ပညာရေးမူဝါဒနှင့် ယင်းမူဝါဒအပေါ် လေ့လာသုံးသပ်မှု

ပညာရေးမူဝါဒနှင့် ယင်းမူဝါဒအပေါ် လေ့လာသုံးသပ်မှု
Published 30 May 2018

ပညာရေးမူဝါဒတွင် ပညာရေးလောကရှိ သဘောတရားစည်းမျဉ်းများနှင့် အစိုးရ၏ မူဝါဒများအပြင် ပညာရေးစနစ်များ ဆောင်ရွက်မှုကို အုပ်ထိန်းသည့် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများပါ သိမ်းကျုံးပါဝင်သည်။ များစွာသော အင်စတီကျူးရှင်းများတစ်လျှောက် ရည်ရွယ်ချက်ပေါင်းများစွာအတွက် ပညာရေးသည် ပုံသဏ္ဌာန်အမျိုးမျိုး ဖြင့် တည်ရှိသည်။ ဥပမာအားဖြင့် အစောပိုင်းကလေးဘ၀ မူလတန်းမှသည် တက္ကသိုလ်ဝင်တန်းအထိ၊ ကောလိပ် သို့မဟုတ် တက္ကသိုလ် လေးငါးနှစ်၊ အသက်မွေးဝမ်းကျောင်း ပညာရေးတို့မှသည် အလုပ်အတွက် သင်တန်းများအထိ ပါဝင်သည်။ ထို့ကြောင့် ပညာရေးမူဝါဒသည် အရွယ်အားလုံးရှိ ပညာရေးနှင့်ဆိုင်သော လူအားလုံးတို့အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနိုင်သည်။

ပညာရေးမူဝါဒနှင့်ပတ်သက်၍ ငြင်းခုံရန် နမူနာနယ်ပယ်များသည် ကျောင်းများ၏ နယ်မြေနှင့် အထူးသက်ဆိုင်ပြီး ကျောင်းအရွယ်အစား၊ အတန်းအရွယ်အစား၊ ကျောင်းရွေးချယ်မှု၊ ကျောင်းများကို ပုဂ္ဂလိကပြုမှု၊ ဆရာရွေးချယ်မှု၊ ဘွဲ့လက်မှတ် သို့မဟုတ် အသိအမှတ်ပြုလွှာပေးမှု၊ ဆရာများအတွက် လခ၊ သင်ကြားရေးနည်းနာများ၊ သင်ရိုး၌ ပါဝင်သော အရာများ၊ ဘွဲ့ရရှိရန် လိုအပ်ချက်များ၊ ကျောင်းအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုနှင့် ကျောင်းများ၌ မျှော်လင့်နိုင်သော စံတန်ဖိုးမြှင့်တင်မှုနှင့် စံတန်ဖိုးပုံစံများ အစရှိ သည်တို့ ပါဝင်သည်။ ပညာရေးမူဝါဒနှင့် သက်ဆိုင်သော အကြောင်းအရာများသည် ပို၍ အဆင့်မြင့်သော ပညာရေးအတွင်း ဖြစ်ပေါ်နေသော ပြဿနာရပ်များနှင့်လည်း သက်ဆိုင်နေသည်။ ဥပမာအားဖြင့် တက္ကသိုလ်၊ ကောလိပ်များအတွင်း ဆရာများနှင့် ကျောင်းသားကျောင်းသူများအကြား အတားအဆီးများကို တွေ့ကြုံရမှုအား လေ့လာခြင်းပါဝင်သည်။ ပညာရေးမူဝါဒနှင့် သက်ဆိုင်သော အကြောင်းအရာများတွင် အထောက်အထား မရှိသည့် ကျောင်းသူကျောင်းသားများကိစ္စ၊ လိင်မှုဆိုင်ရာ ပညာပေးမှုနှင့် အစိုးရပညာ သင်ဆု/ ပညာသင်ထောက်ပံ့ကြေးကိစ္စများလည်း ပါဝင်သည်။

ပညာရေးမူဝါဒကို သုံးသပ်ခြင်းသည် ပညာရေးမူဝါဒနှင့်ပတ်သက်သည့် ပညာရှင်ဆန်စွာ လေ့လာမှုဖြစ်သည်။ ရယူရန် ရည်ရွယ်ရေးဆွဲထားသော ပညာရေးရည်ရွယ်ချက်၊ လူတစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်များ၊ ၎င်းတို့ကို ရယူပုံနည်းနာများ နှင့် အောင်မြင်မှု/ ကျရှုံးမှုကို တိုင်းတာရန် အချက်အလက်များ အစရှိသည်တို့နှင့်ပတ်သက်သည့် မေးခွန်းများအား ဖြေဆိုနိုင်ရန်အတွက် သုံးသပ်မှုများ ပြုလုပ်ခြင်း ဖြစ်သည်။ ပညာရေးမူဝါဒဆိုင်ရာ သုတေသနသည် အင်စတီကျူးရှင်းအမျိုးမျိုးနှင့် ပညာရပ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းအမျိုးမျိုး၌ ပညာရေးမူဝါဒကို အကောင်အထည်ဖော်ပုံအား အချက်အလက်များပေးရန် ရည်ရွယ်သည်။ ပညာရေးမူဝါဒဆိုင်ရာ သုတေသနနှင့်ပတ်သက်၍ အရေးကြီးသော သုတေသနပြုသူများသည် စိတ်ပညာ၊ စီးပွားရေး၊ လူမှုဗေဒ၊ လူသားဖွံ့ဖြိုးမှုဆိုင်ရာဌာနများနှင့် ပတ်သက်သူများ ဖြစ်သည်။ ၎င်းအပြင် ပညာရေး သို့မဟုတ်  ပြည်သူ့မူဝါဒဆိုင်ရာဌာနများ သို့မဟုတ် ကျောင်းများနှင့် ပတ်သက်သူများ ဖြစ်ကြသည်။

ပညာရေးဆိုင်ရာ မူဝါဒတွင် ဆရာများဆိုင်ရာ မူဝါဒလည်းပါဝင်ပြီး ယင်းသည် ဆရာများနှင့်ပတ်သက်၍ ပြင်ဆင်ခြင်း၊ ဆရာများ စုဆောင်းခြင်းနှင့် ဆရာများကို ပြန်လည်ထုတ်ပယ်ခြင်းတို့ ပါဝင်သည်။ ပြီးပြည့်စုံသော ဆရာများဆိုင်ရာမူဝါဒအတွက် အရေးကြီးသည့်အရာအဖြစ် အဓိက ဒိုင်မေးရှင်းကိုးခု သတ်မှတ်ထားလေ့ရှိသည်။ ယင်းတို့မှာ ဆရာများ စုဆောင်းခြင်းနှင့် ပြန်လည်ထုတ်ပယ်ခြင်း၊ ဆရာများကို ပညာပေးခြင်း (အစဦးနှင့် စဉ်ဆက်မပြတ်)၊ ဆရာများကို နေရာချထားခြင်း၊ သင်ကြားမှုဆိုင်ရာ ဖွဲ့စည်းပုံ/ လမ်းကြောင်း၊ ဆရာများ ခန့်ထားခြင်းနှင့် လုပ်ငန်းအခြေအနေရပ်များ၊ သင်ကြားမှုဆိုင်ရာ ဆုပေးမှုနှင့် လစာပေးခြင်း၊ ဆရာများအတွက် စံသတ်မှတ်ချက်များ၊ ဆရာများ၏ တာဝန်ခံမှုနှင့် ကျောင်းများကို အုပ်ချုပ်မှုတို့ ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရေး၌ ပညာရေးသည် အဓိက အကြောင်းအရာတစ်ရပ် ဖြစ်သောကြောင့် ကောင်းမွန်သော ပညာရေးမူဝါဒနှင့် ယင်းမူဝါဒအပေါ် စဉ်ဆက်မပြတ် သုံးသပ်မှုတို့ရှိရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မေလ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent