နိုင်ငံရေး ဝေဖန်မှုများ

နိုင်ငံရေး ဝေဖန်မှုများ
Published 2 June 2018

ခေတ်သစ်လူမှုအဖွဲ့အစည်းများ (အထူးသဖြင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ) အတွင်း နိုင်ငံရေးဝေဖန်မှု၏ လျော်ကန်မှုသည်လည်းကောင်း၊ အရေးပါပုံသည်လည်းကောင်း အကြီးအကျယ် အငြင်းပွားဖွယ်ရာ ကိစ္စဖြစ်ခဲ့သည်။ ပညာရှင်များက ထင်မြင်ယူဆချက်အမျိုးမျိုးကို ဖန်တီးခြင်းနှင့် မြှင့်တင်ခြင်းတို့ ပြုလုပ်ပေးသော နိုင်ငံရေးဆွေးနွေးချက်များသည် စစ်မှန်သော ဒီမိုကရေစီစနစ်တစ်ရပ်အတွက် လိုအပ်သည်ဟု အခိုင်အမာ ဆိုကြသည်။ အုပ်ချုပ်မှုအောက်၌ လူအားလုံးအတွက် လွတ်လပ်စွာ ပြောဆိုခွင့်ကို အာမခံထားပေးသည်ဟု အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ပြလေ့ရှိကြသည်။ ယင်းသဘောတရားကို ပြန်လည်ဝေဖန်သူများက သာမန်ပြည်သူများတွင် အလေးအနက်ထားနိုင်လောက်အောင် ပညာတတ်သည့် သဘောထားထင်မြင်ချက်ကို မွေးဖွားလာရန် အရင်းအမြစ်များနှင့် စွမ်းဆောင်ရည်များ ချို့တဲ့သည်ဟု ထောက်ပြကြသည်။ ထို့ကြောင့်  ယင်းကဲ့သို့ သဘောထားထင်မြင်ချက်များ အလျှံအပယ်ဖြစ်အောင် မြှင့်တင်ခြင်းသည် နိုင်ငံရေးကိစ္စရပ်များကို ရှုပ်ထွေးစေရုံသာ ဖြစ်စေလိမ့်မည်ဟု ဆိုသည်။

နိုင်ငံရေးထင်မြင်ယူဆချက်များကို မြှင့်တင်ပေးသည့် နည်းလမ်းများ သမိုင်းတစ်လျှောက် များစွာရှိခဲ့သည်။ နည်းပညာသစ်များ ဖွံ့ဖြိုးလာသည့်အခါ နည်းလမ်းအသစ်များ ထပ်မံပေါ်ထွက်၍ လာပြန်သည်။ သမိုင်းတစ်လျှောက် လွှမ်းမိုးမှုအရှိဆုံး နည်းလမ်းများ အနက်တစ်ခုမှာ စာအုပ်စာပေဖြစ်သည်။ စာအုပ်စာပေတို့သည် လူထု၏ တွေးခေါ်မှုအပေါ် သြဇာလွှမ်းမိုးနိုင်သည့် ပုံသဏ္ဌာန်တစ်ရပ် ဖြစ်သည်။ Uncle Tom’s Cabin (ဦးလေးတွမ်ဟု မြန်မာဘာသာပြန်ရှိ) နှင့် ဂျော့အိုဝယ်၏  Nineteen Eighty – Four ကဲ့သို့သော စာအုပ်များသည် နိုင်ငံရေးစရိုက်လက္ခဏာရပ်များစွာ ပါဝင်သော အရေးအသားများ ဖြစ်ကြသည်။ ကောင်းစွာ ရေးသားထားသော စာအုပ်များသည် သာမန်သိမှုထဲမှနေ၍ ဆင်ခြင်မှုနှင့် စိတ်ကူးများ ထွက်ပေါ်လာအောင် လှုံ့ဆော်ပေးခြင်း ပြုလုပ်နိုင်ကြောင်း သက်သေပြနိုင်ခဲ့ပြီး ဖြစ်သည်။ ယင်းစာအုပ်များသည် စာဖတ်သူတို့အား နည်းလမ်းတစ်ခုအတိုင်း ခံစားရအောင် ပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာနည်းလမ်းတစ်ခုအတိုင်း တွေးတတ်လာအောင် လမ်းညွှန်ပေးသည်။ ထို့ကြောင့် “ကလောင်သွားသည် ဓားသွားထက် ထက်သည်” ဟု အဆို ရှိသည်။ စာပေများကဲ့သို့ပင် ရုပ်ရှင်သို့မဟုတ် ရုပ်မြင်သံကြားဇာတ်လမ်းများသည် ကြည့်သူအပေါ် စိတ်ခံစားမှုအရ သက်ရောက်မှုရှိသောကြောင့် နိုင်ငံရေးဝေဖန်မှုအတွက် အဖိုးမဖြတ်နိုင်သော လက်နက်များ ဖြစ်လာကြသည်။ ထို့ကြောင့် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများကို နိုင်ငံရေးအရ ဝါဒဖြန့်ရန် အသုံးပြုလာကြခြင်း ဖြစ်သည်။

နိုင်ငံရေးကာတွန်းများသည်လည်း သရော်လှောင်ပြောင်သည့် နည်းလမ်းများမှတစ်ဆင့် နိုင်ငံရေးအမြင်များကို မြှင့်တင်နိုင်စွမ်းရှိကြောင်း ထင်ရှားသည်။ ကာတွန်းဆရာကပေးသော မက်ဆေ့ချ်များနှင့် ဆက်သွယ်နိုင်ရန် အားကောင်းသော သင်္ကေတများနှင့် တင်စားချက်များကို အသုံးပြုမှုနှင့်အတူ စာဖတ်သူထံ အားကောင်းသော ထင်မြင်ချက်များကို  ကျန်ရစ်စေသည်။ ယဉ်ကျေးမှု မြင့်မားလာခြင်းနှင့်အတူ သတင်းစာများနှင့် သတင်းထုတ်လွှင့်မှုများသည် နိုင်ငံရေးထင်မြင်ချက်များနှင့် ပတ်သက်၍ လွှမ်းမိုးမှုအားကောင်းသော နည်းလမ်းများဖြစ်လာသည်။ အကယ်၍ ယင်းနည်းလမ်းများ၌ ဘက်လိုက်မှုများရှိခဲ့ပါက လက်ရှိဖြစ်ပေါ်နေသော ဖြစ်ရပ်များနှင့်ပတ်သက်၍ လူအများစု၏ အမြင်ကို ပြောင်းလဲသွားစေနိုင်သည်။ နောက်ဆုံးအနေဖြင့် အင်တာနက်ပေါ်လာခြင်းသည် နိုင်ငံရေးဝေဖန်မှုများကို မည်သူမဆို ကမ္ဘာတစ်ဝန်းကျယ်ပြန့်သည့် ကွန်ရက်များနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်သည်အထိ အကြီးအကျယ် ကျယ်ပြန့်၍ သွားတော့သည်။ နိုင်ငံရေးထင်မြင်ချက်များကို အချင်းချင်းဖလှယ်ရန်လည်း အင်တာနက်သည် အထိရောက်ဆုံးနည်းလမ်း ဖြစ်၍လာသည်။

မည်သို့ပင်ဆိုစေကာမူ ခေတ်သစ်လူမှုအဖွဲ့အစည်းများ (အထူးသဖြင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ) အတွင်း နိုင်ငံရေးဝေဖန်မှုများသည် တားမြစ်ပိတ်ပင်၍ မရနိုင်သည့် အရာများဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်လ ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)

Most Read

Most Recent