နိုင်ငံရေးအကျဉ်းသားဟူသည်

နိုင်ငံရေးအကျဉ်းသားဟူသည်
Published 18 April 2018

အစိုးရအား ဆန့်ကျင်သောကြောင့် သို့မဟုတ် ဝေဖန်သောကြောင့် အကျဉ်းကျခံရသူများကို နိုင်ငံရေးအကျဉ်းသားဟု ခေါ်ဆိုလေ့ရှိကြသည်။ အကျဉ်းသားတစ်ဦးအား ထောင်ဒဏ်ချမှတ်ထားခြင်းနှင့် ပတ်သက်သည့် တရားဝင်မှုအပေါ် စိန်ခေါ်သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့များက ယင်းစကားရပ်ကို အသုံးပြုကြသည်။ ယင်းစကားရပ်ကို ထောက်ခံသူများက နိုင်ငံရေး လုပ်ဆောင်ချက်တစ်ရပ်၌ ပါဝင်ပတ်သက်သောကြောင့် ထောင်ဒဏ်ချမှတ်ခံရသူများကို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ကြသည်။ ထောင်ဒဏ်ချမှတ်ခြင်းအတွက် တရားဝင် အကြောင်းပြချက်မှာ နိုင်ငံရေးမဟုတ်ပါက ယင်းကဲ့သို့ ထောင်ဒဏ်ချမှတ်ခြင်းကို အဆိုပါ ပုဂ္ဂိုလ်၏ နိုင်ငံရေးကြောင့်ဖြစ်သည်ဟု ရည်ညွှွန်းကြသည်။ အချို့က နိုင်ငံရေးအကျဉ်းသားကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူအဖြစ် နားလည်ထားကြသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအား လွှတ်ပေးရန် စဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းမှာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ဖြစ်သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများထဲတွင် နိုင်ငံရေးအကျဉ်းသားများသာမက ၎င်းတို့၏ ဘာသာရေး သို့မဟုတ် အတွေးအခေါ်ဆိုင်ရာ ယုံကြည်ချက်များကြောင့် အကျဉ်းကျခံရသူများလည်း ပါဝင်သည်။ အငြင်းပွားမှုများကို လျှော့ချရန်အတွက် AI သည် မူဝါဒတစ်ရပ် ချမှတ်ထားရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်း သို့မဟုတ် အကြမ်းဖက်မှု၌ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိသူကိုသာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ (POC) အဖြစ် သတ်မှတ်သည်။ ထို့ကြောင့် AI ၏ ပိုမိုကျဉ်းမြောင်းသွားသော သတ်မှတ်ချက်အရ POC စာရင်းမဝင်သည့် နိုင်ငံရေးအကျဉ်းသားများ ရှိနိုင်သည်။ အမှန်တကယ်၌ AI သည် နိုင်ငံရေးအကျဉ်းသားဟူသည့် စကားရပ်ကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုခြင်းဖြစ်သည်။ AI သည် တရားမျှတ၍ လျင်မြန်သော အမှုစစ်ဆေးမှုကို တောင်းဆိုပေးရန်အတွက် ယင်းကဲ့သို့ သတ်မှတ်ထားခြင်းဖြစ်သည်။

AI ၏ အသုံးအနှုန်းတွင် အကျဉ်းကျသူ၏ အပြုအမူအပေါ် ပတ်သက်နေသော စေ့ဆော်ချက်ကြောင့်ဖြစ်စေ၊ အပြုအမူသက်သက်နှင့် ပတ်သက်၍ဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင်များ၏ စေ့ဆော်ချက်နှင့် ပတ်သက်၍ဖြစ်စေ၊ အရေးပါသော နိုင်ငံရေး အကြောင်းအရာတစ်ရပ် ရှိနေသည့် မည်သည့်အကျဉ်းသားမဆို ပါဝင်သည်။ နိုင်ငံရေးဟု ဆိုရာတွင် AI သည် နိုင်ငံရေးနှင့် ပတ်သက်နေသော လူ၏ဆက်နွှယ်ချက်များအပေါ် ရှုမြင်မှုများအား ရည်ညွှန်းသည်။ ယင်းတွင် လူ့အဖွဲ့အစည်း၏ ဖြစ်စဉ်များနှင့် အရပ်ဘက်ဆိုင်ရာ အမိန့်များ၊ သဘောထား စည်းမျဉ်းများ၊ အဖွဲ့အစည်းများ၊ အစိုးရ၏ ဆောင်ရွက်မှုများ၊ အများပြည်သူဆိုင်ရာ ကိစ္စများတို့အပြင် ဘာသာစကား၊ ဆင်းသက်လာသည့် လူမျိုး၊ ကျား/မ၊ ကိုးကွယ်ယုံကြည်သည့်ဘာသာ၊ အနေအထား သို့မဟုတ် သြဇာသက်ရောက်မှု အစရှိသည်တို့ ပါဝင်သည်။

နိုင်ငံရေးအကျဉ်းသား အမျိုးမျိုးအပြင် နိုင်ငံရေး စေ့ဆော်ချက်ကြောင့် အကြမ်းဖက်မှုဖြင့် စွဲဆိုခံရသူများပါ AI ၏ သတ်မှတ်ချက်အရ POC ထဲ၌ ပါဝင်ပြီး AI က ၎င်းတို့အား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် တောင်းဆိုလေ့ရှိသည်။ AI ၏ သတ်မှတ်ချက်အရ နိုင်ငံရေးအကျဉ်းသားဟု ဆိုနိုင်သူ နမူနာအချို့မှာ အတိုက်အခံအဖွဲ့တစ်ဖွဲ့၏ ရည်ရွယ်ချက်များကို ထောက်ခံသောကြောင့် လူသတ်မှု သို့မဟုတ် ဓားပြမှုကဲ့သို့သော အခြားအမှုဖြင့် နိုင်ငံရေး စေ့ဆော်ချက်ကြောင့် တရားစွဲဆို သို့မဟုတ် စီရင်ခံရသူ၊ ဆန္ဒပြခြင်းကဲ့သို့သော နိုင်ငံရေး အကြောင်းအရာအရ သာမန်ပြစ်မှုကျူးလွန်သည်ဟု တရားစွဲဆို သို့မဟုတ် စီရင်ခံရသူ၊ လက်နက်ကိုင် အတိုက်အခံအဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်ဖြစ်ခြင်း သို့မဟုတ် ယင်းကဲ့သို့ မသင်္ကာခံရခြင်းကြောင့် နိုင်ငံတော်သစ္စာဖောက်မှု သို့မဟုတ် ပုန်ကန်မှုဖြင့် တရားစွဲဆို သို့မဟုတ် စီရင်ခံရသူ အစရှိသည်တို့ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် နိုင်ငံရေးအကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခြင်းအား The Daily Eleven သတင်းစာက ကြိုဆိုလိုက်ပါသည်။

ဧပြီလ ၁၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent