၆၄ ရာခိုင်နှုန်းဖြင့် အောင်ချက်အနိမ့်ဆုံး ဖြစ်ခဲ့သည်။ အောင်ချက်အကောင်းဆုံးမှာ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့ဖြစ်သည်။

ယခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ကျဆင်းခဲ့သည်ဟု ဆိုသော်လည်း ဖွံ့ဖြိုးတိုးတက်မှုရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့၏ အောင်ချက်ရာခိုင်နှုန်း အပြောင်းအလဲထက် ဝေးလံခေါင်သီသော၊ ပဋိပက္ခများနှင့် ဖွံ့ဖြိုးမှုနိမ့်သော ပြည်နယ်များ၏ အောင်ချက်ရာခိုင်နှုန်း ကျဆင်းမှုသည် ပညာရေးကဏ္ဍအတွက် စိုးရိမ်ရမည့်အချက် ဖြစ်နေပေသည်။ နှစ်စဉ် ရန်ကုန်နှင့် မန္တလေးတိုင်းအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု မြင့်မားနေသည်ဆိုသည့်အချက်ထက် အဘက်ဘက်က ပြည့်စုံမှုမရှိသော ပြည်နယ်များအတွင်း ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အောင်မြင်တိုးတက်ရေးသည် တိုင်းပြည်အတွက် ပို၍အရေးကြီးပေသည်။ ချင်းပြည်နယ်ပြီးလျှင် အောင်ချက်ဒုတိယ အနိမ့်ဆုံးပြည်နယ်မှာ ရခိုင်ပြည်နယ်ဟု ဆိုရမည်ဖြစ်ပြီး ယင်းပြည်နယ်အတွင်းမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်ယောက်မျှမအောင်သည့် ကျောင်းပေါင်း ၂၅ ကျောင်း ရှိနေသည်ဆိုသည့် အချက်အလက်များသည် ပညာရေးပြုပြင်ပြောင်းလဲမှုကဏ္ဍအတွက် သတိပြုရမည့် အချက်အလက်များလည်း ဖြစ်နေသည်။ ရခိုင်ပြည်နယ်အတွင်းမှ တစ်ယောက်မျှ မအောင်မြင်သည့် ကျောင်းအရေအတွက် စုစုပေါင်းကိုကြည့်လျှင် ၂၀၁၅ တွင် ခုနစ်ကျောင်း၊ ၂၀၁၆ တွင် ၁၀ ကျောင်း၊ ၂၀၁၇ တွင် ၂၄ ကျောင်းနှင့် ၂၀၁၈ တွင် ၂၅ ကျောင်းအထိ မြင့်လာသည့်အချက်ကို တွေ့ရသည်။ ယင်းကဲ့သို့ ကျဆင်းသွားရခြင်း၏ အကြောင်းရင်းများတွင် အဓိကအချက်မှာ ဒေသတွင်း စီးပွားရေးနိမ့်ကျမှုကြောင့် ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ပြင် ပညာရေးဆိုင်ရာ ဘတ်ဂျက်လိုအပ်မှု၊ အစိုးရ၏ ပံ့ပိုးပေးနိုင်မှု အတိုင်းအတာနှင့် အမျိုးမျိုးသော လိုအပ်ချက်များကြောင့်လည်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းများ ထပ်တိုးဖွင့်လှစ်နေသည် ဆိုသော်လည်း အထက်တန်းပညာ သင်ကြားပေးမည့် ဆရာ၊ ဆရာမ ၄၀၀ ခန့် လိုအပ်နေကြောင်းလည်း သိရသည်။ ရခိုင်ပြည်နယ်တွင် တစ်နှစ်လျှင် B.Ed ဆင်း ဆရာ၊ ဆရာမ ၃၀ လောက်သာ ထွက်ရှိသောကြောင့် ပြည်နယ်တစ်ခုအတွက် လုံလောက်သော အခြေအနေတွေ မရှိသည်မှာ သေချာနေသည်။ တိုင်းပြည်ဆင်းရဲသည့်အတွက် အချို့သော ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် ပညာရေးကဏ္ဍနှင့် ပတ်သက်လျှင် များစွာခေတ်နောက်ကျ နိမ့်ကျနေဆဲ ဖြစ်နေသည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးတွင် ပြည်သူတို့အတွက် ပညာရေးကဏ္ဍ၌ အစိုးရ၏ စီမံခန့်ခွဲမှုသည် များစွာအရေးကြီးပါသည်။ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရာတွင် တစ်နိုင်ငံလုံး ခြုံငုံနိုင်သည့် တစ်ပြေးညီ ပြုပြင်ပြောင်းလဲမှုနှင့် တိုးတက်မှု ရလဒ်ထွက်ရှိလာရန် အခြေခံမူများနှင့် ရေတိုရေရှည် မဟာဗျူဟာချမှတ် အကောင်အထည် ဖော်သင့်ပေသည်။ NLD အစိုးရ၏ သက်တမ်းနှစ်နှစ်ကျော်ကာလအတွင်း ပညာရေးကဏ္ဍနှင့် ပတ်သက်လျှင် တစ်မုဟုတ်ချင်း တိုးတက်မှုရလဒ်များ ချပြနိုင်ရန် မလိုသော်လည်း ဝေးလံခေါင်သီသော ဒေသများနှင့် ဖွံ့ဖြိုးမှုနောက်ကျသော ပြည်နယ်များအတွက် အခြေခံကောင်းများ ချထားပေးနိုင်ရေးအတွက်မူ သိသာစွာ လုပ်ဆောင်ပေးရန်လိုမည်ဖြစ်သည်။ အထူးသဖြင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာရေးအတွက် ဆင်းရဲချမ်းသာ ကွာဟချက်များအပေါ် ဂရုပြုကာ တစ်ပြေးညီ တိုးတက်မှု ရှိစေရေးအတွက် ပုံစံဟောင်းများမှ ခွဲထွက်လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent