<

အရေးကြီးလှသည့် နိုင်ငံတော် အကျိုးစီးပွား

နိုင်ငံရေးနှင့် မဟာဗျူဟာဆိုင်ရာ တွေးခေါ်ရှင်များက နိုင်ငံတော် အကျိုးစီးပွားကို  အမျိုးအစားများစွာ ခွဲခြားသတ်မှတ်ခဲ့ကြသည်။ သို့သော် အခြေခံအကျဆုံး နိုင်ငံတော် အကျိုးစီးပွားမှာ မိမိတို့နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာ နယ်နိမိတ် သတ်မှတ်ချက်၊ နိုင်ငံရေးစနစ်နှင့် ယဉ်ကျေးမှုဆိုင်ရာ လက္ခဏာရပ်များကို ပြည်ပအင်အားကြီးနိုင်ငံများက ၀င်ရောက်ကျူးကျော် စွက်ဖက်နိုင်ခြေမှနေ၍ ကာကွယ်ထိန်းသိမ်းရန်ဖြစ်သည်။ ယင်းထာဝရအကျိုးစီးပွားတို့သည်  အမြဲတမ်းသဘောကိုဆောင်ပြီး နိုင်ငံတော်သည် ၎င်းတို့အား မည်သည့် နည်းနှင့်မဆို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံအသီးသီးတို့သည် မိမိတို့၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်နေကြခြင်းဖြစ်သည်။ ဒုတိယမြောက် နိုင်ငံတော်၏ အကျိုးစီးပွားမှာ နိုင်ငံရပ်ခြားသို့ ရောက်နေသော မိမိနိုင်ငံသားများကို ကာကွယ် စောင့်ရှောက်ပေးရန်ဖြစ်သည်။ မိမိ၏ သံတမန် ၀န်ထမ်းများအား အရေးယူခြင်းမှနေ၍ သံတမန်ကင်းလွတ်ခွင့်ရစေရန် နိုင်ငံတော်က အာမခံထားရသည်။ နိုင်ငံတော်၏ အမြဲတမ်း အကျိုးစီးပွားဟူသည် နိုင်ငံတော်၏ ရေရှည်နှင့် အဆက်မပြတ် အကျိုးစီးပွားကို ရည်ညွှန်းသည်။

အပြောင်းအလဲရှိနိုင်သော နိုင်ငံတော် အကျိုးစီးပွားများထဲတွင် မဟာဗျူဟာမြောက် နှင့် စီးပွားရေးဆိုင်ရာ အခြေအနေရပ်များ၌ နိုင်ငံတော်ကောင်းကျိုးအတွက် အရေးပါသည့် အရာများကို တည်ဆောက်ရန် ပါဝင်သည်။ နိုင်ငံတော်၏ အထွေထွေအကျိုးစီးပွား များထဲတွင် နိုင်ငံတော်အတွက် အပြုသဘောဆောင်သော အခြေအနေရပ်များ ပါဝင်သည်။ ဥပမာအားဖြင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် သံတမန်ဆက်ဆံရေးတို့ဖြစ်သည်။ ယင်း၌ ဘုံအကျိုးစီးပွားဟူသည် နိုင်ငံများစွာတို့၏ တူညီသော အကျိုးစီးပွားဖြစ်သည်။ NATO သဘောတူစာချုပ်၊ SEATO သဘောတူစာချုပ် အစရှိသည်တို့သည် ဘုံအကျိုးစီးပွားသဘောကို ဆောင်သည်။ ရန်သူနိုင်ငံတစ်နိုင်ငံ သို့မဟုတ် နိုင်ငံအုပ်စုတစ်စုမှနေ၍ ၎င်းတို့၏ နိုင်ငံတော် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ဘုံသဘောတူညီချက် ရယူထားခြင်းဖြစ်သည်။

ရှုပ်ထွေးလှသော ကမ္ဘာကြီးတွင် နိုင်ငံများအနေဖြင့် မိမိတို့၏ အကျိုးစီးပွားကို မည်ကဲ့သို့ ရယူ ကာကွယ်မည်နည်း ဟူသည့် မေးခွန်း ပေါ်ထွက်လာသည်။ နိုင်ငံများအနေဖြင့် ၎င်းတို့၏ နိုင်ငံတော်အကျိုးစီးပွား အသီးသီးကို ရယူရန်နှင့် မြှင့်တင်ရန် နည်းလမ်းအမျိုးမျိုး ကျင့်သုံးကြသည်။ အခြားနိုင်ငံများ သို့မဟုတ် အခြားနိုင်ငံအုပ်စုများမှနေ၍ မိမိတို့၏ နိုင်ငံတော် အကျိုးစီးပွားကိုရယူရန် အကျပ်ကိုင်သည့် နည်းလမ်းကို ကျင့်သုံးကြသည်။ ယင်းနည်းလမ်းများသည် ကောင်းသောရလဒ် ထွက်ရှိနိုင်သည့်တိုင် အပြုသဘော မဆောင် သော လက္ခဏာရပ်ရှိသည်။ ယင်းနည်းလမ်းများ၌ သံတမန်ရေးအရ မဆက်ဆံခြင်း၊ ကုန်သွယ်မှု ပိတ်ပင်ခြင်း၊ သပိတ်မှောက်ခြင်း၊ လက်တုံ့ပြန်ခြင်း၊ သံတမန် အဆက်အသွယ်ဖြတ်တောက်ခြင်းတို့ ပါဝင်သည်။ သို့သော် သဘောသဘာဝအရ အကြမ်းမဖက်ဘဲ နိုင်ငံတကာ ပဋိပက္ခ မဖြစ်နိုင်သည့် နည်းလမ်းများလည်းရှိသည်။ ယင်းမှာ မဟာမိတ်ဖွဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိတွင် နိုင်ငံများသည် နိုင်ငံရေးသဘောတရားအရ အကျိုးစီးပွားတူသည်ထက် မိမိတို့၏ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် မဟာမိတ်ဖွဲ့လာကြသည်။

နိုင်ငံအသီးသီးသည် မိမိတို့ နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် သံတမန်ရေးရာအရ စေ့စပ်ညှိနှိုင်းခြင်းများ ပြုလုပ်ကြသည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် အပေးအယူ လုပ်ခြင်းလုပ်ငန်းစဉ်မှတစ်ဆင့် နိုင်ငံတော်အကျိုးစီးပွားချင်း ကွဲလွဲသော နိုင်ငံများနှင့် ညှိနှိုင်းရန် သံတမန်ဆက်ဆံရေး နည်းလမ်းကို အသုံးပြုကြသည်။ နိုင်ငံများအကြား တင်းမာမှုများကို လျှော့ချနိုင်ရန် ကုလသမဂ္ဂနှင့် ဒေသတွင်း အဖွဲ့အစည်းအသီးသီးတို့က သံတမန်ရေးရာအရ စေ့စပ်ညှိနှိုင်းခြင်းကို တိုက်တွန်းအားပေးကြသည်။ သံတမန် လုပ်ငန်းစဉ်မှတစ်ဆင့် ကမ္ဘာကြီး၌ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ကုလသမဂ္ဂက အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုများရှိသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံအသီးသီးသည် မိမိနိုင်ငံတော်၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် အကောင်းဆုံးနည်းလမ်းများကို ရှာဖွေလေ့ ရှိသည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မေလ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

May 17, 2018














Copy Protected by Chetan's WP-Copyprotect.