လူမှုဗေဒနှင့် နိုင်ငံရေးသိပ္ပံ

လူမှုဗေဒနှင့် နိုင်ငံရေးသိပ္ပံ
Published 18 August 2017

လူတစ်ဦးနှင့် ပတ်သက်သော နိုင်ငံရေး လုပ်ဆောင်ချက်များသည် နိုင်ငံရေးသိပ္ပံ ဖြစ်သည်။ နိုင်ငံရေးသိပ္ပံက နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုအောက်၌ စုစည်းထားသော လူမှုရေးဆိုင်ရာ အုပ်စုများကို လေ့လာသည်။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ လူသားနှစ်ရပ်စလုံး၏ အကြောင်းကို လေ့လာသည်။ နိုင်ငံရေးသိပ္ပံ၏ နယ်ပယ်၌ နိုင်ငံတော်နှင့် အစိုးရ နှစ်ရပ်စလုံး အကျုံးဝင်သည်။ နိုင်ငံရေးသိပ္ပံတွင် နိုင်ငံ၏ ဇာစ်မြစ်၊ ဆင့်ကဲဖြစ်စဉ်နှင့် လုပ်ငန်းဆောင်တာများ၊ အစိုးရပုံစံများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အမျိုးအစားများ၊ အုပ်ချုပ်ပုံများ၊ ဥပဒေများ၊ ဥပဒေပြုမှုများ၊ နိုင်ငံတကာဆက်ဆံရေးများ၊ နိုင်ငံရေးဆိုင်ရာ ကိုယ်စားပြုမှုနည်းလမ်းများ၊ ရွေးကောက်ပွဲများ၊ မဲပေးပုံများ၊ နိုင်ငံရေးလှုပ်ရှားမှုများ၊ နိုင်ငံရေးအိုင်ဒီယိုလိုဂျီများ အစရှိသဖြင့် ကိုယ်ပိုင်ခေါင်းစဉ်အကြောင်းအရာများ ရှိသည်။ နိုင်ငံရေးသိပ္ပံသည် နိုင်ငံတစ်ခု ဖြစ်တည်လာပုံကို သမိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစ်ရပ်၊ မည်ကဲ့သို့သော နိုင်ငံဖြစ်သည်ကို သုံးသပ်လေ့လာချက်တစ်ရပ်နှင့် နိုင်ငံတစ်နိုင်ငံ မည်ကဲ့သို့ ဖြစ်သင့်သည်ကို နိုင်ငံရေးကျင့်ဝတ်ဆိုင်ရာအရ ဆွေးနွေးမှုတစ်ရပ် ဖြစ်သည်။ သမိုင်းအရ လူမှုဗေဒသည် နိုင်ငံရေးနှင့် သမိုင်းနှင့်ပတ်သက်သော ဒဿနိကဗေဒ၌ ပင်မအားဖြင့် အခြေတည်ထားခြင်း ဖြစ်သည်။ အမှန်တကယ်၌ ပလေတို၏ Republic နှင့် အရစ္စတိုတယ်၏ Politics ကဲ့သို့သော ကျမ်းများကို နိုင်ငံရေးသိပ္ပံဟုခေါ်ဆိုသော်လည်း လူမှုရေးအကြောင်းအရာများကို အခြေပြုထားခြင်း ဖြစ်သည်။

နိုင်ငံရေးသိပ္ပံနှင့် လူမှုဗေဒတို့သည် အနီးကပ်ဆက်နွှယ်လျက်ရှိသည်။ “နိုင်ငံရေးဟူ သည် လူမှုရေးအပေါ်၌ အခြေပြုထားခြင်း ဖြစ်သည်။ နိုင်ငံရေးသိပ္ပံကို လူမှုဗေဒမှ ခွဲခြားမှုသည် အထူးကျွမ်းကျင်သူများ၏ လေ့လာရေးနယ်ပယ်သာ ဖြစ်သည်။ အမှန်တကယ်၌ နိုင်ငံရေးသိပ္ပံနှင့် လူမှုဗေဒတို့အကြား ကွဲပြားစွာ သတ်မှတ်နိုင်သည့် နယ်နိမိတ်များ မရှိ” ဟု အဆိုရှိသည်။ ယင်းဘာသာရပ်နှစ်ခုတို့သည် အပြန်အလှန် အထောက်အကူပြုလျက် ရှိသည်။ အမှန်တကယ်၌ နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်ချက်များသည် လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသိပ္ပံဟူသည် လူ မှုဗေဒ၏ ဘာသာခွဲတစ်ခုဖြစ်သင့်သည်။ နိုင်ငံရေးသိပ္ပံကို နိုင်ငံရေးဆိုင်ရာ လူမှုဗေဒဟု ခေါ်ဆိုသင့်သည်။

နိုင်ငံရေးလုပ်ဆောင်ချက်များသည် လူသားတို့၏ လူမှုဘဝအပေါ် သြဇာသက်ရောက်မှုရှိသကဲ့သို့ လူသားတို့၏ လူမှုဘဝကလည်း နိုင်ငံရေးလုပ်ဆောင်ချက်များအပေါ် သြဇာသက်ရောက်မှုရှိသည်။ အမှန်တကယ်၌ နိုင်ငံရေးလုပ်ဆောင်ချက်များဟူသည် လူမှုရေးဆိုင်ရာ အကြောင်းအရာများ၏ အပြင်ဘက်၌ မည်သည့်အဓိပ္ပာယ်မျှရှိမည် မဟုတ်ပါ။ နိုင်ငံရေးဟူသည် လူ့အဖွဲ့အစည်းကို ထင်ဟပ်ပြထားမှုသာ ဖြစ်လိမ့်မည်။ ယင်းအချက်ကို ရှင်းလင်းစေသည်မှာ အများပြောဆိုလေ့ရှိကြသော “လူတို့သည် ၎င်းတို့နှင့် ထိုက်တန် သော အစိုးရကိုသာရကြသည်” ဟူသည့်စကားဖြစ်သည်။ နိုင်ငံရေးသိပ္ပံသည် နိုင်ငံတော်နှင့် အစိုးရတို့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်တာများအကြောင်း အချက်အလက်များကို လူမှုဗေဒအားပေးသည်။ နိုင်ငံရေးဆိုင်ရာ အာဏာပိုင်များ၏ ဇာစ်မြစ်ကို သိရှိသည့် လူမှုဗေဒမှနေ၍ နိုင်ငံရေးသိပ္ပံ ဆင်းသက်လာသည်။ နိုင်ငံရေးသိပ္ပံသည် နိုင်ငံတော်နှင့် သက်ဆိုင်သည်။ သို့သော် လူမှုဗေဒသည် လူသားဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်အဖြစ် နိုင်ငံတော်ဟူသည်ကို လေ့လာသည်။ သမိုင်း၏ အစောပိုင်းကာလများ၌ နိုင်ငံတော်ဟူသည့် ပုံစံသည် နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းတစ်ခုထက် လူမှုရေးဆိုင်ရာ အင်စတီကျူးရှင်း တစ်ခုနှင့်သာ ပို၍တူသည်။ ထို့ပြင် နိုင်ငံတော်၏ ဥပဒေများသည် လူ့အဖွဲ့အစည်းအပေါ် ကြီးမားသော သြဇာသက်ရောက်မှုရှိသည်။ ယင်းဥပဒေများသည် အစဉ်အလာများ၊ ဓလေ့ထုံးတမ်းများ၊ သဘောတူညီမှုများနှင့် ခေတ်များအပေါ် အကြီးအကျယ် အခြေခံထားသည်။ ယင်းတို့အားလုံးသည် လူမှုဗေဒများဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးဟူသည် လူမှုရေးနှင့် သီးခြားကင်းကွာနေသော အကြောင်းအရာ မဟုတ်သကဲ့သို့ နိုင်ငံရေးသိပ္ပံသည်လည်း လူမှုဗေဒဟူသည့် ဘာသာရပ်အတွင်းမှ ဘာသာခွဲတစ်ရပ်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ် ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent