မျှော်လင့်ခြင်းများအတွက် နှစ်သစ်အကူးအပြောင်း

မျှော်လင့်ခြင်းများအတွက် နှစ်သစ်အကူးအပြောင်း
Published 12 April 2018

မကြာမီ မြန်မာ့နှစ်သစ်ကူးကာလ အချိန်အခါသမယသို့ ရောက်ရှိတော့မည်ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်မှ ၁၃၈၀ ပြည့်နှစ်သို့ အကူးအပြောင်း အချိန်ကာလ၊ မင်္ဂလာရှိသောနေ့သစ်များကို မျှော်လင့်၍ကြိုဆိုသော အချိန်အခါလည်း ဖြစ်မည်။ မြန်မာတို့၏ ၁၂ လရာသီပွဲတော်များတွင် နှစ်သစ်ကူးပွဲတော်သြင်္ကန်သည် အထူးခြားဆုံးနှင့် အထင်ရှားဆုံး ပွဲတော်လည်းဖြစ်သည်။ ၁၂ လရာသီတွင် ပထမဦးဆုံးလဖြစ်သည့် တန်ခူးလဟူသော ခေါ်ဆိုမှုသည် ပါဠိဘာသာ တာလပုဒ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး တာလပုဒ်ဟူသည် ထန်းဟု အဓိပ္ပာယ်ရသည်။ ထန်းဟူသော ခေါ်ဆိုမှုမှ တန်းဟု ဖြစ်လာသည်။ ယင်းအပြင် တန်ခူးကို တာကူးဟုလည်း ရေးသားလေ့ရှိကြသည်။ ထိုတာကူး၏ အဓိပ္ပာယ် နှင့်ပတ်သက်၍လည်း အာသီဗြဟ္မာမင်း၏ ဦးခေါင်းကို နတ်သမီးခုနစ်ပါးက တစ်နှစ်ကို တစ်ဦးကျ တာဝန်ယူရသည်ကို အစွဲပြုကာ တာ၊ အတာ ဟူသော ဝေါဟာရဖြစ်ပေါ်လာပြီး နှစ်ကုန်၍ နတ်သမီးတစ်ပါးမှ အခြားသော နတ်သမီးတစ်ပါးထံ တာဝန်လွှဲပြောင်းခြင်းအား တာကူး အတာကူးဟု ခေါ်ဆိုခြင်းဖြစ်ကြောင်းလည်း ပညာရှင်အချို့က ယူဆခဲ့မှုများ ရှိခဲ့သည်။

သြင်္ကန်ဟူသည်မှာ ‘သင်္ကန္တ’ ဟူသော ကူးပြောင်းခြင်းဟု အနက်အဓိပ္ပာယ်ရသည့် ပါဠိပုဒ်မှ ဆင်းသက်လာသော ဝေါဟာရတစ်ရပ်ဖြစ်သည်။ ကူးပြောင်းခြင်းဟူသည့်အတိုင်း နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းနှင့်အတူ နှစ်ဟောင်းမှ အညစ်အကြေးများအား ဆေးကြောသည်ဟူသော အလေ့အထအယူအဆများ ပေါ်ပေါက်ခဲ့သည်။ သြင်္ကန်ပွဲတော်ကို နှစ်စဉ် ဧပြီလ (တန်ခူးလ) တွင် ကျင်းပကြသည်။ မြန်မာနိုင်ငံအတွင်းရှိ လူမျိုး၊ ဘာသာမရွေး တိုင်းရင်းသားပြည်သူများက ပါဝင်ဆင်နွှဲလေ့ရှိကြသည့်အပြင် နိုင်ငံပြင်ပတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ အနေဖြင့်လည်း နှစ်သစ်ကူးသြင်္ကန်ပွဲတော်ကို တခုပ်တရ ကျင်းပလေ့ရှိကြသည်။ ပုဂံခေတ်မှအစပြုကာ သပြေခတ်ဖြင့် ရေပက်ကစားခဲ့သော မြန်မာ့ရိုးရာသြင်္ကန်ပွဲတော်ပုံရိပ်များသည် ခေတ်ကာလပေါ်မူတည်၍ ပြောင်းလဲလာခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း ပူပြင်းခြောက်သွေ့သော နွေကာလတွင် ကျင်းပလေ့ရှိသည့် သြင်္ကန်ပွဲတော်တွင် တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းခြင်းဖြင့် အေးချမ်းစွာနှစ်သစ်တစ်ခုအား ကူးပြောင်းလေ့ရှိသည့် ပုံရိပ်များမှာ သြင်္ကန်၏ မှတ်တမ်းပုံရိပ်များပင် ဖြစ်ပါသည်။ ထို့ပြင် သြင်္ကန်အချိန်အခါတွင် ကုသိုလ်ကောင်းမှုပြုခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပယ်ခြင်း၊ ဘုရားကျောင်းကန် ဇရပ်များတွင် သန့်ရှင်းရေးလုပ်ဆောင်ခြင်း၊ သက်ကြီးရွယ်အိုများကို ဦးခေါင်းလျှော်ခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်း၊ တိရစ္ဆာန်များအား ဘေးမဲ့လွှတ်ခြင်း၊ စတုဒိသာ ကျွေးမွေးခြင်းစသည့် ထက်သန်သော သဒ္ဓါ၊ ဖြူစင်သော စေတနာနှင့် မွန်မြတ်သန့်စင်သော  နှစ်သစ်ကူးအခါသမယမှာ မြင်ရသူတိုင်းအတွက် စိတ်နှလုံးကြည်နူးရွှင်ပြုံးမှုကို ခံစားရရှိ စေသည်မှာ အမှန်ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မကြာမီကာလတွင် နှစ်ဟောင်းတစ်ခု၏ နောက်ဆုံးနေ့စွဲအချိန်အခါများကို ကျော်ဖြတ်ရတော့မည်ဖြစ်ပြီး နှစ်သစ်အချိန်အခါသမယကို ကြိုဆိုကြရတော့မည်ဖြစ်သည်။ ယင်းသို့သော နှစ်သစ် အကူးအပြောင်းကာလကို ပြည်သူများအနေဖြင့် ပျော်ရွှင်ချမ်းမြေ့ကြည်နူးဖွယ်အတိဖြင့် ဖြတ်သန်းကာ လာမည့်နှစ်ကာလများကို ကောင်းမွန်သော အပြောင်းအလဲများစွာဖြင့် မင်္ဂလာအပေါင်း ခညောင်းနိုင်ပါစေကြောင်း The Daily Eleven သတင်းစာက ဆန္ဒပြု ရေးသားအပ်ပါသည်။

 

(ဧပြီ ၁၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent