မေတ္တာ၊ အကြင်နာတို့ဖြင့် ဖြေရှင်းသင့်သော ပြဿနာ

မေတ္တာ၊ အကြင်နာတို့ဖြင့် ဖြေရှင်းသင့်သော ပြဿနာ
Published 31 May 2018

သက်ငယ်မုဒိမ်းမှုခင်းဖြစ်စဉ်များ ကဲ့သို့ပင် အိမ်အကူများ ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် သတ်ဖြတ်ခံရသည်အထိ ဖြစ်လာသော အိမ်ရှင်နှင့် အိမ်အကူအကြား မှုခင်းဖြစ်စဉ်များလည်း လတ်တလောတွင် တိုးပွားလျက်ရှိသည်ကို တွေ့ရသည်။ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သော အင်းဝအပ်ချုပ်ဆိုင်၌ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ကြသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်နှစ်ဦး နှိပ်စက်ညှဉ်းပန်းခံခဲ့ရမှုဖြစ်စဉ်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့သည်။ အင်းဝအပ်ချုပ်ဆိုင်တွင် ဖြစ်ပွားခဲ့သောအမှုကို တစ်နှစ်ကျော်အကြာ စစ်ဆေးပြီးနောက် လုပ်ခလစာ ခေါင်းပုံဖြတ်မှု၊ အိမ်တွင်း ပိတ်လှောင်ကာ ခိုင်းစေမှု၊ ဝန်နှင့်အား မမျှအောင် အဓမ္မခိုင်းစေမှု၊ ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်သည့်အတွက် တရားခံများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်အပြစ်ပေးခဲ့သည်။

ယင်းဖြစ်စဉ် ပြီးနောက်တွင်လည်း အခြားသော အိမ်အကူများ နှိပ်စက်ညှဉ်းပန်းခံရသည့် ဖြစ်စဉ်များမှာ ဆက်လက်ထွက်ပေါ်နေဆဲပင် ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် လှည်းကူးမြို့နယ်၌ အိမ်အကူအမျိုးသမီးတစ်ဦး သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရသည်ဟုဆိုကာ အိမ်ရှင်အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ခဲ့သည်။ သေဆုံးသူ မကရင်မ (၃၈ နှစ်) သည် ဆွဲကြိုးခိုးသည်ဟု စွပ်စွဲခံရရာမှ ရိုက်နှက်ခံရသဖြင့် ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်တို့တွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့သည်ဟု အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။ အမှုအတွက် တရားခံအဖြစ် စွပ်စွဲခံရသည့်အမျိုးသမီးမှာ ဥပဒေအရာရှိ တစ်ဦးဖြစ်နေပြီး အခင်းဖြစ်စဉ်အပေါ် လူအများက အံ့သြတုန်လှုပ်ခဲ့ကြသည်။

အမှန်စင်စစ်တွင် မီဒီယာအားကောင်းလာမှုကြောင့် အိမ်အကူများ ညှဉ်းပန်းနှိပ်စက်ခံရမှု ကဲ့သို့သော မှုခင်းဖြစ်စဉ်များ မကြာခဏ ပေါ်ပေါက်လာရခြင်းဖြစ်ပြီး အိမ်အကူနှင့် အိမ်ရှင်များအကြား ပြဿနာများသည် မြန်မာ့လူမှုအသိုင်းအဝိုင်းကြားတွင် အမြဲတစေ တွေ့မြင်ရသော ပြဿနာဟု ဆိုရမည်ဖြစ်သည်။ ခေတ်ကာလရွေ့လျားလာမှုနှင့်အတူ တစ်ဦးနှင့်တစ်ဦး၊ အိမ်အကူနှင့် အိမ်ရှင်များအကြားတွင် ယုံကြည်မှုပျက်ယွင်းလာခြင်းက ထိုကဲ့သို့သော အမှုအခင်းများလည်း ပိုမိုတိုးပွားလာစေခဲ့သည်။ တိုင်းပြည်ဆင်းရဲနွမ်းပါးမှုနှင့် အဘက်ဘက်က နိမ့်ကျမှုကြောင့် ယင်းသို့သော ပြဿနာများနှင့်ပတ်သက်လျှင် အသိပညာပေးခြင်းနှင့် ဥပဒေပိုင်းဆိုင်ရာ အထောက်အကူပြုခြင်းတို့တွင် များစွာအားနည်းနေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ တခြားသောနိုင်ငံများကဲ့သို့ အလုပ်သမားဆိုင်ရာ စာချုပ်စာတမ်းများ၊ စည်းကမ်းသတ်မှတ်ချက်များ၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် သဘောတူညီမှုများ မရှိခြင်းကြောင့်လည်း မလိုလားအပ်သော ပြဿနာများနှင့် အမှုအခင်းများ ဖြစ်ကြရသည်။

မျက်မှောက်အခြေအနေတွင် ကြုံတွေ့နေရသော အိမ်အကူနှင့် အိမ်ရှင်တို့၏ ပဋိပက္ခများအပေါ် ကာကွယ်တားဆီးနိုင်ရန် နှစ်ဖက်မျှတမှုရှိသော သီးခြားဥပဒေတစ်ရပ်လည်း လိုအပ်နေပြန်သည်။ ထို့ပြင် နှစ်ဦးနှစ်ဖက် သင့်တင့်မျှတမှုနှင့် အပြန်အလှန် နားလည်မှုသည်လည်း များစွာသတိပြုသင့်သည့် အကြောင်းအချက်ပင်ဖြစ်သည်။ ပြဿနာရပ်တိုင်းတွင် အိမ်ရှင်များဘက်မှ မတရားခြင်းမဟုတ်သကဲ့သို့ပင် အိမ်အကူများအတွက်လည်း မျှတသည့် ခံစားခွင့်နှင့်ဥပဒေ၏ အကာအကွယ်များ ပေးထားသင့်သည်။ အချို့သော ပြဿနာများတွင် အိမ်ရှင်ဘက်မှ ကောင်းမွန်သော်လည်း အိမ်အကူဘက်မှ အလုပ်သမားတို့၏ ကျင့်ဝတ်စည်းကမ်း မလိုက်နာမှုများ ရှိနေတတ်သည်။ ထို့ပြင် အိမ်အကူများအနေဖြင့် ပွဲစားများဖြင့်ပေါင်းကာ လိမ်လည်ခြင်းများ၊ ငွေကြေးရယူပြီး ထွက်ပြေးမှုဖြစ်စဉ်များလည်း အများအပြား ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ အိမ်အကူနှင့် အိမ်ရှင်တို့အကြား ပြဿနာများရှိတတ်သော်လည်း မြန်မာ့လူမှုအသိုင်းအဝိုင်းကြားတွင် စိတ်မချမ်းမြေ့ဖွယ် မှုခင်းဖြစ်စဉ်များ မဖြစ်ပေါ်စေရန် မှန်ကန်သော နည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ပါသည်။ အာဏာပိုင်များအနေဖြင့်လည်း ဆိုးရွားသော မှုခင်းဖြစ်စဉ်များ မဖြစ်စေရေး ဥပဒေပိုင်းအရ တားဆီးကာကွယ်ပေးရန် လိုအပ်မည်ဖြစ်သည်။ ထို့ပြင် အိမ်အကူနှင့် အိမ်ရှင်များအကြားတွင် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်ရန်အတွက် တစ်ဦးကမေတ္တာ တစ်ဦးကအကြင်နာတရားဖြင့် မျှတသော ဆက်ဆံရေးကို တည်ဆောက်ခြင်းဖြင့် နှစ်ဖက်အကျိုးရှိစေနိုင်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေလ ၃၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent