ကျောသားရင်သား မခွဲခြားသော အဂတိတိုက်ဖျက်ရေး

ကျောသားရင်သား မခွဲခြားသော အဂတိတိုက်ဖျက်ရေး
Published 10 May 2018

သမ္မတဦးဝင်းမြင့်အား ၎င်း၏ ပိုင်ဆိုင်မှုစာရင်းကို ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့ခဲ့ပြီး သမ္မတက ခန့်အပ်ထားသော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များကလည်း ၎င်းတို့၏ ပိုင်ဆိုင်မှုစာရင်းများကို သမ္မတထံပေးပို့ထားပြီးဖြစ်သည်ဟု သမ္မတရုံးက မကြာသေးမီကပင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ သတင်းထုတ်ပြန်မှုတွင် သမ္မတသည် မိမိဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်ဆိုင်မှု ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၈ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့ခဲ့ကြောင်းနှင့် သမ္မတက ယခင်ခန့်အပ်ခဲ့သော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ထပ်မံခန့်အပ်လိုက်သော ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များကလည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီ သမ္မတထံ ပေးပို့ထားပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။

နုတ်ထွက်သွားသော သမ္မတဟောင်း ဦးထင်ကျော်၏နေရာတွင် သမ္မတအသစ်ဖြစ်လာသည့် ဦးဝင်းမြင့်လက်ထက်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရဌာနဆိုင်ရာ အကြီးအကဲများနှင့် အစိုးရယန္တရားတစ်ခုလုံးတွင် ရှိနေသော ဝန်ထမ်းများ၏ အဂတိလိုက်စားမှုအပေါ် သေချာစွာကိုင်တွယ်သွားမည်ဟု သုံးသပ်မှုများရှိနေသည့်အပြင် သမ္မတဦးဝင်းမြင့်ကလည်း ၎င်း၏ မြန်မာနှစ်သစ်ကူးကာလတွင် ပြောကြားသောမိန့်ခွန်း၌လည်း အဂတိကင်းစင်ရေးအတွက် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့ကလည်း သမ္မတအိမ်တော်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌအပါအဝင် ကော်မရှင်အဖွဲ့ဝင်များကို ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံစဉ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို မျက်နှာကြီးငယ်မလိုက် ဆူကြုံနိမ့်မြင့်မရွေး ပြတ်ပြတ်သားသား ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မည်ဟု ပြောကြားမှုနှင့်အတူ ယခုကဲ့သို့  အစိုးရအဖွဲ့တွင် အကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော သမ္မတအနေဖြင့်  ၎င်း၏ ပိုင်ဆိုင်မှုစာရင်းကို လွှတ်တော်နာယကထံ ပေးပို့ခြင်း၊ ၎င်း၏ အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးချင်းစီအလိုက် ပိုင်ဆိုင်မှုစာရင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက်ထားသည်ဆိုသည့် အချက်ကို ထုတ်ပြန်လိုက်ခြင်းမှာ ၎င်းအနေဖြင့် ကတိပြုပြောဆိုထားသည့်အတိုင်း အဂတိတိုက်ဖျက်ရေးအတွက် လူထုမျှော်လင့်နေသကဲ့သို့  လုပ်ဆောင်မည်ဆိုသည့်အချက်ကို  ပေါ်လွင်စေသကဲ့သို့လည်း ဖြစ်သည်။  ၎င်းလက်ထက်တွင်  ပထမဆုံးအဖြစ် ရာထူးအမြင့်ဆုံးသော အစိုးရအရာထမ်းတစ်ဦးဖြစ်သည့် FDA ညွှန်ကြားရေးမှူးချုပ်ကို အဂတိလိုက်စားမှုဖြင့် ဧပြီ ၂၀ ရက်က နေပြည်တော်တွင် ဖမ်းဆီးအရေးယူပြခဲ့သည်။ ထို့သို့ အဆင့်မြင့်ဆုံးသော အစိုးရအရာထမ်းတစ်ဦးကို အရေးယူလိုက်ခြင်းဖြင့် NLD အစိုးရလက်ထက်တွင် အဂတိတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ကြပ်ကြပ်မတ်မတ် ကိုင်တွယ်မည်ဆိုသည့် မက်ဆေ့ချ်ကို ပေးလိုက်သည်။ ပြည်သူများကြားတွင်လည်း အဂတိလိုက်စားမှုနှင့်ပတ်သက်လျှင် နိုင်ငံရေးအရ ရာထူးတာဝန်ရရှိထားသော ပုဂ္ဂိုလ်အချို့အပေါ် အဂတိနှင့်ပတ်သက်ပြီး တိုင်ကြားထားမှုများ၊ မီဒီယာများတွင် ဖော်ပြခံရသောဖြစ်စဉ်များ၊ ဝေဖန်ထောက်ပြခံရမှုများအပေါ်တွင်လည်း စုံစမ်းအရေးယူမှုများပြုလုပ်ပေးရန် တောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ အဂတိနှင့်ပတ်သက်လျှင် လူထုက အထောက်အထားများနှင့် တိုင်ကြားမှသာလျှင် အရေးယူမည်ဆိုသည်ထက် လူအများကြား ထွက်ပေါ်နေသော သတင်းများအပေါ်တွင် အခြေခံကာ အစိုးရတာဝန်ရှိသူများက စုံစမ်းစစ်ဆေးအရေးယူမှုများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့်နေကြသည်။

မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစားမှု အမြစ်တွယ်နေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်းအတွင်းရှိ နယ်ပယ်အသီးသီးတွင် နည်းလမ်းပေါင်းစုံဖြင့် ဆိုးရွားစွာ သက်ရောက်စေနိုင်သည်။ နိုင်ငံ၏ကဏ္ဍအသီးသီးတွင် အဘက်ဘက်မှ နိမ့်ကျနေမှုကို ပြန်လည်အဖတ်ဆယ်နိုင်ရန် အဂတိလိုက်စားမှုကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်မည်ဖြစ်သည်။ သို့ဖြစ်ရာ အဂတိလိုက်စားမှုနှင့်ပတ်သက်လျှင် အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှု၊ ကျောသားရင်သား မခွဲခြားမှုစသည်တို့ကို အခြေခံကာ လူထုအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မေလ ၁၀ ရက်နေ့ထုတ် Tne Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent