ရခိုင်အရေး ဖိအားပေးမှုများနှင့် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးအချိန်

ရခိုင်အရေး ဖိအားပေးမှုများနှင့် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးအချိန်
Published 1 May 2018

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အဖွဲ့တစ်ဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတစ်လျှောက်၌ နေထိုင်နေကြသော ဘင်္ဂါလီ မွတ်စလင်ဒုက္ခသည်များထံသို့ ဧပြီ ၂၉ ရက်က သွားရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း ကုလသမဂ္ဂကိုယ်စားလှယ်များသည် ဒုက္ခသည်များကို မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံသို့ ဆက်လက်သွားရောက်ပြီး အရပ်သား အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။ ယခု ရောက်လာသည့်အဖွဲ့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှ သံတမန် ၂၆ ဦး ပါဝင်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ကိုယ်စားလှယ်အဖွဲ့သည် ဒုက္ခသည်အမျိုးသမီးအချို့နှင့် တွေ့ဆုံလျက် စကားပြောဆိုခဲ့ပြီး ဘင်္ဂါလီခေါင်းဆောင် အချို့နှင့်လည်း တွေ့ဆုံခဲ့သည်။ ဘင်္ဂါလီဒုက္ခ သည်များက ရခိုင်ပြည်နယ်သို့ ပြန်ပို့မည့် အရေးနှင့်ပတ်သက်ပြီး တောင်းဆိုချက် ၁၄ ချက်ကို ယခု ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့သို့ တင်ပြခဲ့ကြောင်း သိရသည်။

ယခုအခါ ကုလသမဂ္ဂ၊ အနောက်အုပ်စု နိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ရခိုင်အရေးနှင့်ပတ်သက်၍ ကြိုးပမ်းမှုအချို့သည် ဒုက္ခသည်များ ပြန်ပို့ရေးနှင့် ပြဿနာဖြေရှင်းရေးကို ကျော်လွန်လျက် နိုင်ငံသားပြုမှု၊ ၈၂ နိုင်ငံသားဥပဒေစသည့် နိုင်ငံ၏အချုပ်အခြာ အာဏာပိုင်မှုနှင့် နယ်မြေတည်တံ့မှုတို့ကို ဝင်ရောက်စွက်ဖက်ရာကျလာသည်။ ဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာ ပြန်လာရေးဟုဆိုရာ၌ အတိုင်းအတာရှိသည်ကို သတိပြုဖွယ် ရှိနေသည်။ ၈၂ နိုင်ငံသားဥပဒေသည် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုဖြစ်သောကြောင့် ဝင်ရောက်စွက်ဖက်ရန် မသင့်သော ကိစ္စဟု ဆိုရမည်ဖြစ်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများတွင်လည်း  လက်ရှိအနေအထားအရ တရုတ်နှင့် ရုရှားကဲ့သို့ မြန်မာနိုင်ငံဘက်မှ နားလည်ရပ်တည်ပေးမည့် နိုင်ငံအနည်းငယ်သာရှိသည်။ ယင်းကဲ့သို့သော အနေအထားတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) နှင့်လည်းကောင်း၊ R2P နှင့်လည်းကောင်း ခြိမ်းခြောက်မှုများကိုလည်း မြင်တွေ့လာရသည်။

ယင်းကို သုံးသပ်လျှင်  မြန်မာနိုင်ငံ၏ အလားအလာသည် မည်သည့်အနေအထားအထိ ရောက်ရှိသွားနိုင်မည်နည်းဟူသည်ကို စဉ်းစားကြည့်ရန် လိုလာသည်။ ဒုက္ခသည်များ ပြန်ပို့ရေးကိစ္စကို ကျော်လွန်လျက်တောင်းဆို မှုများအပြင် အထူးသဖြင့် မလိုလားအပ်ဘဲ တပ်မတော်အပေါ် အလွန်အကျွံ ဖိအားပေးမှုများက ယူဂိုဆလားဗီးယားစစ်ပွဲအတွင်း ယူဂိုဆလားဗီးယားတပ်မတော်ကို ဖိအားပေးမှုများနှင့် အလားသဏ္ဌာန်တူနေသည်ကိုလည်း တွေ့ရှိရသည်။ နိုင်ငံမတည်မငြိမ် ဖြစ်ရုံမျှမက အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားနိုင်သည်ကို သတိပြုရမည်။ ယင်းသည် မြန်မာနိုင်ငံ၌ စစ်မီးကြီး ဟုန်းဟုန်းတောက်လာ မည့်ဆီဦးတည်သွားနိုင်၊ ဒီမိုကရေစီနောက် ပြန်လှည့်သွားနိုင်သည့် အန္တရာယ်များလည်း ရှိသည်။ ဆီးရီးယားနှင့် အာဖဂန်နစ္စတန်ကဲ့သို့ စစ်မြေပြင်ဖြစ်သွားနိုင်သည့် အန္တရာယ်မျိုးကိုလည်း ဂရုပြုရမည် ဖြစ်သည်။

အမှန်တကယ်၌ အလျှော့ပေးခြင်းနှင့် အထပ်ထပ် လိုက်လျောခြင်းတို့သည်လည်း ပြဿနာ ဖြေရှင်းနည်း မဟုတ်ပါ။ တောင်းဆိုမှုများကို အလျှော့ပေးလိုက်လျောသည့်တိုင် ပြဿနာက ရပ်တန့်သွားဦးမည် မဟုတ်ပါ။ ဝံပုလွေနှင့် သိုးငယ်ပုံပြင်ကဲ့သို့ မတရားသဖြင့် အပြစ်ရှာသည့်ပုံစံမျိုးကိုလည်း သတိပြုရမည် ဖြစ်သည်။ ရခိုင်ပြည်နယ်အရေးကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နှစ်ရှည်လများ စိတ်အေးအေးထားလျက် ဖြေရှင်းရမည့်အစား အလျင်စလိုဖြေရှင်းရန် မတရားဖိအားပေးတောင်းဆိုမှုများ ပြုလုပ်လာပုံမျိုးနှင့် ပတ်သက်၍ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ ဖြစ်ပေါ်ခဲ့သည့် အနေအထားကို ပြန်လည်သုံးသပ်ရန်လိုသည်။

အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ၏ နောက်ခံအကြောင်းအရာမှာ မြန်မာ့သစ်တောနှင့် ဘုံဘေဘားမား ကုမ္ပဏီကိစ္စ ဖြစ်သည်။ ဘုံဘေဘားမားကုမ္ပဏီ၏ သစ်ခိုးထုတ်မှုကို မြန်မာလွှတ်တော်က ငွေနှစ်သန်း သုံးသိန်းကျော် ဒဏ်ငွေဆောင်ရန် စီရင်ချက်ချလိုက်သည်။ ဘုံဘေဘားမားကုမ္ပဏီက ယင်းစီရင်ချက်ကို မကျေနပ်သောကြောင့် အိန္ဒိယဘုရင်ခံချုပ်ထံသို့ တိုင်ကြားသည်။ ဘုရင်ခံချုပ်က အိန္ဒိယမှ အရာရှိတစ်ဦးကို ခုံအဖြစ် ရန်ကုန်သို့ စေလွှတ်မည်ဟု မဟာမင်းကြီးအား အကြောင်းကြား၏။ မြန်မာလွှတ်တော်သို့လည်း ဤသို့ပင် အကြောင်းကြားစာပေးပို့သည်။ မြန်မာလွှတ်တော်က ယင်းအမှုနှင့်ပတ်သက်၍ ကြားမဟာမိတ်နိုင်ငံတစ်ခုခုကသာ ခုံအဖြစ် ပါဝင်ဆုံးဖြတ်သင့်ကြောင်း ပြန်စာပေးပို့သည်။  သို့သော် အကြောင်းရှာနေသော ဗြိတိသျှတို့သည် မြန်မာတို့ဘက်မှ တင်ပြသမျှကို နားမထောင်ဘဲ တစ်ချက်လွှတ်အကြောင်းကြားစာကို မြန်မာလွှတ်တော်သို့ ပေးပို့သည်။ အဆိုပါစာ၌ တောင်းဆိုချက် ငါးချက်ပါဝင်သည်။

ယင်းတောင်းဆိုချက်များသည် အမှန်တကယ်၌ မဖြစ်နိုင်သည့် တောင်းဆိုချက်များသာ ဖြစ်သည်။ တောင်းဆိုချက်များကို လေ့လာပြီးနောက် မြန်မာလွှတ်တော်က ဒဏ်ငွေများကို လျှော်ပစ်မည်ဖြစ်ကြောင်းနှင့် မြန်မာ့နိုင်ငံခြားဆက်ဆံရေးနှင့် ပတ်သက်၍မူ အခြားနိုင်ငံတစ်နိုင်ငံကသာ ဆုံးဖြတ်ပေးသည်ကို လိုလားပါကြောင်း လိုက်လိုက်လျောလျောပင် အလျှော့ပေးရန် ဆုံးဖြတ်ပြီးနောက် ဘုရင်ခံချုပ်ထံသို့ ပြန်ကြားခဲ့သည်။ သို့သော် ဗြိတိသျှတို့သည် ဤသို့ အလျှော့ပေး ပြန်ကြားသည်ကိုပင် လက်မခံဘဲ စစ်ပွဲကို ဖန်တီးခြင်း ဖြစ်သည်။

အမေရိကန်နှင့် ဗြိတိန်ဦးဆောင်သော အနောက်အုပ်စုက အဓိကထားသည့် အချက်တွင် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ဖြစ်သည့် ရခိုင်ပြည်နယ်၌ တရုတ်နိုင်ငံအား ပိတ်ဆို့လိုမှု ပါဝင်ပုံရသည်။ မြန်မာနိုင်ငံအနေဖြင့် မိမိဘက်က မှန်မှန်ကန်ကန် ပြုမူသော်လည်း ဖိအားပေးခံရခြင်းမျိုးတွင် လိုက်လျောမှုများနှင့် အလျှော့ပေးမှုများ မည်မျှပြုစေကာမူ ပြဿနာက ပြေလည်နိုင်မည် မဟုတ်ပါ။ ဖိအားပေးမှုတိုင်းကို လိုက်လျောခြင်း မပြုဘဲ ရပ်တည်ချက် ခိုင်မာစွာနှင့် ကြံ့ကြံ့ခံ ဖြေရှင်းနိုင်ရန်လိုသည်။ မြန်မာနိုင်ငံသားတို့ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်နေမှုများ ရပ်တန့်သွားရန်လည်း လိုအပ်သည်။ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် ရခိုင်အရေး ၌ ဒီမိုကရေစီ၊ လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာကာ မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှုများရှိရန် လိုအပ်သည်။

အာဆီယံနိုင်ငံများ၊ အထူးသဖြင့် တရုတ်ကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် နိုင်ငံရေးနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရုံသာမက စစ်ရေးအရပါ ပူးပေါင်းဆောင်ရွက်ရန်  လိုလာမည်ဖြစ်သည်။ လိုအပ်ပါက စစ်ရေးစာချုပ်များ ချုပ်ဆိုရန်ပင် ဖြစ်လာနိုင်သည်။ ထို့ကြောင့် ယခုအချိန်သည် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ကာလဖြစ်ပြီး နိုင်ငံသား ဖြစ်မှုအပါအဝင် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် ပတ်သက်လာပါက အလျှော့ပေးမှုများ ပြုလုပ်ရန် မလိုဘဲ မည်သည့်ဖိအားမျိုး၊ မည်သည့် စိန်ခေါ်မှုမျိုးကိုမဆို ရဲရဲရင့်ရင့် ရင်ဆိုင်လျက် သက်ဆိုင်သူများအားလုံး ညီညွတ်စွာ ပူးပေါင်းဖြေရှင်းသွားကြရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မေလ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent