အနုပညာနှင့် နိုင်ငံရေး

အနုပညာနှင့် နိုင်ငံရေး
Published 25 March 2018

သမိုင်းဆိုင်ရာ ခေတ်များနှင့် ယဉ်ကျေးမှုများတစ်လျှောက် အနုပညာအမျိုးမျိုးနှင့် နိုင်ငံရေးတို့အကြား (အထူးသဖြင့် အနုပညာနှင့် ပါဝါအကြား) အားကောင်းသော ဆက်နွှယ်ချက်တစ်ရပ် ရှိနေသည်။ ၎င်းတို့သည် တူညီသော အချိန်အပိုင်းအခြား၊ အဖြစ်အပျက်များနှင့် နိုင်ငံရေးတို့အတွင်း ဖြစ်ပေါ်နေမှု သို့မဟုတ် တည်ရှိနေမှုတို့ကို တုံ့ပြန်သောကြောင့်  အနုပညာတို့သည် လူမှုရေးဆိုင်ရာဒိုင်မေးရှင်းများအပြင် နိုင်ငံရေးအပေါ် ဆွဲယူထားသဖြင့် ၎င်းတို့ကိုယ်တိုင်သည် အငြင်းပွားဖွယ်ရာတို့၏ အချက်အချာဖြစ်လာပြီး နိုင်ငံရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာအပြောင်းအလဲတို့၏ အားတစ်ရပ်ပင်လျှင် ဖြစ်လာကြသည်။

ရုရှားစာရေးဆရာ နာဘိုကော့ဗ်က ၁၈၀၀ ပြည့်လွန်နှစ်များတစ်လျှောက် ရုရှားဇာ ဘုရင်နီကိုလက်-၁ နှင့် ၂ တို့၏ အစိုးရသည် တီထွင်ဖန်တီးမှုရှိသော အတွေးလမ်းကြောင်းအတွင်း ထူးချွန်သော၊ ပင်ကိုယ်ဖြစ်သော တစ်စုံတစ်ရာသည် ထော်လော်ကန့်လန့်ဖြစ်နေသော မှတ်စုတစ်ရပ်နှင့် တော်လှန်ရေးဆီသို့သွားသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ကို သတိပြုမိနေခဲ့ကြောင်း ပြောကြားခဲ့ဖူးသည်။

ကျယ်ပြန့်သော လေ့လာချက်တစ်ရပ်အရ ကြီးမားသော အစွမ်းအစရှိသူတစ်ဦး၌ လွတ်လပ်သော စိတ်ဓာတ်တစ်ရပ်ရှိကြောင်း သိရသည်။ ဥပမာအားဖြင့် ရုရှား၏ ပထမဆုံး ကြီးမြတ်သည့်စာရေးဆရာဟု ပညာရှင်အချို့က ယူဆသော ပွတ်ရှ်ကင်သည် ရုရှားအရာရှိ လောက၏ ရူးသွပ်သော ဒေါသနှင့် အထူးသဖြင့် ဇာဘုရင်၏ ဒေါသတို့ကို ဆွဲဆောင်နိုင်ခဲ့ သည်ဟုဆိုသည်။ ပွတ်ရှ်ကင်သည် အုပ်ချုပ်ရေးအဖွဲ့သို့ဝင်ကာ ရာထူးကောင်းကောင်း ရယူနိုင်သော်လည်းသူ၏ အရေးအသားများနှင့်ပတ်သက်၍ အထူးတလည် ချီးကျူးထောပနာ ပြုခံရသော်လည်း အလွန်အမင်း အထက်စီးဆန်သော၊ အလွန်အမင်းလွတ်လပ်သော၊ အလွန်အမင်း ထိခိုက်နစ်နာစေသော ကဗျာများကိုသာရေးခဲ့ပြီး ယင်းကဗျာများတွင် အန္တရာယ်ကြီးမားသည့် အတွေးအခေါ်လွတ်လပ်မှု တစ်ရပ်ကသူ၏ ကဗျာဖွဲ့ဟန်နှင့် ပတ်သက်သော ဆန်းသစ်မှု၌၊ သူ၏ အာရုံခံစားမှုပိုင်းဆိုင်ရာ စိတ်ကူးစိတ်သန်းနှင့် ပတ်သက်သော ရဲတင်းမှု၌၊ အဓိကနှင့်သာမည အာဏာရှင်များအပေါ် လှောင်ပြောင်သည့် သူ၏ ဇ၌ သက်သေခံလျက်ရှိသည်။

ကမ္ဘာကျော် အနုပညာဝေဖန်ရေးသမား ဘောရစ်ဂရွိုင်း၏ အဆိုအရ ကမ္ဘာပေါ်တွင် အနုပညာဟူသည် သူ၏ ကိုယ်ပိုင်ပါဝါရှိပြီး စစ်အေးခေတ်နိုင်ငံရေးမျက်နှာစာတွင် တစ်ချိန်က ရှိခဲ့ဖူးသကဲ့သို့ ယနေ့ခေတ်ကမ္ဘာ့နိုင်ငံရေး၌ ပါဝါအရ ပို၍ပင်အားကောင်းလာကြောင်း သိရသည်။ အချို့သော အနုပညာရှင်များနှင့် လူမှုဝေဖန်ရေးဆရာများက နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲအတွက် အနုပညာသည် လက်နက်ကိရိယာတစ်ရပ်အဖြစ် အသုံးမဝင်ဟု ယုံကြည်ကြသော်လည်း အရှေ့အလယ်ပိုင်း၌ဖြစ်ပွားသော ခေတ်သစ်ပဋိပက္ခများကိုကြည့်လျှင် အနုပညာသည် ယင်းကဲ့သို့သော နိုင်ငံရေးဆိုင်ရာအရ ခေါင်းမာမှုနှင့် ဆက်စပ်နေသည်ကို တွေ့ရှိရသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပွားရာ၌ အနုပညာရှင်များသည် ၎င်းတို့၏ အနုပညာကို အသုံးပြုခဲ့သည့် သာဓကများစွာရှိသည်။

အနုပညာသည် နိုင်ငံရေးနှင့် အားကောင်းသော ဆက်နွှယ်ချက်တစ်ရပ်ရှိနေပြီး     နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများအပေါ် အနုပညာက သက်ရောက်မှုရှိနေသောကြောင့် အနုပညာသမားများအနေဖြင့် မိမိတို့အနုပညာများ၌ မိမိတို့ဖြတ်သန်းနေရသည့်ခေတ်ကို သစ္စာရှိရှိ ထင်ဟပ်ပြသနိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မတ် ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ြ)

Most Read

Most Recent