မိန့်ခွန်းများကပြောသည့် အပြောင်းအလဲ

မိန့်ခွန်းများကပြောသည့် အပြောင်းအလဲ
Published 19 April 2018

NLD အစိုးရလက်ထက် နှစ်နှစ်တာကာလအတွင်း ကြီးမားသော အပြောင်းအလဲ တစ်ခုအဖြစ် သမ္မတဦးထင်ကျော်နေရာတွင် သမ္မတအသစ် ဦးဝင်းမြင့်နှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။ ယင်းအပြောင်းအလဲသည် NLD အစိုးရအနေဖြင့်သော်လည်းကောင်း၊ နိုင်ငံအတွင်း စစ်မှန်သော ပြုပြင်ပြောင်းလဲရေး ဖြစ်လာရန်အတွက်သော်လည်းကောင်း မှန်ကန်သည့် အပြောင်းအလဲတစ်ခု ဖြစ်လိမ့်မည်ဟု သုံးသပ်မှုများ ရှိခဲ့သည်။ ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း NLD အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး စသောကဏ္ဍများတွင် ပီပီပြင်ပြင် ပြောင်းလဲနိုင်မှုမရှိခြင်းအပေါ် ပြည်သူများအကြားတွင် ဝေဖန်ခံရမှုများ ရှိခဲ့သည်။ ထို့အတွက်ကြောင့်လည်း လိုအပ်သော အပြောင်းအလဲများကို လုပ်ဆောင်နိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို ဦးထင်ကျော်၏နေရာတွင် အစားထိုးကာ အရှိန်မြှင့်ပြင်ဆင်မှုများ ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

သမ္မတသစ်ဖြစ်လာသည့် ဦးဝင်းမြင့်သည် မတ် ၃၀ ရက်က နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ပြီးနောက် ၎င်း၏ ပထမဆုံးမိန့်ခွန်းကို ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနှစ်ဆန်း (၁) ရက်နေ့ကလည်း ၎င်း၏ ပြည်သူသို့ ဒုတိယမြောက်မိန့်ခွန်းအဖြစ် နိုင်ငံတော်အခြေပြ မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပြန်သည်။ သမ္မတအဖြစ် ကတိသစ္စာပြုသည့်နေ့တွင် လူထုကို ၎င်းတာဝန်ယူစဉ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဦးစားပေး ရည်မှန်းချက်ပန်းတိုင် သုံးခုအဖြစ် (၁) တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွား ဘဝတိုးတက်မြင့်မားရေး၊ (၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ (၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဦးတည် ကြိုးပမ်းသွားမည်ဟု ဆိုခဲ့သည်။ ၎င်း၏ ပြောင်းလဲမှုဖြစ်စဉ် အောင်မြင်ချောမွေ့စေရန် ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ကြပ်မတ်မည်၊ ယိမ်းယိုင်နေသည့် တရားစီရင်ရေးကို တည့်မတ်မည်၊ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရမည်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ်မည်၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရမည်၊ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် ဆုံးရှုံးမှုမရှိစေရန် စီမံခန့်ခွဲရမည်၊ ဥပဒေမဲ့ သိမ်းဆည်းခံရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်မည်၊ တောင်သူလယ်သမားများ၏ လူမှုဘဝမြင့်မားတိုးတက်ရေး၊ အလုပ်သမားများ၏ ဘဝသာယာစိုပြည်ရေး၊ ကျောင်းသားလူငယ်များ အဆင့်မြင့် ပညာရပ်များ ဆည်းပူးခွင့်ရရှိရေး စသည်တို့ ဖော်ဆောင်မည်ဆိုသည့် အချက်များ ပါရှိသည်။ သမ္မတအနေဖြင့် ၎င်း၏ ပထမဆုံးမိန့်ခွန်းတွင် လူထုအတွက် လိုအပ်နေသော အပြောင်းအလဲများကို လက်တွေ့လုပ်ဆောင်မည်ဆိုသည့် အချက်များ ချပြနိုင်ခဲ့သည့်အတွက် ကြိုဆိုခဲ့ကြသည်။

ထို့ပြင် နှစ်သစ်မိန့်ခွန်း၌လည်း NLD အစိုးရ၏ ကျန်ရှိသည့်သက်တမ်းကာလအတွက် လူထုကို လုပ်ဆောင်ပေးမည့် ရည်ရွယ်ချက်များနှင့် ဆောင်ရွက်မည့် အကြောင်းအရာများကို အမှန်တကယ် လူထုလိုအပ်ချက်နှင့်အညီ ခြုံငုံပြောကြားနိုင်ခဲ့သည့်အတွက် ယင်းမိန့်ခွန်းကိုလည်း ထောက်ခံအားပေးမှု ရရှိခဲ့သည်။ သမ္မတသစ်၏ ပထမဦးဆုံး အပြောင်းအလဲ ခြေလှမ်းအဖြစ် အစိုးရအမှုထမ်း၊ အရာထမ်းများကို လစာများ တိုးမြှင့်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၌ တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားခဲ့သည်။ အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲရေး၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရေး၊ သိမ်းဆည်းလယ်ယာမြေများ မူလပိုင်ရှင်ပြန်လည်ရရှိရေး၊ မူးယစ်ဆေးဝါး ထိရောက်စွာ နှိမ်နင်းရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောင်းမွန်ရေး၊ ပညာရေး မြှင့်တင်ခြင်းနှင့် အခြေခံလူ့အခွင့်အရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းခြင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် မီဒီယာများ အပါအဝင် မဏ္ဍိုင်အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရေးစသည့် ဘက်ပေါင်းစုံ၊ ကဏ္ဍစုံမှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို လူထုထံ ခိုင်ခိုင်မာမာ ချပြခဲ့သည်။

လူထုအနေဖြင့် ကဏ္ဍအသီးသီးအတွက် စစ်မှန်သော အပြောင်းအလဲနှင့် ရလဒ်ကောင်းကို စောင့်မျှော်နေကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ယင်းသို့သောအခြေအနေတွင် သမ္မတ၏ အားကောင်းသောမိန့်ခွန်းများသည် လူထုအတွက် ကြီးမားသော မျှော်လင့်ချက်များလည်း ဖြစ်နေပါသည်။ သို့ဖြစ်ရာ သမ္မတသစ်လက်ထက်တွင် ပြောင်းလဲသင့်သည့် အစိုးရအဖွဲ့အပြောင်းအလဲနှင့်အတူ လက်ကျန်ကာလအတွင်း ရလဒ်ကောင်းများ ရရှိရန် လူထုက ယုံကြည်စောင့်မျှော်လျက် ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဧပြီလ ၁၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent