အဂတိတိုက်ဖျက်ရေးနှင့် ပွင့်လင်းမြင်သာမှု

အဂတိတိုက်ဖျက်ရေးနှင့် ပွင့်လင်းမြင်သာမှု
Published 17 May 2018

ယခုရက်သတ္တပတ်အတွင်း အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ထွက်ပေါ်လျက်ရှိသော  သတင်းများကြောင့် ပြည်သူများအကြား အမြင်အမျိုးမျိုးနှင့် ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်နေသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့်ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) တို့က စစ်ဆေးနေကြောင်း မေ ၁၁ ရက်နေ့တွင် သတင်းများစတင်ထွက်ပေါ်ခဲ့သည်။ အတည်မပြုနိုင်သော သတင်းများအရလည်း ဦးကျော်ဝင်း၏ သားဖြစ်သူတို့အား ဆက်စပ်စစ်ဆေးနေသည်ဟု သတင်းဌာနများ၏ ကနဦးသတင်းများအရလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးကို စစ်ဆေးနေသည်ဆိုသည့် သတင်းကြောင့် လူထုအကြားတွင် NLD အစိုးရနှင့်ပတ်သက်၍ ထင်ကြေးအမျိုးမျိုး ထွက်လာခဲ့သည်။ အစိုးရထိပ်တန်းပုဂ္ဂိုလ်များအကြားတွင် အပြောင်းအလဲများ ရှိလာနိုင်သည်ဆိုသည့် သုံးသပ်ချက်များလည်း ထွက်ပေါ်လာခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ခြောက်ဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မေ ၁၃ ရက် ညနေ ၃ နာရီခန့်တွင် ထုတ်ပြန်ခဲ့သည်။ ယင်း ထုတ်ပြန်ချက်တွင် အဂတိနှင့်ပတ်သက်သည့် တိုင်ကြားစာများ၊ ယင်းတိုင်ကြားစာများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ပြည့်စုံစွာ ရရှိစေရန်အတွက် ကြိုတင်စုံစမ်းမှု ၁၈ ခုကိုလည်း ဆောင်ရွက်လျက်ရှိသည်ဟု ပါရှိခဲ့ပါသည်။ ထို့ပြင် လာဘ်စားရာတွင် ညီညွတ်စွာပေါင်းစား၊ လုပ်စားရန်အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောကြားသည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့်အတွက် စုံစမ်းစစ်ဆေးရန် အစိုးရအဖွဲ့က ညွှန်ကြားခဲ့သည့် သတင်းထွက်ပေါ်ခဲ့သည်။ အဂတိသတင်းများ၏ နောက်ဆက်တွဲဂယက်နှင့်အတူ အစိုးရအဖွဲ့အတွင်း ရာထူးအပြောင်းအရွှေ့များ၊ ပြည်ထောင်စုဝန်ကြီးအချို့နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်အချို့တို့၏ အပြောင်းအလဲများ ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာမည်ဆိုသည့် သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

သမ္မတသစ် ဦးဝင်းမြင့်အနေဖြင့် အစိုးရ၏ လက်ကျန်သက်တမ်းနှင့် လိုအပ်သည့် အပြောင်းအလဲများ၊ လူထုအကြား ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည့် အစိုးရအဖွဲ့ဝင် အကြီးအကဲအချို့အပေါ် အပြောင်းအလဲများ၊ အထူးသဖြင့် အဂတိကင်းစင်ရေးအတွက် အကောင်းဆုံး ကိုင်တွယ်လုပ်ဆောင်တော့မည်လားဆိုသည့် မေးခွန်းများ လူထုအကြားတွင် ပိုမိုထွက်ပေါ်လာခဲ့သည်။

နိုင်ငံတော်သမ္မတ၏ မိသားစုပိုင်ဆိုင်မှုများကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ပြီး ပြည်ထောင်စုအဆင့်မှ ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို သမ္မတထံ ပေးပို့တင်ပြထားပြီးဖြစ်ကြောင်း သမ္မတရုံးက မေ ၈ ရက်တွင် ထုတ်ပြန်လိုက်သည့်နောက်၌ အစိုးရအဖွဲ့အတွင်း ထိပ်ပိုင်းပုဂ္ဂိုလ်အချို့၏ အဂတိနှင့်ပတ်သက်သည့် သတင်းများ၊ အစိုးရအဖွဲ့အပြောင်းအလဲ ပြုလုပ်မည်ဆိုသည့်သတင်းများ ဆက်စပ်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သုံးသပ်မှုလည်း ရှိနေသည်။ NLD အစိုးရလက်ထက်တွင် အဂတိကင်းစင်သော အစိုးရဖြစ်ရမည်ဟု ကြွေးကြော်ထားပြီး NLD ပါတီကို ထောက်ခံဝိုင်းရံသူများ အနေဖြင့်လည်း ၎င်းတို့ ပါတီမှ ဖွဲ့စည်းတင်မြှောက်လိုက်သော အစိုးရအဖွဲ့အတွင်း ယခင်ခေတ်အဆက်ဆက် အစိုးရများကဲ့သို့မဟုတ်ဘဲ အဂတိအကင်းဆုံးနှင့် ဂုဏ်သိက္ခာအတွက် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မှုများလည်း ရှိနေသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အဂတိလိုက်စားမှုမှာ အယုံအကြည်ရှိမှု၊ ကောင်းမွန်သည့် အုပ်ချုပ်မှုနှင့် ပြည်သူ့ဝန်ထမ်းယန္တရားကြီးတစ်ခုလုံး၏ ဂုဏ်ရှိမှုတို့ကို တိုက်စားဖျက်ဆီးကြောင်းနှင့် အဂတိလိုက်စားခြင်းသည် လူနည်းစု၏ အကျိုးကို အများအကျိုး၏အထက်တွင် ထားရှိခြင်းဖြစ်သောကြောင့် ဒီမိုကရေစီ၏ ဗဟိုမူဖြစ်သော ပြည်သူကို ကိုယ်စားပြုသည့် အုပ်ချုပ်ရေးအပေါ် ထိပါးစေသည်ဟု ယခင်က ပြောကြားထားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ မှစ၍ နိုင်ငံတကာမှ ထုတ်ပြန်သော အဂတိဆိုင်ရာအညွှန်းကိန်းများတွင် အဆင့်တက်လာသော်လည်း  အဂတိကြောင့် အစိုးရ၏ ယန္တရားတစ်ခုလုံး ပျက်စီးစေနိုင်သည့် စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေသေးသည်ဟု သုံးသပ်ခံထားရသည်။ သို့ဖြစ်ရာ ပြည်သူတို့အပေါ် သက်ရောက်မှုကြီးမားသော အဂတိလိုက်စားမှုပြဿနာအပေါ် အစိုးရအနေဖြင့် မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှုနှင့်အတူ လူထုယုံကြည်မှု ရရှိစေရန် ပွင့်လင်းမြင်သာသော ဆောင်ရွက်ချက်များကို ချပြနိုင်ရန် အရေးကြီးပါကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မေ ၁၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent