အခွန်ကောက်၍ လူထုကို ဘာပြန်ပေးမည်နည်း

အခွန်ကောက်၍ လူထုကို ဘာပြန်ပေးမည်နည်း
Published 5 April 2018

ပြီးခဲ့သည့် ဧပြီ ၂ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘီးခွန်နှုန်းထားများ ပြောင်းလဲသတ်မှတ် ကောက်ခံခဲ့သည်။ ယင်းနေ့မှစ၍ ကညနရုံးအသီးသီးတွင် မှတ်ပုံတင်ဆောင်ရွက်ကြသော ယာဉ်များမှာ ယခင်ကထက် ကုန်ကျစရိတ်များစွာ မြင့်မားသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခင်ကတန်ချိန်ဖြင့် သတ်မှတ်ကောက်ခံသည့် ဘီးခွန်နှုန်းထားများကို အင်ဂျင်ပါဝါအလိုက် ပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့်ဖြစ်သည်။ ယင်းသို့ ပြောင်းလဲလိုက်မှုအရ ယခင်က တစ်နှစ်ဆောင်ရသည့် ဘီးခွန်နှုန်းထားထက် အဆပေါင်းများစွာ တိုးမြှင့်ပေးဆောင်ကြရမည်ဖြစ်သည်။ ဥပမာအားဖြင့် ယခင်က တစ်နှစ်လျှင် ဘီးခွန်ကျပ် ၄၀၀၀ ကျော်သာ ပေးဆောင်ရသော ၁၃၀၀ စီစီ ကားများမှာ ယခုအခါ တစ်နှစ်လျှင် ဘီးခွန်ကျပ် ၅၄၇၅၀ ပေးဆောင်ကြရပြီဖြစ်သည်။ ၆၀၀ စီစီနှင့်အောက်ယာဉ်များမှာ တစ်ရက်ကျပ် ၁၀၀ နှုန်းဖြင့် တစ်နှစ်အတွက် ကျပ် ၃၆၅၀၀ ကျသင့်မည်ဖြစ်သည်။ ၄၃၀၀ စီစီနှင့်အထက်ယာဉ်များ၏ နှုန်းထားများမှာလည်း များစွာမြင့်မားသွားပြီး တစ်နှစ်လျှင် ကျပ် ၁၀၉၅၀၀ ပေးဆောင်ရမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ယင်းကဲ့သို့ ဘီးခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံလိုက်ခြင်းကြောင့် ယာဉ်မှတ်ပုံတင် လုပ်ဆောင်ကြသူများအကြား ဝေဖန်မှုများလည်း ပြင်းပြင်းထန်ထန် ထွက်ပေါ်ခဲ့သည်။ ယခင်နှစ်ကထက် အနိမ့်ဆုံး ၁၃ ဆခန့်တိုးမြှင့်သွားသည့် ဘီးခွန်နှုန်းထားနှင့်ပတ်သက်ပြီး အများပြည်သူသိရှိနိုင်ရန် ကြိုတင်အသိပေးကြေညာမှု အားနည်းခြင်း၊ ယင်းကဲ့သို့ အခွန်နှုန်းအဆများစွာ တိုးမြှင့်လိုက်သော်လည်း ပြန်လည်ရရှိမည့် ဝန်ဆောင်မှုပိုင်းအတွက် ချပြနိုင်မှုမရှိခြင်းတို့အပေါ် စိတ်ပျက်မှုများလည်း ရှိနေကြသည်။ အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထုထံမှ ကောက်ခံရရှိသော အခွန်ဘဏ္ဍာများဖြင့် ရပ်တည်လုပ်ဆောင်ရသည်မှာ မှန်သော်လည်း ဖြစ်ပေါ်နေသော နိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် အခွန်စနစ်နှင့် အခြားတစ်ဖက်တွင် ပြည်သူလူထုအပေါ် ပြန်လည်လုပ်ဆောင်ပေးသော အစိုးရ၏ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများ တိုးတက်မှုသည်လည်း အရေးပါသည်။ လူထု၏ နေ့စဉ်ဘဝများတွင် အစိုးရမှ လုပ်ဆောင်ရန်လိုအပ်သော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများစွာရှိသည်။ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းအသီးသီးအတွက် လူထုက ရွေးချယ်တင်မြှောက်လိုက်သော ဒီမိုကရေစီအစိုးရတစ်ရပ်သည် တာဝန်ယူတာဝန်ခံရသည်။ ပုဂ္ဂလိကများက အမြတ်အစွန်းမရှိ၍ဖြစ်စေ အခြေအနေအရပ်ရပ်ကြောင့် လုပ်ဆောင်ပေးနိုင်ခြင်းမရှိသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အစိုးရက ဆောင်ရွက်ပေးရသည်။ ပြည်ထောင်စုက ခွဲဝေလိုက်သော အခွန်ငွေများထဲမှ ဒေသဆိုင်ရာ အစိုးရများအနေဖြင့် စနစ်တကျစိုက်ထုတ်ကာ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ တိုးတက်အောင် အကောင်အထည်ဖော် လုပ်ဆောင်ကြရမည်။

အစိုးရက တာဝန်ယူပေးရသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများစွာအနက် လူထုအတွက် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများသည် အထူးအရေးပါသည်။ အစိုးရတိုင်းသည် လူထုထံမှကောက်ခံသော အခွန်ငွေဖြင့် ယင်းကဏ္ဍများ တိုးတက်မြင့်မားရန် အဓိကလုပ်ဆောင်ကြသည်ချည်းဖြစ်သည်။ ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သော စင်ကာပူတွင် ဝင်ငွေခွန် ၁၇ ရာခိုင်နှုန်းကောက်ခံပြီး လူထုကို ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့အတွက် ပြန်လည်ဝန်ဆောင်မှုပေးရာတွင် ကျေနပ်စရာကောင်းအောင် လုပ်ဆောင်ပေးထားသည်။ မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံထက် ပိုမိုမြင့်မားသည့် အကောက်ခွန်နှုန်းထားများ ဖြစ်နေမည်ဆိုလျှင် ယင်းနိုင်ငံများကဲ့သို့ ပြည်သူ့ဝန်ဆောင်မှုကောင်း ပြန်လည်ဆောင်ရွက်ပေးသင့်သည် ဆိုသည့်အချက်မှာ အခွန်ထမ်းပြည်သူများအတွက် မှန်ကန်သည့် တောင်းဆိုချက်ပင်ဖြစ်သည်။ အခွန်နှုန်းထား အဆပေါင်းများစွာ တိုးကောက်လိုက်သော်လည်း ဝန်ဆောင်မှုမှာမူ ယခင်ထက် မည်သို့မျှပြောင်းလဲတိုးတက်လာမှုမရှိလျှင် လူထုအနေဖြင့် မိမိတို့ထမ်းဆောင်ရသောအခွန်မှာ အဟောသိကံဖြစ်သည်ဟု ယူဆကြပေလိမ့်မည်။ မိမိတို့အပေါ် မျှတမှုမရှိဟု သတ်မှတ်ကြပေလိမ့်မည်။

သို့ဖြစ်ရာ အစိုးရအာဏာပိုင်များအနေဖြင့် အခွန်စည်းကြပ်မှုပြုလုပ်ရာတွင် လူထုအတွက် မိမိတို့မည်မျှ တာဝန်ကျေစွာ ပြန်လည်ဝန်ဆောင်မှုပေးမည်ဆိုသည့် အချက်ကို သိသာထင်ရှားအောင်ချပြ၍ မိမိတို့၏ အုပ်ချုပ်မှုပုံစံကောင်းတစ်ရပ်ကို ပြသနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

ဧပြီ (၅) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent