ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံစာရင်းမှ လွတ်မြောက်ရေး

ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံစာရင်းမှ လွတ်မြောက်ရေး
Published 19 May 2018

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) အဆင့်မှ လွတ်မြောက်ရန် သတ်မှတ်ထားသည့်စံနှုန်း သုံးခုစလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာကော်မတီ (CDP) ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ၂၀၁၈ ခုနှစ် ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (UNECOSOC) ၏ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာ ကော်မတီ (CDP) ၏ ၂၀၁၈ ခုနှစ် မတ်လ အစည်းအဝေး အစီရင်ခံစာ၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) ဟူသည် ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးအနက် ကုလသမဂ္ဂ၏ သတ်မှတ်ချက်အရ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း အနိမ့်ဆုံးဖြစ်ခြင်းနှင့်အတူ လူမှုစီးပွားဖွံ့ဖြိုးမှုအညွှန်းများ အနိမ့်ဆုံးဖြစ်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများစာရင်းဖြစ်သည်။ LDC သဘောတရားသည် ၁၉၆၀ ပြည့်လွန်နှစ်များ အနှောင်းပိုင်းမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ပထမဆုံး LDC စာရင်းကို ကုလသမဂ္ဂက ၁၉၇၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် ဆုံးဖြတ်ချက်အမှတ် ၂၇၆၈ ဖြင့် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် LDC စာရင်း၌ ဝင်ရန် သတ်မှတ်ချက် သုံးခုနှင့် ညီညွတ်ရမည်ဖြစ်သည်။ ယင်းသတ်မှတ်ချက် သုံးခုမှာ ဆင်းရဲမွဲတေမှု၊ လူသားရင်းမြစ်နှင့် စီးပွားရေး ထိခိုက်နစ်နာလွယ်မှုတို့ဖြစ်သည်။

၂၀၁၈ ခုနှစ် သတ်မှတ်ချက်အရ သုံးနှစ်တစ်ကြိမ် လေ့လာသုံးသပ်မှု (Triennial Review) ၌  တစ်ဦးချင်းဝင်ငွေ (Gross National Income - GNI) အမေရိကန်ဒေါ်လာ ၁၀၂၅ ထက် လျော့နည်းသောနိုင်ငံများကို LDC စာရင်း၌ ဖော်ပြနိုင်ပြီး တစ်ဦးချင်းဝင်ငွေ GNI အမေရိကန်ဒေါ်လာ ၁၂၃၀ ထက် ကျော်လွန်ပါက ယင်းစာရင်းမှ လွတ်မြောက်မည် ဖြစ်သည်။ လူသားရင်းမြစ်ချို့တဲ့မှုနှင့် ပတ်သက်၍ အာဟာရ၊ ကျန်းမာရေး၊ ပညာရေးနှင့် အရွယ်ရောက်သူ စာတတ်မြောက်မှုတို့အပေါ် အခြေခံလျက် အညွှန်းကိန်း သတ်မှတ်ထားသည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) အဆင့်မှ လွတ်မြောက်ရန် လူသားအရင်းအနှီး ညွှန်းကိန်း (Human Access Index - HAI ) ၆၆ နှင့် အထက်ရှိရန်လိုသည်။ စီးပွားရေး ထိခိုက်နစ်နာလွယ်မှုနှင့် ပတ်သက်၍ စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှု မတည်ငြိမ်ခြင်း၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ တင်ပို့မှု မတည်ငြိမ်ခြင်း၊ အစဉ်အလာမဟုတ်သော လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာ အရေးပါမှု၊ ရောင်းကုန်တင်ပို့မှု ဇောက်ချ လုပ်ကိုင်ခြင်း၊ စီးပွားရေးသေးငယ်ရခြင်းနှင့် ပတ်သက်သည့် အဟန့်အတားများနှင့် သဘာ၀ ဘေးဒုက္ခများကြောင့် ရွှေ့ပြောင်းခဲ့ရသည့် လူဦးရေရာခိုင်နှုန်းတို့အပေါ် အခြေခံလျက် အညွှန်းကိန်း သတ်မှတ်ထားသည်။ LDC မှ လွတ်မြောက်ရန်အတွက် စီးပွားရေး ထိခိုက်နစ်နာလွယ်မှုဆိုင်ရာ ညွှန်းကိန်း (Economic Vulnerability Index - EVI) ၃၂  နှင့် အောက် ရှိရန် လိုအပ်သည်။

၂၀၁၈ ခုနှစ်အတွက် ပြုလုပ်ခဲ့သည့် သုံးနှစ်တစ်ကြိမ် လေ့လာသုံးသပ်မှုတွင် မြန်မာနိုင်ငံသည် GNI အမေရိကန်ဒေါ်လာ ၁၂၅၅၊ HAI ၆၈ ဒသမ ၅ နှင့် EVI ၃၁ ဒသမ ၇ ရရှိခဲ့သဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ သတ်မှတ်စံနှုန်း သုံးခုလုံးနှင့် ပြည့်မီသွားပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ စာရင်းဝင် ဖြစ်သွားခဲ့ပြီးနောက်ပိုင်း လွတ်မြောက်ရေးဆိုင်ရာ စံနှုန်း သုံးခုလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ LDC စာရင်းကို ၁၉၇၁ ခုနှစ်တွင် စတင်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ယင်းစာရင်းမှ လွတ်မြောက်အောင် လုပ်နိုင်ခဲ့သည့် နိုင်ငံပေါင်း လေးနိုင်ငံသာ ရှိသေးသည်။ ၎င်းတို့မှာ ဘော့ဆွာနာ (၁၉၉၄)၊ ကိတ်ဗာဒီ (၂၀၀၇)၊ မော်လ်ဒိုက် (၂၀၁၁)၊ ဆာမိုအာ (၂၀၁၄) တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ စာရင်းမှ လွတ်မြောက်မည့် လမ်းစပွင့်ရန် လာမည့် ၂၀၂၁ ခုနှစ် သုံးနှစ်တစ်ကြိမ် သုံးသပ်ချက်တွင် စံနှုန်းသုံးခုအနက် အနည်းဆုံးနှစ်ခုနှင့် ဆက်လက်ပြည့်မီရန် လိုအပ်သောကြောင့် တိုးတက်မှု အရှိန်ကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မေလ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent