စီးပွားရေးဖွံ့ဖြိုးမှုနှင့် လုပ်အား၏ အခန်းကဏ္ဍ

စီးပွားရေးဖွံ့ဖြိုးမှုနှင့် လုပ်အား၏ အခန်းကဏ္ဍ
Published 2 May 2018

လူသည် သုံးစွဲသူသာမက ထုတ်လုပ်သူလည်း ဖြစ်သည်။ လုပ်အားဟူသည် ထုတ်လုပ်ရေး၌သာမက အခြားစီးပွားရေး လုပ်ဆောင်ချက်အားလုံး၌လည်း အရေးကြီးသော အကြောင်းခြင်းရာတစ်ရပ် ဖြစ်သည်။ ရီကာဒိုနှင့် ကားလ်မာ့က်စ်တို့ကဲ့သို့သော ဂန္ထဝင် စီးပွားရေးပညာရှင်များက ထုတ်လုပ်ရေး၏ ပင်မရင်းမြစ်အဖြစ် လုပ်အားကို အဓိကနေရာ ပေးခဲ့ကြသည်။ လုပ်အား၏ အခန်းကဏ္ဍကို အောက်ပါအကြောင်းခြင်းရာများက မီးမောင်းထိုး ပြလျက်ရှိသည်။

သုံးစွဲမှုအခြေခံ - လုပ်အားဟူသည် လူသားဆိုင်ရာ အကြောင်းခြင်းရာဖြစ်ပြီး သုံးစွဲမှု၏ ပင်မရင်းမြစ်လည်း ဖြစ်သည်။ ၎င်း၏ လိုအပ်ချက် ကျေနပ်မှုရစေရန်အတွက် သုံးစွဲမှုက ထုတ်လုပ်မှုကို ဖန်တီးသည်။ ရင်းနှီးမြှုပ်နှံရန်အတွက် စေ့ဆော်မှုသည် သုံးစွဲမှုမြင့်တက်ခြင်းမှတစ်ဆင့်လာသည်။ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာသည့်အခါ ဝင်ငွေမြင့်တက်လာပြီး  သုံးစွဲမှု မြင့်တက်ခြင်းဆီသို့ ဦးတည်သွားသည်။ ယင်းသုံးစွဲမှု၏ အခြေခံသည် လုပ်အားဖြစ်သည်။

ထုတ်လုပ်မှုအခြေခံ - စားသုံးသူများက ၎င်းတို့၏ ကုန်ပစ္စည်းများကို သုံးစွဲပါမည်ဟူသော အာမခံချက်ရှိသည့်အခါ ထုတ်လုပ်သူများက ကုန်ပစ္စည်များကို ထုတ်လုပ်သည်။ လုပ်အားသည် ထုတ်လုပ်မှုနှင့်ပတ်သက်၍ မဖြစ်မနေလိုအပ်သော အခြေခံတစ်ရပ်ဖြစ်သည်။ လုပ်အားသည် ရွှေ့ပြောင်းနိုင်သော အကြောင်းခြင်းရာတစ်ရပ်ဖြစ်ပြီး မြေယာနှင့် အရင်းအနှီးကဲ့သို့သော အခြားအကြောင်းခြင်းရာများ အသုံးပြုမှုနှင့် ပေါင်းစည်းသွားသည်။

ဖလှယ်မှုအခြေခံ - လုပ်အားသည် ဖလှယ်မှုအခြေခံအဖြစ်လည်း ဆောင်ရွက်သည်။ လူတစ်ဦးသည် ၎င်း၏ နေ့စဉ်လိုအပ်ချက် ပြည့်ဝေစေရန်အတွက် ကုန်ပစ္စည်းများစွာ လိုအပ်သည်။ ၎င်းအနေဖြင့် ယင်းကုန်ပစ္စည်းများအားလုံးကို ထုတ်လုပ်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် လူသည် ၎င်း၏ လိုအပ်ချက် ပြည့်ဝစေရန်အတွက် ၎င်း၏ ပိုလျှံသော ထုတ်လုပ်မှုများကို အခြားအရာများနှင့် လဲလှယ်ရသည်။ ထို့ကြောင့် လုပ်အားသည် ဖလှယ်ရေး အခြေခံအဖြစ် ဆောင်ရွက်သည်။

ခွဲဝေရေးအခြေခံ - နိုင်ငံတော်ဝင်ငွေဟူသည် ထုတ်လုပ်မှုအကြောင်းခြင်းရာ အားလုံးပါဝင်သော ရလဒ်ဖြစ်သည်။ ထို့ကြောင့် လုပ်အားသည် အခြားအကြောင်းခြင်းရာများကြား၌ နိုင်ငံတော်၏ ဝင်ငွေခွဲဝေမှု အခြေခံဖြစ်လာသည်။ အခြားအကြောင်းခြင်းရာ အသီးသီး၏ ပါဝင်မှုမှာမူ ထုတ်လုပ်နိုင်စွမ်းအား အကန့်အသတ်ပေါ်၌ မူတည်နေသည်။ လုပ်အားသည် ထိရောက်ပါက နိုင်ငံတော်ဝင်ငွေ မြင့်တက်မှု၌ အဓိကကျသောနေရာမှ ပါဝင်လာသည်။

စီးပွားရေးကြီးထွားမှုအခြေခံ - နည်းပညာကျွမ်းကျင်ပြီး အသိဉာဏ်ရှိသောလုပ်သား အင်အားများသည် နိုင်ငံ၏ ကျောရိုးအဖြစ် ထမ်းဆောင်သည်။ ထိရောက်သည့် လုပ်သားအင်အားစုသည် နိုင်ငံတော်၏ ရှားပါးသော သဘာဝရင်းမြစ်များကို စနစ်တကျ အသုံးပြုကြသည်။ ရိုးသားသော၊ နှစ်မြှုပ်ထားသော၊ သစ္စာရှိသော၊ အလုပ်ကြိုးစားသော၊ အသိဉာဏ်ရှိသော လုပ်သားအင်အားစုသည် နိုင်ငံအား ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် လျှောက်လှမ်းရာ၌ များစွာအထောက်အကူပြုစေသည်။

မည်သို့ပင်ဆိုစေကာမူ လုပ်အားပေါများသော မြန်မာနိုင်ငံ၌ လုပ်သားအင်အားစုများကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ထိထိရောက်ရောက် အသုံးပြုနိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မေလ ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent