နိုင်ငံရေးသမားနှင့် သမာဓိတည်ကြည်ခြင်း

နိုင်ငံရေးသမားနှင့် သမာဓိတည်ကြည်ခြင်း
Published 1 April 2018

ရိုးသားမှုရှိခြင်း၊ ခိုင်မာသော ကိုယ့်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများ သို့မဟုတ် ကိုယ့်ကျင့်တရားဆိုင်ရာ ဖြောင့်မတ်မှုရှိခြင်း အရည်အချင်းကို သမာဓိတည်ကြည်ခြင်း ဟုခေါ်သည်။ ယင်းသည် ကိုယ်ကျင့်တရားဆိုင်ရာနှင့် ကျင့်ဝတ်ဆိုင်ရာ စံသတ်မှတ်ချက်များကို ခိုင်မြဲအောင်ထိန်းသိမ်းသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးချယ်မှုတစ်ရပ်လည်းဖြစ်သည်။

သမာဓိတည်ကြည်ခြင်းသည် နိုင်ငံရေးသမားများအတွက် အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် လူ့အဖွဲ့အစည်းကို ထမ်းဆောင်ရန် ရွေးချယ် သို့မဟုတ် ခန့်အပ် သို့မဟုတ် ရွေးကောက်တင်မြှောက်ခံရသောကြောင့်ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွက် ထမ်းဆောင်နိုင်စွမ်းရှိရန် ၎င်းတို့အား မူဝါဒများကိုချမှတ်နိုင်၊ ကျင့်သုံးနိုင်၊ ထိန်းချုပ်နိုင်သော အာဏာကို ပေးထားရသည်။ ၎င်းတို့၌ တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ရာအပေါ် သြဇာလွှမ်းမိုးနိုင်သော အာဏာရှိသည်။ သို့သော် နိုင်ငံရေးသမားအနေဖြင့် ယင်းအာဏာကို လူ့အဖွဲ့အစည်းအတွက် ထမ်းဆောင်ရာ၌ အသုံးမပြုမည့် အန္တရာယ်တစ်ရပ်ရှိနေသည်။ အုပ်ချုပ်သူများသည် အာဏာရှိသောကြောင့် ယင်းအာဏာကို ပုဂ္ဂိုလ်ရေးအကျိုးအမြတ်အတွက် အသုံးပြုအောင် ဖြားယောင်းခံရလိမ့်မည်ဟု အရစ္စတိုတယ်က ဆိုသည်။ ယင်းဖြားယောင်းမှုကို ကြံ့ကြံ့ခံနိုင်ရန် နိုင်ငံရေးသမားများအတွက် အရေးကြီးသည်။ ထို့ကြောင့် နိုင်ငံရေးသမားများအနေဖြင့် သမာဓိတည်ကြည်ခြင်း လိုအပ်သည်။

The Servant of the People စာအုပ်တွင် Muel Kaptein က သမာဓိတည်ကြည်ခြင်းသည် ၎င်းတို့၏အနေအထားနှင့် ဆက်နွှယ်နေသောကြောင့် နိုင်ငံရေးသမားများသည် ၎င်းတို့အနေအထား၌ ပါဝင်သည်များကိုသိရှိခြင်းဖြင့် သမာဓိကို စတင်ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သမာဓိတည်ကြည်ခြင်းသည် ရေးသားထားသည်ဖြစ်စေ၊ ရေးသားထားခြင်းမရှိသည်ဖြစ်စေ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ စာအရသာမက စိတ်ထားအရပါ ကိုက်ညီရန်နှင့် အသိဉာဏ်ဗဟုသုတရှိရန်လည်း တောင်းဆိုသည်။ သမာဓိတည်ကြည်ခြင်းသည် ကိုယ်ကျင့်တရားဟု အထွေထွေသဘောအရ လက်ခံထားသည်များနှင့် တွေးခေါ်ထားသည့် အခြားအရာများသာမက အခြေခံအရကျင့်ဝတ်ဟု သတ်မှတ်ထားသောအရာများနှင့်လည်း ကိုက်ညီအောင် ဆောင်ရွက်သည်။ နိုင်ငံရေးသမားများ လုပ်သင့်လုပ်ထိုက်သည့်အရာများသည် ဆင်ခြင်တုံတရားနှင့်လျော်ညီသော အကျိုးသင့်အကြောင်းသင့် အချက်များပေါ်၌ အခြေခံသင့်သည်။

၎င်းအပြင် သမာဓိတည်ကြည်ခြင်းသည် နိုင်ငံရေးသမားတစ်ဦးအနေဖြင့် နည်းလမ်းတစ်ရပ်အတိုင်း ပြုမူဆောင်ရွက်ပုံအကြောင်းသာမကဘဲ နိုင်ငံရေးသမားသည် မည်ကဲ့သို့သောလူမျိုးဖြစ်သည်ဟူသည့် အကြောင်းလည်းဖြစ်သည်။ လူတစ်ဦး၏ သမာဓိတည်ကြည်ခြင်းနှင့် ပတ်သက်သော မေးခွန်းများသည် သူ၏ရည်ရွယ်ချက်များအပေါ်သာမက ယင်းရည်ရွယ်ချက်များ၏ ရင်းမြစ်များနှင့် ထိုသူ၏ စရိုက်လက္ခဏာအပေါ်သို့ပါ သံသယများကို ဖြစ်စေသည်။ ထို့ကြောင့် သမာဓိတည်ကြည်ခြင်းဟူသည် အပြုအမူပုံစံတစ်ရပ်အတွင်း မြင်သာလာသည့် မှန်ကန်သည့် ကျင့်ဝတ်ဆိုင်ရာ အလေ့အထကောင်းများရှိခြင်း အကြောင်းဖြစ်သည်။ နိုင်ငံရေးသမားများအတွက် အရေးကြီးသော အလေ့အထကောင်းများမှာ သစ္စာရှိခြင်း၊ နှိမ့်ချခြင်းနှင့် တာဝန်ယူမှုရှိခြင်းဖြစ်သည်။ ၎င်းအပြင် နိုင်ငံရေးသမားသည် စစ်မှန်မှုရှိရမည်ဖြစ်ပြီး စံပြုပုဂ္ဂိုလ်တစ်ဦးဖြစ်သင့်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးသမားတစ်ဦးသည် လူ့အဖွဲ့အစည်းအတွက် ထမ်းဆောင်ပေးရန် အာဏာပေးအပ်ခံထားရသူ တစ်ဦးဖြစ်သောကြောင့် သမာဓိတည်ကြည်ခြင်းရှိရန် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဧပြီ (၁) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent