မတည်ငြိမ်မှုများကြားမှ ပညာရေး

မတည်ငြိမ်မှုများကြားမှ ပညာရေး
Published 16 August 2017

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးစနစ်တည်ငြိမ်မှု၊ စီးပွားရေးစနစ် ခိုင်မာမှန်ကန်မှု၊ လူမှုရေးဆိုင်ရာ အခွင့်အရေးများ လုံခြုံကောင်းမွန်မှုတို့ အရေးပါလျက်ရှိပြီး ယင်းကဲ့သို့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတည်မငြိမ်မှုများက ဆိုးရွားသည့်ရိုက်ခတ်မှုများသို့ ဦးတည်နိုင်သည်ကို သတိပြုရလေ့ရှိပါသည်။

“ရွာကလူတွေ ဘာပြောလဲဆိုတော့ စစ်ပွဲတွေ မဖြစ်တော့တာ လိုချင်တယ်ပေါ့။ အခုက ရွာမှာဆို ကလေးတွေနဲ့ သက်ကြီးတွေကို စိတ်ချလက်ချ ထားခဲ့လို့ရတယ်။ ဒီအချိန်က ဖာလာစိုက်ချိန်ဆိုတော့ တောင်ယာထဲပဲ သွားနေကြတယ်။ ရွာမှာကျန်ခဲ့တဲ့ ကလေးတွေက ကျောင်းတက်၊ သက်ကြီးတွေက ကလေးထိန်းပေါ့” ဟူသော လူမှုကူညီရေးသမားတစ်ဦးဖြစ်သည့် စောအယ်ဝါး၏ ပြောကြားချက်မှာ ခေတ်စနစ်နှင့် ဒေသခံပြည်သူများ၏ လိုလားချက်ကို ထပ်ဟပ်နေသည်ကို မြင်တွေ့နိုင်ပါသည်။ ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဆဲဖြစ် သော နိုင်ငံတွင် မငြိမ်းချမ်းသော အခြေအနေများကြောင့် ပေါ်ပေါက်လာသည့် ဘေးထွက်ဆိုးကျိုးများကို အပြစ်မဲ့ပြည်သူများ မြေစာပင်အဖြစ် ခံစားနေရခြင်းနှင့်ပညာရေး လိုအပ်ချက်များအကြား ရုန်းကန်နေရရှာသည့် ကလေးသူငယ်များအရေးမှာ ရင်လေးဖွယ်ရာ ဖြစ်နေသည်ကို သတိပြုကြရမည်ဖြစ်ပါသည်။ မည်သို့သော အကြောင်းတရားများကြောင့် ဆိုစေကာမူ ပညာရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုများက တစ်ဦးချင်း၊ ဒေသတစ်ခုချင်းမှသည် နိုင်ငံတစ်နိုင်ငံလုံး၏ ရေရှည်အကျိုးစီးပွားအပေါ် သက်ရောက်နိုင်ပါသည်။

မြန်မာနိုင်ငံရှိ အသက် ၂၅ နှစ်အထက် လူဦးရေစုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်မှာ မူလတန်း ပညာရေးအဆင့်သာဖြစ်ပြီး အသက် ၂၅ နှစ်နှင့်အထက် လူဦးရေ၏ ၇ ဒသမ ၃ ရာ ခိုင်နှုန်းခန့်သာ တက္ကသိုလ်မှ ဘွဲ့ရရှိသူများဖြစ်ကြောင်း ပညာရေးဆိုင်ရာ သုတေသနစာတမ်း တစ်ခုတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အကြောင်းကြောင်းကြောင့် ပညာရေး ဆုံးခန်းမတိုင်ဘဲ စာသင်ခန်းများကို ကျောခိုင်းရသည့်အကြောင်းရင်းများတွင် မငြိမ်းချမ်းသော တိုင်းရင်းသားဒေသများမှ ကလေးငယ်များနှင့် ဆင်းရဲမွဲတေမှုပြဿနာအကြား ဓားစာခံဖြစ်ရရှာသည့် ကလေးငယ်များ၏ ဖြစ်ရပ်များက အများဆုံးဟု ဆိုနိုင်ပါသည်။

သတင်းတစ်ခုတွင် ရခိုင်ပြည်နယ် ပညာရေးဌာန၌ ၁၄ နှစ်ကြာ ကျောင်းမတက်ဘဲ လစာထုတ်ယူနေသော ဆရာ၊ ဆရာမများရှိနေကြောင်း ထုတ်ဖော်ပြောကြားမှုကို အံ့သြစရာ တွေ့မြင်ရသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြုလုပ် သော တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲတွင် ပြည်နယ်ပညာရေး တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ကျောင်းဆရာ၊ ဆရာမများမှာ လစာနှင့်မလုံ လောက်သဖြင့် စားဝတ်နေရေးခက်ခဲမှုကို ကြုံတွေ့ခဲ့ပြီး အချို့ရွာများ၌ ဆရာ၊ ဆရာမ များအား ရွာသားများမှ အာရုံစိုက်မှုအားနည်းခဲ့ကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများကလည်း ကျောင်းအပေါ် အာရုံစိုက်မှုနည်းပါးခဲ့ကြောင်း ထိုလုပ်ရပ်များက ကျောင်းသား၊ ကျောင်းသူများအား ထိခိုက်စေခြင်းကြောင့် ပညာရေးပိုင်းတွင် နိမ့်ကျလာခဲ့ကြောင်းစသဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ မြန်မာ့ပညာရေးလောကအတွင်းမှ ဖြစ်စဉ်သာဓကတစ်ခုသာလျှင်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် နိုင်ငံတကာနှင့် အဆင့်မီ ရင်ပေါင်တန်းနိုင်ရန် ပညာရေးနယ်ပယ်၏ အခန်း ကဏ္ဍမှာလည်း အရေးပါလျက်ရှိပါသည်။ သို့သော် မငြိမ်းချမ်းသောအခြေအနေများ၊ ပဋိပက္ခ၊ အကြမ်းဖက်ဖြစ်စဉ်များ အပါအဝင် အမျိုးမျိုးသော ပြဿနာများအကြား ပညာရေးနှင့် အလှမ်းဝေးနေရသော ကလေးငယ်များ အရေးကို အလေးထားသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ် ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent