အလုပ်ရှင်နှင့်ဝန်ထမ်းတို့၏ တာဝန်နှင့်ဝတ္တရား

အလုပ်ရှင်နှင့်ဝန်ထမ်းတို့၏ တာဝန်နှင့်ဝတ္တရား
Published 30 March 2018

ပရော်ဖက်ရှင်နယ်လောကတွင် တာဝန်နှင့်ဝတ္တရားဟူသည့် ဝေါဟာရနှစ်ရပ်ကို အလဲအလှယ်ဖြင့် အသုံးပြုလေ့ရှိသည်။ သို့သော် ယင်းသဘောတရားနှစ်ရပ်အကြား၌ သိသာထင်ရှားသော ကွဲပြားခြားနားမှုများရှိသည်။ ဥပမာအားဖြင့် ဂျာမန်ဒဿနိကဗေဒပညာရှင် အီမန်နျူယယ်ကန့်က တာဝန်ဟူသည့်လုပ်ရပ်သည် ကိုယ်ကျင့်တရားဆိုင်ရာဥပဒေသမှ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခြားတစ်ဖက်၌လည်း ဝတ္တရားဟူသည် အမိန့်အာဏာကို ထိန်းသိမ်းရန်ရည်ရွယ်သည့် ချမှတ်ထားသော စည်းမျည်းစည်းကမ်းများမှနေ၍ ပေါ်ထွက်လာသည်ဟု ဆိုသည်။ ယင်းကွဲပြားခြားနားမှုများကို လုပ်ငန်းခွင်၌လည်း ကျင့်သုံးနိုင်သည်။

အလုပ်ရှင်၏ တာဝန်များ- တာဝန်နှင့်ပတ်သက်သော ဒဿနိကဗေဒဆိုင်ရာ သတ်မှတ်ချက်အရ အလုပ်ရှင်တစ်ဦး၏ ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှု၌ ၎င်း၏ဝန်ထမ်းများကို လေးစားရန် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ရှိပြီး အပြုသဘောဆောင်သော လုပ်ငန်းဝန်းကျင်ကို ထောက်ပံ့ရမည်။ ဝန်ထမ်းများသည် လက်တုံ့ပြန်ခြင်း သို့မဟုတ် မန်နေဂျာများက အေးစက်စွာဆက်ဆံခြင်းရှိမည်ကို ကြောက်ရွံ့ရခြင်းမရှိသည့် ဝန်းကျင်အား မျှော်လင့်ကြမည်ဖြစ်သည်။ ကျင့်ဝတ်နှင့်လျော်ညီသော အလုပ်ရှင်တစ်ဦးသည် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်သည့်အခါ သူ၏ဝန်ထမ်းများ၏ ကောင်းကျိုးချမ်းသာနှင့် တိုးတက်မှုကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ အလုပ်ရှင်သည် ခိုင်လုံသည့်အကြောင်းပြချက် သို့မဟုတ် သတိပေးမှုမရှိဘဲ ဝန်ထမ်းတစ်ဦးကို အစားထိုးရန် ကြိုးစားခြင်းမပြုရပေ။

အလုပ်ရှင်၏ ဝတ္တရား - အလုပ်ရှင်တစ်ဦး၏ ဝတ္တရားများသည် ဥပဒေရေးရာ တာဝန်ခံမှုများနှင့် ဆက်နွှယ်နေတတ်သည်။ ဥပမာအားဖြင့် အလုပ်ရှင်တစ်ဦးသည် ဒေသဆိုင်ရာနှင့် ပြည်ထောင်စုဆိုင်ရာ ဥပဒေများအပြင် လုပ်ငန်းစံသတ်မှတ်ချက်များနှင့် လျော်ညီသော လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုများကို အကောင်အထည်ဖော်ရမည်။ အရေးပေါ်ထွက်ပေါက်များကို လွယ်ကူစွာအသုံးပြုနိုင်ရမည်။ လိုအပ်ပါက ဝန်ထမ်းများကို ဓာတုပစ္စည်းများ သို့မဟုတ် အခြားအန္တရာယ်ရှိသောအရာများ ကိုင်တွယ်မှုအတွက် ကာကွယ်ရေးဝတ်စုံများကဲ့သို့သော ဘေးကင်းလုံခြုံမှုဆိုင်ရာ ကိရိယာတန်ဆာပလာများ ထောက်ပံ့ရမည်။ ဝန်ထမ်းများသည်လည်း အသက်၊ ကျား/မ၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ လူမှုရေးနောက်ခံ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့မှုတို့ကိုလိုက်၍ လုပ်ငန်းခွင်၌ ခွဲခြားဆက်ဆံရေးကို တားမြစ်သည့်ဥပဒေများကို လိုက်နာရမည်။

ဝန်ထမ်းများ၏ တာဝန် - ဝန်ထမ်းတစ်ဦးသည် သူ၏အလုပ်ရှင်အပေါ် သစ္စာရှိရန်။ တာဝန်ရှိပြီး သူ့အား အခကြေးငွေပေးထားသည့်အလုပ်ကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် လုပ်ရမည်။ သူ့အတွက် ချမှတ်ထားသည့် လျာထားချက်များ ပြည့်မီအောင် သူ၏အသိပညာနှင့် ကျွမ်းကျင်မှုများကို အသုံးပြုရမည်။ ဝန်ထမ်းတစ်ဦးသည် အလုပ်မှနုတ်ထွက်လိုပါက လုပ်ငန်းအနှောင့်အယှက်မဖြစ်အောင် အလုပ်ရှင်ကို လုံလောက်သော ကြိုတင်သတိပေးမှုပြုလုပ်ရန် တာဝန်ရှိသည်။ ဝန်ထမ်းတစ်ဦး၏ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်များ၌ လုပ်ဖော်ကိုင်ဖက်များ၊ ဖောက်သည်များနှင့် ဆက်ဆံရေးကိစ္စလည်းပါဝင်သည်။ ဝန်ထမ်းတစ်ဦးသည် လုပ်ဖော်ကိုင်ဖက်များနှင့် ဖောက်သည်များကို လေးစားမှုငဲ့ညှာမှုတို့ဖြင့် ဆက်ဆံရမည်။ ဝန်ထမ်းတစ်ဦးသည် မိမိတို့၏ လုပ်ငန်းဆက်ဆံရေးဆိုင်ရာ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်များကိုလည်း လိုက်နာရန် တာဝန်ရှိသည်။

ဝန်ထမ်းများ၏ဝတ္တရား - ဝန်ထမ်းတစ်ဦးသည် လုပ်ငန်းနှင့်ပတ်သက်၍ စာချုပ်ချုပ်ဆိုထားသော ဝတ္တရားများကို ပြည့်ဝအောင် လိုက်နာဆောင်ရွက်ရန် ဥပဒေအရ တာဝန်ရှိသည်။ ဥပမာအားဖြင့် မိမိလက်မှတ်ရေးထိုးထားသော စာချုပ်သက်တမ်း ပြည့်မီအောင်ဆောင်ရွက်ရန် တာဝန်ရှိသည်။ ကုမ္ပဏီ၏လျှို့ဝှက်ချက်များ သို့မဟုတ် မူပိုင်ခွင့်ရှိသော ဉာဏ်ပညာဆိုင်ရာများကို ကုမ္ပဏီပြင်ပသို့ဖြန့်ဝေခြင်းအား ကာကွယ်မှုကို လက်မှတ်ရေးထိုးထားပါက ယင်းဝတ္တရားကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်။ ဝန်ထမ်းတစ်ဦးအနေဖြင့် ဥပဒေများကို မချိုးဖောက်ဘဲ မိမိ၏အလုပ်ကို ကောင်းစွာဆောင်ရွက်ရန်လည်း ဝတ္တရားရှိသည်။ ဝန်ထမ်းတစ်ဦးသည် ဥပဒေဆိုင်ရာဝတ္တရားများကို ချိုးဖောက်ပါက အလုပ်ရှင်အနေဖြင့် ဥပဒေကြောင်းအရ လုပ်ငန်းစဉ်များ ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ဘီလူးစည်း လူ့စည်းဆိုသကဲ့သို့ အလုပ်ရှင်များ၌လည်းကောင်း၊ ဝန်ထမ်းများ၌လည်းကောင်း သက်ဆိုင်ရာတာဝန်နှင့် ဝတ္တရားများရှိသည်ကို သတိပြုရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ် (၃၀) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent